Thursday, March 12, 2009

အခွင်ကြုံတိုင်း ကုသိုလ်ယူသော ပုဏ္ဏား

သာဝတ္ထိမြို့တော်မှ ပုဏ္ဏားတယောက်သည် နံနက်စောစောထ၍ ရဟန်းတောာ်များ ဆွမ်းခံထွက်သည်ကို သွားရောက်ကြည်ညိုလေ့ရှိ၏၊ တနေ့တွင် ရဟန်းတော်များ သင်္ကန်းရုံနေသည်ကို ကြည့်နေရာ နှင်းများစိုရွှဲနေသော မြက်ပင်များကြောင့် သင်္ကန်းစွန်းတွင် စိုစွတ်သွားသည်ကို မြင်၍ မြက်များကို ခုတ်ထွင်ရှင်းလင်းလေ၏၊

နောက်တကြိမ်တွင် သင်္ကန်း၌ ဖုံမှုန့်များ ကပ်နေသည်ကို မြင်၍ ဖုံမှုန့်ထူသော နေရာကို သဲခင်းပြုပြင်၏၊
နေပူသောနေ့များတွင် ရဟန်းတော်များ ချွေးစိုသည်ကို မြင်သောအခါ အရိပ်ထဲတွင် နားနားနေနေ သင်္ကန်းရုံနိုင်ရန် မဏ္ဍပ်အမိုး ပြုလုပ်ပေး၏။
မိုးရွာသောအခါ လုံခြုံစွာ နားနေရန် ဇရပ်တဆောင် လိုအပ်သည်ကို မြင်သောကြောင့် ဇရပ်တဆောင် ဆောက်လုပ်လှုဒါန်း၏။

ဇေတ၀န်ကျောင်းတော်မှ မြတ်စွာဘုရားကို ပင့်၍ ဇရပ်ကို ရေစက်ချရာ၌ ပုဏ္ဏားက သူအဆင့်ဆင့် ပြုလုပ်ခဲ့ပုံများကို လျှောက်ထားရာ- ပုဏ္ဏား ပညာရှိတို့သည် အခွင့်ရတိုင်း အခွင့်ရတိုင်း တတ်နိုင်သမျှ ကုသိုလ်ကောင်းမှုကို ပြုကြကုန်၏။
အကုသိုလ်အညစ်အကြေးတို့ကို အစဉ်သဖြင့် ဆေးကြောသုတ်သင်ကြကုန်၏-ဟု မိန့်တော်မူကာ အောက်ပါဂါထာကို ဟောကြားတော်မူရာ ပုဏ္ဏားကြီး သောတာပန် တည်သွားလေသည်။

( ပါဠိဂါထာ )
အနုပုဗ္ဗေန မေဓာဝီ ၊ ထောကံ ထောကံ ခဏေ ခဏေ ။
ကမ္မာရော ရဇတေဿဝ ၊ နိဒ္ဓမေ မလမတ္တနော ။

( မြန်မာပြန် )
ပန်းတိမ်သည်သည် ငွေ၏ အညစ်အကြေးကို တဖြည်းဖြည်း ထုတ်၍ သန့်စင်စေသကဲ့သို့
ပညာရှိသည် မိမိ၏ ရာဂ-စသောအညစ်အကြေးကို အနည်းငယ် အနည်းငယ် အခွင့်ရတိုင်း ထုတ်ပယ်သန့်ရှင်းစေရာ၏။

( ဆောင်ပုဒ် )
ပန်းတိမ်ဆရာ၊ လူလိမ်မာသည်၊ ငွေမှာယှက်ထွေး၊ ညစ်အကြေးကို၊ ဖြည်းဖြည်းချင်းသာ၊ မှုတ်ထုတ်ရာသို့၊
လိမ္မာမြင်သိ၊ ပညာရှိလည်း၊ သတိ မကွာ၊ နည်းစွာ ကောင်းမှု၊ ထပ်ထပ်ပြုလျက်၊ စုဝေးလိုက်ပါ၊ ကိုယ်မှာယှက်ထွေး၊ ညစ်အကြေးကို၊ ဖြည်းဖြည်းချင်းသာ၊ ထုတ်ပယ်ရာ၏။

( မလ၀ဂ်၊ အညတရ ဗြာဟ္မဏ၀တ္ထု )

No comments: