Sunday, March 1, 2009

ကံ ကံ၏အကျိုး ( ၂၃ )

( ဘွားအေးချစ်၏ စေတနာ )

ကျွန်တော်တို့ရွာတွင် ဒေါ်အေးချစ်ဆိုသူ သက်ကြီးရွယ်အို တဦး ရှိလေသည်၊ ဘွားအေချစ်သည် အသက် ၇၀-ကျော် ၈၀-တွင်းဘက်သို့ နီးပေပြီ၊ သို့သော် ကျန်းမာရေးကောင်းဆဲ သန်မာဆဲဖြစ်၏၊
သူ့ကို အိုဇာတာကောင်းသည်-ဟု ဆိုကြသည်၊ သားသမီး ၈-ယောက် ရှိသော်လည်း သားသမီးတို့အတွက် မပူပင်ရ၊ စိတ်ဆင်းရဲမှု မဖြစ်ခဲ့ရ၊ သားသမီးများ၏ စောင့်ရှောက်မှုကို အပြည့်အ၀ ခံစားခွင့်ရသူ ဖြစ်၏၊ ခင်ပွန်းသည် ဦးလှမောင်ကလည်း လူအေး၊ ဘာသာတရား ကိုင်းရှိုင်းသူ ဖြစ်လေသည်၊ သူတို့ ဇနီးမောင်နှံကား ရွာတွင် စံနမူနာပြလို ဖြစ်နေ၏၊ အိုဇာတာ ကောင်းကြသူတွေဟု ပြောကြသည်။

ဘွားအေးချစ်က သူ့အကြောင်း မကြာခဏပြောတတ်၏၊ သူ ငယ်စဉ်ကတည်းက မိဘများကို လုပ်ကျွေးပြုစုသည်၊ မနက်တိုင်း ဘုရားရှိခိုးသည်၊ နံနက် ၄-နာရီခန့်ထ၊ ဘုရားနှင့် ဘုန်းကြီးကျောင်းအတွက် ဆွမ်းချက်၊ ဆွမ်းလောင်းမှု ပြုသည်မှာ လူမှန်းသိတတ်စ လုပ်နိုင်ကိုင်နိုင်သည့်အရွယ်မှ ယခုသက်ကြီးရွယ်အိုတိုင် ဖြစ်၏။

သက်ကြီးမိဘများနှင့် လက်ပွန်းတတီး နေထိုင်ခွင့် ရရုံသာမကဘဲ ပြုစုလုပ်ကျွေးမှုလည်း ရှိ၏၊ စေတနာအရင်းခံသည်၊ မငြိုမငြင် ကျွေးမွေးသည်၊ တခါတရံ ပုထုဇဉ် သဘာဝအလျောက် အပြောဆိုးတတ်သော်လည်း စိတ်ကောင်းရှိ၏၊ သူတပါးကို ပေးကမ်းစွန့်ကြဲတတ်၏။

ဘ၀တလျှောက်တွင် အတန်အသင့် ဆင်းရဲမှု ကြုံခဲ့ရ၏၊ တောင်သူလယ်သမားဘ၀ဖြင့် ရုန်းကန်ခဲ့၏၊ သို့ရာတွင် ဘ၀ကို ကြံ့ကြံ့ခံနိုင်သည်၊ သားသမီးရှစ်ယောက် တာဝန်ကို လူတလုံး သူတလုံး ဖြစ်ရလေအောင် ပျိုးထောင်နိုင်၏။

အစားအသောက်အတွက် သားသမီးကို ငဲ့လွန်းပြီး ကျွေးချင်လွန်းလှသည်၊ သားသမီးတလှည့် မိခင်တလှည့်-ဘ၀တွင် မိဘများအတွက်ရော သားသမီးတွေအတွက်ပါ တာဝန်ကျေ၏။
ယခုမူ အသက်ကြီးပြီ၊ သို့သော် သူ့အိမ်၌ လူသူစည်ကားနေ၏၊ တရားစကား ပြောနိုင်၏၊ ဘာသာရေး ဆွေးနွေးနိုင်၏၊ စားရေးသောက်ရေး အတွက် မပူပင်ရသည့်ပြင် သားသမီးများ၏ အထောက်အပံ့ရသဖြင့် အတော်ပင် အဆင်ပြေ၏၊ အိုဇာတာကောင်းသော သက်ကြီးရွယ်အို ဇနီးမောင်နှံအဖြစ် စိတ်ချမ်းသာမှုကို ရွာကလူအများက အားကျကြ၏။

ထိုအခါ သူ၏ ဘ၀ဇာတ်ကြောင်း ပြောတတ်၏၊ တို့က အမေတို့ အဖေတို့ကို ၀တ္တရားမပျက် လုပ်ကျွေးခဲ့တယ်၊ သင်္ဃာ့ဝတ်ကို နေ့တိုင်း ဖြည့်ဆည်းတယ်၊ သားသမီးတွေအပေါ်လည်း တာဝန်ကျေပွန်တယ်၊ တို့-အရွယ်ပျိုတုန်းက အင်မတန် ဆင်းရဲခဲ့ဘူးတယ်၊ ဒါပေမယ့် အခုဘ၀မှာ ပြုသမျှကံက လက်ငင်းပဲ အကျိုးထူးတယ်ကွယ်၊ သားသမီးတွေအတွက် စိတ်မဆင်းရဲရဘူး၊ စားရေးသောက်ရေး ကုသိုလ်ရေး အတွက်လည်း အဆင်ပြေတယ်၊ မိဘရဲ့ကျေးဇူး အနန္တောအနန္တငါးပါးရဲ့ ဂုဏ်ကျေးဇူးကို သိလို့၊ ကျင့်သုံးလို့ အခုလို နေနိုင်တာပေါ့ကွယ်-ဟူ၍ ဖြစ်သည်။

ဘွားအေးချစ်၏ အိမ်ကား ရွာမြောက်ဘက် ထီးထီးကြီး ဖြစ်နေ၏၊ သို့သော် ပီတိဖြစ်စရာ၊ အားကျစရာတို့ကြောင့် ရွာ၏ကျက်သရေ-ဟုဆိုကာ ၀င်ထွက်သွားလာမှု မပြတ်ပါချေ၊ ဧည့်သည်များအပေါ် မငြိုငြင်တတ်သော ဘွးအေးချစ်၏ စေတနာရောင်ပြန်ကား အေးချမ်းမှုရနေ၏၊ ထို့ကြောင့် တခါတရံတွင် လူငယ်များကို အောက်ပါစကားဖြင့် ဆုံးမတတ်ရာ နားဝင်စရာ ဖြစ်ရပြန်၏။

တို့က-ကံရဲ့ အကျိုးပေးကို ယုံကြည်တယ်၊ ကံဆိုတာ အလုပ်ပဲကွယ့်၊ ကိုယ့်ရဲ့ပြုသမျှ ကောင်းမှု၊ ဆိုးမှုက ကိုယ့်အပေါ် တုံ့ပြန်တတ်တာပဲကွယ့်၊ တို့ဘ၀တလျှောက်လုံး အဲဒီတရားသဘောနဲ့ပဲ နှလုံးသွင်းရတာပဲကွယ်-ဟူသတည်း။

( ညွန့်ဟန် )
********************************************************************************

( စေတနာ အကျိုးပေး )

ဒေါ်တင်မေ၊ ခင်ဗျားအိမ်က ကလေးမလေးတွေ ဆုံးမပေးပါဦး၊ ရေချိုးဆိပ် အထက်ကနေပြီး ငါးတွေ ရေမဆေးကြဖို့ပါ၊ ရေချိုးဆိပ်တွေဆို ရေချိုး ရေခပ်လို့ကို မကောင်းတော့ဘူး၊ ငါးညှီစော်နဲ့ ငါးအဆီတွေနဲ့ ညစ်ပတ်နေလို့ ကျွန်တော် လာပြောရတာပါ၊ ဘယ်လိုမှ မအောက်မေ့ပါနဲ့ဗျာ။

စိတ်ချပါ ဆရာကျော်၊ ကျွန်မပြောပါဦးမယ်၊ အခုလိုလာပြောတာ ကျေးဇူးတင်ပါတယ်၊ အားလုံးကို အားနာစရာကြီးပဲ၊ ကျွန်မက ကလေးတွေလုပ်တာတွေကို ဘာမှ သိတာမဟုတ်ဘူး၊ စိတ်ချပါနော်
ကျွန်မ ဆုံးမပေးပါ့မယ်။

ဆရာကျော် ရေချိုးလာတိုင်း ဒေါ်တင်မေအိမ်မှ ကလေးမလေးတွေ ငါးရေဆေးနေတာနှင့် ကြုံနေရ၍ ရေကောင်းကောင်း ချိုးခဲ့ရသည် မရှိပေ။ သူတို့ ငါးရေဆေးသည် ဆိုခြင်းမှာ ဟင်းချက်စရာအတွက် ဆေးနေခြင်းမဟုတ်၊ မန္တလေး မိုးကုတ် ပွဲရုံများသို့ တင်ပို့ရန်အတွက် ငါးလူး ငါးပြက် စသော ငါးပေါက်စ အချိန် လေးငါးရာမျိုးကို ချေးဖောက်ပြီး ခြင်းကြားကြီးထဲ ထည့်ကာ ရေထဲ တ၀က်မြှုပ်ထား၍ ခြေထောက်နှစ်ဖက်ဖြင့် နင်းနယ်ကာ ဆေးရသော ငါးရေဆေးနည်းမျိုး ဖြစ်ပါသည်။

ထိုကလေးမများကို ပြောကြည့်၏၊ ညည်းတို့ သည်လို ရေချိုးဆိပ် အထက်ကနေငါးရေမဆေးပဲ၊ ရေချိုးဆိပ် အောက်နားဖက်မှာ ဆေးလို့ မရဘူလား-စသည်ဖြင့် မေးကြည့်လျှင် ဂရုမစိုက်သော ပုံစံဖြင့် ပြန်မပြော-နားမထောင် လုပ်နေလိုက်ကြပါသည်၊ နောက်ဆုံး သူတို့၏ ပိုင်ရှင် ဒေါ်တင်မေကို တိုင်ပြောလျှင် ရမှာပဲ-ဟူသော အတွေးဖြင့် ယခုကဲ့သို့ လာပြောရခြင်း ဖြစ်ပါသည်။

ညနေစောင်း၌ ဒေါ်တင်မေတို့ အိမ်နားမှ ဆရာကျော် ဖြတ်အလာ ဒေါ်တင်မေက သူ့အိမ်မှ ကလေးမများကို ညည်းတို့နော် သူများပြောတိုင်း ရေချိုးဆိပ် အောက်ကများ သွားပြီး ငါးရေမဆေးနဲ့နော်၊ ဆပ်ပြာနံ့တွေ ငါးတွေကို ကူးကုန်လို့ရှိရင် ငါးချဉ်ဘယ်လောက်ကောင်းကောင်း ပျက်တော့တာပဲ၊ ဘယ်သူပြောပြော ဂရုမစိုက်နဲ့၊ ပြန်မပြောနဲ့၊ ရေချိုးဆိပ်အထက်ကသာ ဆေး၊ ဘယ်သူမှ ဘာပုဒ်မတပ်ပြီးမှ တရားစွဲလို့မရဘူး-ဟူ၍ မြှောက်ထိုး ပင့်ကော် စကားဖြင့် သြ၀ါဒပေးနေသည်ကို မထင်မှတ်ဘဲ ကြားလိုက်ရသဖြင့် အံ့သြသွားမိပါတော့သည်။

ကျောင်းပိတ်ရက် တရက်တွင် ဆရာကျော်သည် ရေချိုးဆိပ်တည့်တည့်မှ ရေလယ်မကျတကျ ငါးညှီနဲ့ ငါးအဆီ လွတ်သည်အထိ ရေစင်လေးတခုကို ပကာခြမ်းများဖြင့် ဆောက်လုပ်ပါတော့သည်။ ဆရာကျော်၏ ရည်ရွယ်ချက်မှာကား ရေချိုး ရေခပ်ကြသူများ ငါးညှီနှင့် ငါးအဆီ ရေဘေးဒုက္ခမှ ကင်းလွတ်စွာ ရေချိုး ရေခပ်နိုင်ရေးသာ ဖြစ်ပါသည်။

သင်္ဘောကြီး အစုန်နေ့ဖြစ်သဖြင့် ဒေါ်တင်မေတို့အိမ်မှ မန္တလေး မိုးကုတ် ပွဲရုံများသို့ တင်သွင်းရန်အတွက် ပိဿာချိန် ငါးချဉ်ခြင်း ၅၅-ခြင်းကို လှေကြီးပေါ်တင်၍ သင်္ဘောဆိပ်သို့ ထွက်ခဲ့ကြပါသည်။

သင်္ဘောအစုန်သည် ဆိပ်ကမ်း၌ ကပ်ပြီးပြီဖြစ်၍ ငါးချဉ်ခြင်းများ သင်္ဘောပေါ်တင်ရန် ရေလယ်ဖက်သို့ ထွက်ခဲ့ကြပါသည်၊ သင်္ဘောဆိပ်မှာ ၀ဲအတွင်း၌ တည်ရှိနေသော သဘောဆိပ်ဖြစ်သည်၊ ထို့ကြောင့် လှေ သမ္ဗန်များ ရေလယ်ဖက်သို့ သင်္ဘောသို့ကပ်လျှင် အလွန်သတိထား ကပ်ကြရ၏။

ဒေါ်တင်မေတို့ ငါးချဉ်ခြင်း ထည့်ထားသော လှေသည်လည်း သတိထားပြီး သင်္ဘောကို အကပ်၊
ဝဲက ရေမှုတ်လိုက်၍ လှေမှာ သင်္ဘောဝမ်းနားကပ်မလို ဖြစ်သွားသည်၊ လှေပေါ်ရှိ လူသုံးယောက်မှာ စိုးရိမ်လွန်သွားပြီး ကိုယ်ကို ယိမ်းလိုက်ကြ၏၊ ဖောင်းမြုပ်အောင် ကုန်တင်ထားသော လှေမှာ စောင်းသွားပြီး ရေတွေ ၀င်ကာ မှောက်သွားပါတော့သည်။

လူတိုင်းလူတိုင်း မည်သည့်အလုပ် လုပ်လုပ်၊ မိမိလောဘ တခုတည်းကိုသာကြည့်ပြီး မိမိကြောင့် အများ ထိခိုက် နစ်နာမှာကို ဂရုမစိုက်ဘဲ အလုပ်မလုပ်သင့်ပေ၊ ပြုလုပ်ပါက ထိုသူ၏ စေတနာ ( ကံ ) အတိုင်း တူညီသော စေတနာ ( ကံ ) ၏ အကျိုးကို လက်တွေ့ခံစားရသည်မှာ အမှန်တရား ဖြစ်ပါသည်။
( ထီးချိုင့်-ခွန်ကျော်နိုင် )

( မြတ်မင်္ဂလာ ၁၉၉၂-ခု ဖေဖော်ဝါရီလ )

No comments: