Friday, March 6, 2009

ကောင်းသောမင်္ဂလာ

တနေ့သောအခါ ဗုဒ္ဓမြတ်စွာဘုရားသည် ရဟန်းတို့အား ဤသို့မိန့်တော်မူသည်။
ရဟန်းတို့ နံနက်ခင်း၌ ကိုယ်ဖြင့် ကောင်းသောအကျင့်ကို ကျင့်ကုန်သော၊
နှုတ်ဖြင့် ကောင်းသောအကျင့်ကို ကျင့်ကုန်သော၊
စိတ်ဖြင့် ကောင်းသောအကျင့်ကို ကျင့်ကုန်သော သတ္တ၀ါတို့အား ကောင်းသော နံနက်ခင်း ဖြစ်ပေ၏။

အလားတူပင် နေ့လယ်ခင်း၌ ကိုယ် နှုတ် စိတ်ဖြင့် ကောင်းသောအကျင့်ကို ကျင့်ကုန်သော သတ္တ၀ါတို့အား
ကောင်းသောနေ့ခင်း ဖြစ်ပေ၏။

ညချမ်းအခါ၌ ကိုယ် နှုတ် စိတ်ဖြင့် ကောင်းသောအကျင့်ကို ကျင့်ကုန်သော သတ္တ၀ါတို့အား ကောင်းသောညချမ်းအခါ ဖြစ်ပေ၏။

ဤသို့ ကောင်းသောအကျင့်နှင့် ပြည့်စုံသောနေ့သည် ကောင်းသောနက္ခတ်နှင့်လည်း ယှဉ်သည်မည်၏။
ကောင်းသောမင်္ဂလာလည်း ဖြစ်ပေသည်။
ကောင်းသော မိုးသောက်လည်း မည်၏။
ကောင်းသော အိပ်ရာမှ ထခြင်းလည်း မည်၏။
ကောင်းသော ခဏလည်း မည်၏။
ကောင်းသော မုဟုတ် ( ခဏ-ဟူသော အချိန်ကာလထက် အနည်းငယ်ပိုသော အချိန်ကာလ ) လည်း မည်၏။
ကောင်းသော မင်္ဂလာနှင့် ပြည့်စုံသောအခါဝယ် မြတ်သောအကျင့်ကို ကျင့်လေ့ရှိသူတို့၌ ပေးလှူခြင်းသည်လည်း ကောင်းစွာပူဇော်ခြင်းမည်၏။

ကောင်းသော မင်္ဂလာနှင့် ပြည့်စုံသောနေ့၌
ကိုယ်ဖြင့်ပြုသောအမှုသည် ပွားစည်းသော ကာယကံမည်၏။
နှုတ်ဖြင့်ပြုသောအမှုသည် ပွားစည်းသော ၀စီကံမည်၏။
စိတ်ဖြင့်ပြုသောအမှုသည် ပွားစည်းသော မနောကံမည်၏။
ပွားစည်းသော ထိုကံတို့ကို ဆောက်တည်သည်မည်၏။
ပွားစည်းသော ထိုကံတို့ကို ပြုပြီး၍ ပွားစည်းသော အကျိုးတို့ကို ရကုန်၏။

အကျိုးကိုရသော ထိုသူတို့သည် အလုံးစုံသော ဆွေမျိုးတို့နှင့်တကွ မြတ်စွာဘုရား သာသနာတော်၌ ချမ်းသာကုန်၊ စည်ပင်ပြန့်ပွားကုန်သည်ဖြစ်၍ ရောဂါမရှိခြင်း ချမ်းသာခြင်းတို့ ဖြစ်ကြလေကုန်သတည်း။

( ပုဗ္ဗဏှသုတ်-မင်္ဂလ၀ဂ်၊ အင်္ဂုတ္တရနိကာယ် )

No comments: