Saturday, February 28, 2009

လည်ပင်းဖက်၍ ငိုကြသော ရဟန်းအို ငါးပါး

မြတ်စွာဘုရားသည် ဇေတ၀န်ကျောင်းတော်၌ စံနေတော်မူစဉ် သာဝတ္ထိပြည်မှ လူချမ်းသာ ငါးယောက်သည် အသက်အရွယ်ကြီးမှ သံဝေဂရ၍ ရဟန်းပြုကြ၏၊

ပိဋကတ်စာပေတို့ကို သင်ယူခြင်းငှါ မစွမ်းနိုင်ကြသဖြင့် ကျောင်းတိုက်၏ အစွန်အဖျားတနေရာ၌ ကျောင်းငယ်လေး တဆောင် ဆောက်၍ နေကြသည်၊

ဆွမ်းကို ရဟန်းအိုတပါး၏ မဓုရပါစိကာ မည်သော မယားဟောင်းအိမ်၌ စုပေါင်းစားလေ့ရှိကြ၏၊ ထိုမဓုရပါစိကာသည် အလွန်အချက်အပြုတ်ကောင်းပြီး ဖွယ်ဖွယ်ရာရာ ပြင်ဆင်၍ ကပ်လှူတတ်သဖြင့်
ရဟန်းအို ငါးပါး အလွန်နှစ်သက်ကျေနပ်ကြ၏။

တနေ့တွင် မဓုရပါစိကာ ရုတ်တရက် သေဆုံးသွားရာ ရဟန်းအိုကြီးငါးပါးသည် ကျောင်းတွင် အချင်းချင်း လည်ပင်းဖက်လျက် ငိုကြွေးကြလေသည်၊ ရဟန်းများက လာရောက်မေးမြန်းကြသောအခါ အလွန်ကျေးဇူးများလှသော အစားထိုးမရနိုင်သည့် ဒါယိကာမ သေဆုံး၍ ငိုကြောင်းပြောသည်။

ရဟန်းတို့က တရားသဘင်၌ ထိုအကြောင်းကို မြတ်စွာဘုရားအား လျှောက်ထားကြ၏၊ ရှင်တော်ဘုရားက တဏှာတည်းဟူသော တောကို ခုတ်ဖြတ်မှ အေးငြိမ်းမည်ဖြစ်ကြောင်း ဟောတော်မူရာ တရားအဆုံး၌ ရဟန်းကြီးငါးပါး သောတာပတ္တိဖိုလ်၌ တည်ကြလေသည်။

( ပါဠိ )
ဝနံ ဆိန္ဒထ မာ ရုက္ခံ ၊ ၀နတော ဇာယတေ ဘယံ ။
ဆေတွာ ၀နဉ္စ ၀နထဉ္စ ၊ နိဗ္ဗနာ ဟောထ ဘိက္ခဝေါ ။

ယာဝ ဟိ ၀နထော န ဆိဇ္ဇတိ ၊ အဏုမတ္တောပိ နရဿ နာရိသု ။
ပဋိဗဒ္ဓမနောဝ တာဝ သော ၊ ၀စ္ဆော ခီရပကောဝ မာတရိ ။

( မြန်မာပြန် )
ရဟန်းတို့၊ တဏှာတည်းဟူသော တောကို ခုတ်ဖြတ်ကြကုန်လော့၊ ပြကတေ့ သစ်ပင်ကို မခုတ်ဖြတ်ကုန်လင့်၊
တဏှာဟူသော တောကြောင့် ဇာတိ-စသော ဘေး ဖြစ်၏၊
တဏှာတော ကြီးငယ်ကို ခုတ်ဖြတ်၍ တဏှာတောမှ ထွက်မြောက်ကြကုန်လော့။

မိန်းမတို့ကို စွဲလမ်းကပ်ငြိသော ယောက်ျား၏ အနည်းငယ်မျှပင်ဖြစ်သော တဏှာကို မဖြတ်သေးသမျှကာလပတ်လုံး နို့စို့နွားငယ်သည် အမိကို ကပ်နေသကဲ့သို့ ထိုယောက်ျားသည် သံသရာ၌ ကပ်ငြိသောစိတ် ရှိသည်သာလျှင် ဖြစ်၏။

( ဆောင်ပုဒ် )
တောကသစ်ပင်၊ မခုတ်ထွင်နှင့်၊ ကိုယ်တွင်ဖြစ်သော၊ တဏှာတောကို၊ ဆောလျှင်ခဏ၊ ခုတ်ဖြတ်ကြလော့၊
နွားမနို့ဝယ်၊ ကပ်မှီတွယ်သည့်၊ နွားငယ်ပေါက်စ၊ ခွါမရသို့၊ မိန်းမအာသာ၊ ထောပနာကြောင့်၊ တဏှာဖြစ်ပွား၊ ထိုယောက်ျားကား၊ ရှည်လျားသံသရာ၊ ခရီးတာကို၊ တဏှာကပ်ငြိ၊ တောရှိသမျှ၊ ကပ်ရောက်ရ၍၊ ဘ၀သံသရာ၊ မဆုံးပါတည့်။

( မဂ္ဂ၀ဂ်၊ ပဉ္စမဟလ္လက ဘိက္ခုဝတ္ထု )

No comments: