Monday, March 9, 2009

ဇနီးမယား ၇-မျိုး

တချိန်သောအခါ မြတ်စွာဘုရားသည် နံနက်ခင်းအချိန်၌ သင်္ကန်းတော်ကို ရုံပြီးလျှင် သပိတ်တော်ကိုပိုက်လျက် အနာထပိဏ်သူဋ္ဌေးကြီးအိမ်သို့ ကြွရောက်၍ သီတင်းသုံးနေတော်မူ၏။

ထိုအခါ အနာထပိဏ်သူဋ္ဌးကြီးအိမ်၌ အလွန်ကျယ်လောင်သော အသံတို့ဖြင့် ဆူညံနေ၏၊
ထိုအခါ မြတ်စွာဘုရားက သူဋ္ဌေးကြီး သင့်အိမ်၌ တံငါသည်များ ငါးလုယက်နေကြသကဲ့သို့ ဆူညံလှချည်လား-ဟု မိန့်တော်မူ၏။

ထိုအခါ သူဋ္ဌေးကြီးက မြတ်စွာဘုရား တပည့်တော်၏ ချွေးမ သုဇာတာသည် ယောက္ခမကြီး နှစ်ယောက်ကိုလည်း ယောက္ခမဟူ၍ အမှတ်မပြု၊ မြတ်စွာဘုရားကိုသော်မှလည်း အရိုအသေ မပြု၊ အလေးအမြတ် မပြု၊ မပူဇော်ပါဘုရား-ဟု လျှောက်ထားလေ၏။

ထိုအခါ မနီးမဝေး၌ လာရောက် (ပုန်းကွယ်) ၍ နားထောင်နေသော သုဇာတာကို
မြတ်စွာဘုရား ခေါ်တော်မူပြီးလျှင် ဇနီးမယား ၇-မျိုးကို ဟောကြားတော်မူခဲ့ပါသည်။

၇-မျိုးမှာ-
၁။ ၀ဓကသမာ-သူသတ်နှင့်တူသော ဇနီးမယား။
၂။ စောရီသမာ-ခိုးသူနှင့်တုသော ဇနီးမယား။
၃။ အယျသမာ-အရှင်နှင့်တူသော ဇနီးမယား။
၎။ မာတာသမာ-အမိနှင့်တူသော ဇနီးမယား။
၅။ ဘဂိနီသမာ-အမ နှမနှင့်တူသော ဇနီးမယား။
၆။ သခီသမာ-အဆွေခင်ပွန်းနှင့်တူသော ဇနီးမယား။
၇။ ဒါသီသမာ-ကျွန်မနှင့်တူသော ဇနီးမယား-ဟူ၍ ၇-မျိုး ဟောကြားတော်မူခဲ့ပါသည်။
( အံ-၂၊ ၂၆၇ )

၁။ သူသတ်နှင့်တူသော ဇနီးမယား ဟူသည်-
အကြင်ဇနီးမယားသည် အမျက်ဒေါသကြီး၏၊
လင်ဖြစ်သူ ရှာဖွေပေးသော စီးပွားဥစ္စာကို မပျက်စီးရအောင် စောင့်ရှောက်လေ့မရှိ၊
မိမိလင်ယောက်ျားမှ တပါးသော ယောက်ျားတို့၌ တပ်မက်ခြင်း ရှိ၏၊
မိမိလင်ကို ငွေဖြင့်ဝယ်အပ်သော သူကဲ့သို့ မထီမဲ့မြင်ပြု၏၊
အကြောင်းအမျိုးမျိုးတို့ကြောင့် လင်ကို သတ်ဖို့ရာ အားထုတ်၏၊
ထိုဇနီးမယားသည် သူသတ်နှင့်တူသော ဇနီးမယား ဖြစ်၏။

၂။ ခိုးသူနှင့်တူသော ဇနီးမယား ဟူသည်-
အကြင်ဇနီးမယားသည် အရှင်လင်ယောက်ျား အတတ်ပညာဖြင့် ရှာဖွေရရှိလာသော ပစ္စည်းဥစ္စာ၊
ကုန်သွယ်၍ ရရှိလာသော ပစ္စည်းဥစ္စာ၊ လယ်လုပ်၍ ရရှိလာသော ပစ္စည်းဥစ္စာ အနည်းငယ်ကို ဖြစ်စေ၊ အများကိုဖြစ်စေ အပြင်သို့ထုတ်ဆောင် ခိုးယူခြင်းငှါ အလိုရှိ၏။
ထိုဇနီးမယားသည် ခိုးသူနှင့်တူသော ဇနီးမယား ဖြစ်၏။

၃။ အရှင်နှင့်တူသော ဇနီးမယား ဟူသည်-
အကြင်ဇနီးမယားသည် အလုပ်အကိုင် လုပ်ဖို့ရန် အလိုမရှိ၊ ပျင်းရိ၏၊
အစားလည်း ကြီး၏၊ စိတ်လည်း ကြမ်း၏၊ ကိုယ်အမူအရာလည်း ကြမ်း၏၊
ကြမ်းတမ်းသော စကားကိုလည်း ပြောဆိုတတ်၏၊
လုံ့လ၀ီရိယရှိသော လင်ကိုလည်း လွှမ်းမိုး၍ အနိုင်ကျင့်တတ်၏၊
ထိုဇနီးမယားသည် အရှင်နှင့်တူသော ဇနီးမယား ဖြစ်၏။

၎။ အမိနှင့်တူသော ဇနီးမယား ဟူသည်-
အကြင်ဇနီးမယားသည် အမိသည် သားကို အစဉ်စောင့်ရှောက်သကဲ့သို့ လင်ယောက်ျားကို
အခါခပ်သိမ်း အစဉ်သနားကြင်နာ၍ စောင့်ရှောက်၏၊
လင်ယောက်ျား ဆည်းပူးရှာဖွေ၍ ရရှိလာသော ပစ္စည်းဥစ္စာကိုလည်း မပျက်စီး မဆုံးရှုံးရအောင်
အစဉ်မပျက် စောင့်ရှောက်တတ်၏၊
ထိုဇနီးမယားသည် အမိနှင့်တူသော ဇနီးမယား ဖြစ်၏။

၅။ အမ နှမ နှင့်တူသော ဇနီးမယား ဟူသည်-
အကြင်ဇနီးမယားသည် အမကြီး နှမငယ်တို့သည် မောင်ဖြစ်သူ၌ ရိုသေသကဲ့သို့
ထို့အတူ မိမိလင်ယောက်ျားဖြစ်သူ၌ ရိုသေ၏၊
အရှက်အကြောက်နှင့်ယှဉ်သော စိတ်ရှိ၏၊
လင်၏အလိုသို့ လိုက်တတ်၏၊
ထိုဇနီးမယားသည် အမ နှမနှင့်တူသော ဇနီးမယား ဖြစ်၏။

၆။ အဆွေခင်ပွန်းနှင့်တူသော ဇနီးမယား ဟူသည်-
အကြင်ဇနီးမယားသည် ဤလူ့လောက၌ အဆွေခင်ပွန်းဖြစ်သူသည် အရပ်တပါး၌ နေထိုင်၍ ကြာမြင့်မှ ရောက်ရှိလာသော အဆွေခင်ပွန်းကို မြင်ရသောအခါ လွန်စွာဝမ်းမြောက်သကဲ့သို့ လင်ယောက်ျားကိုမြင်ရသောအခါ လွန်စွာဝမ်းမြောက်၏၊
အမျိုးအနွယ်နှင့် ပြည့်စုံ၏၊ အကျင့်သီလရှိ၏၊
လင်ယောက်ျား၌ ရိုသေစွာ ကျင့်တတ်၏၊
ထိုဇနီးမယားသည် အဆွေခင်ပွန်းနှင့် တူသော ဇနီးမယား ဖြစ်၏။

၇။ ကျွန်မနှင့်တူသော ဇနီးမယား ဟူသည်-
အကြင်ဇနီးမယားသည် လင်ယောက်ျားက တုတ်ကိုကိုင်၍ သတ်ပုတ်မည်ဟု ခြိမ်းခြောက်အပ်သော်လည်း ထိတ်လန့်ခြင်း မရှိ၊ ဒေါသဖြင့် ပြစ်မှားလိုသောစိတ် မရှိ၊
လင်ယောက်ျားကို သည်းခံ၏၊ အမျက်ထွက်ခြင်းလည်း မရှိ၊ လင်ယောက်ျားအလိုသို့ လိုက်တတ်၏၊
ထိုဇနီးမယားသည် ကျွန်မနှင့်တူသော ဇနီးမယား ဖြစ်၏။

အကြင်ဇနီးမယားတို့သည်
သူသတ်နှင့်တူကုန်၏၊
ခိုးသူနှင့်တူကုန်၏၊
အရှင်နှင့်တူကုန်၏၊
ထိုဇနီးမယားတို့သည် သီလမရှိကြကုန်၊
လင်ယောက်ျားကို ရိုသေခြင်း မရှိကြကုန်၊
ကြမ်းကြုတ်သောသဘော ရှိကုန်၏၊
ထိုသုံးယောက်သော ဇနီးမယားတို့သည် ခန္ဓာပျက်၍ သေပြီးသည်မှ နောက်ကာလ၌ အပါယ်ငရဲသို့ ကျရောက်ကြကုန်၏။

အကြင်ဇနီးမယားတို့သည်
အမိနှင့် တူကုန်၏၊
အမ နှမနှင့် တူကုန်၏၊
အဆွေခင်ပွန်းနှင့် တူကုန်၏၊
ကျွန်မနှင့် တူကုန်၏၊
ထိုလေးယောက်သော ဇနီးမယားတို့သည် ခန္ဓာပျက်၍ သေပြီးသည်မှ နောက်ကာလ၌ နတ်ပြည်သို့ ရောက်ကြကုန်၏-ဟု မြတ်စွာဘုရား ဟောကြားတော်မူခဲ့ပါသည်။

အနာထပိဏ်သူဋ္ဌေး၏ ချွေးမ သုဇာတာကို ဆက်လက်၍ မြတ်စွာဘုရား မိန့်ကြား၍ မေးတော်မူသည်မှာ-
သုဇာတာ ဤဇနီးမယား ၇-မျိုးတို့တွင် သင်သည် အဘယ်ဇနီးမယားမျိုး ဖြစ်သနည်း-ဟု မိန့်ကြား၍ မေးတော်မူလိုက်၏။

ထိုအခါ သုဇာတာ-က တပည့်တော်မကို ဤနေ့မှအစပြု၍ လင်ယောက်ျား၏ ကျွန်မနှင့် တူသော ဇနီးမယား-ဟူ၍ မှတ်တော်မူပါဘုရား-ဟု လျှောက်ထားလေ၏။

( မြတ်မင်္ဂလာ ၁၉၉၃-ခု ဇန်န၀ါရီလ )

No comments: