Monday, March 23, 2009

ရပ်ပြစ် ရှစ်ပါးမှ ကင်းလွတ်ချိန်

ယခုအခါသည် ဗုဒ္ဓသာသနာတော် ထွန်းလင်းတောက်ပနေချိန် ဖြစ်သည်၊ နှစ်ပေါင်း ၂၅၀၀-ကျော်က အထင်အရှားပွင့်တော်မူခဲ့သော သဗ္ဗညုတဉာဏ်တော်ရှင် မြတ်စွာဘုရား ဟောကြားတော်မူခဲ့သော တရားတော်များကို လိုတိုင်းရနိုင်သော အချိန်အခါ ဖြစ်သည်။ သုတ္တန် ၀ိနည်း အဘိဓမ္မာ ဟူသော ပိဋကတ်သုံးပုံ ဓမ္မတရားတော်များကို နာယူသင်ကြား အားထုတ်နိုင်သော အခွင့်အရေးများ လက်တကမ်းတွင် ရှိနေပါသည်။

ဤမျှ အဖိုးမဖြတ်နိုင်သော တရားတော်များ ရှိနေသော်လည်း ရပ်ပြစ်ရှစ်ပါး သင့်နေသူများအတွက်ကား ဗုဒ္ဓတရားတော်များ၏ အနှစ်သာရကို ခံစားခွင့်နှင့် ဝေးနေပါသည်။
ရပ်ပြစ်ရှစ်ပါး (တနည်း) အခွင့်အခါဆိုး ရှစ်မျိုး ဟူသည်ကား-
၁။ ငရဲဘုံဘ၀ ဖြစ်ရသောအခါ။
၂။ တိရစ္ဆာန်ဘုံဘ၀ ဖြစ်ရသောအခါ။
၃။ ပြိတ္တာဘုံဘ၀ ဖြစ်ရသောအခါ။
၎။ အသက်ရှည်သော ရုပ်သာရှိ၍ (နာမ်) မရှိသော အသညသတ်ဘုံဘ၀၊ အရူပဗြဟ္မာဘ၀။
၅။ သာသနာမရှိသော အရပ်မှာ ဖြစ်ရသောဘ၀။
၆။ မိစ္ဆာဒိဋ္ဌိ အယူရှိနေသော လူ့ဘ၀။
၇။ ဆွံ့အ ချို့တဲ့ ပညာမဲ့သောဘ၀။
၈။ ပညာဉာဏ် ရှိသော်လည်း ဘုရားမပွင့်သောကာလ လူဖြစ်ရသောဘ၀-တို့ ဖြစ်ပါသည်။

ဤစာရှုသူသည် ရပ်ပြစ်ရှစ်ပါးမှ ကင်းလွတ်နေသူဟု ယူဆရန်ရှိပါ၏၊ သို့သော် မိစ္ဆာဒိဋ္ဌိအယူမျိုးကို အနည်းနှင့်အများ စိတ်တွင်ရှိပါက ရပ်ပြစ်ရှစ်ပါး လုံးဝကင်းလွတ်နေသည်ဟု ဆိုနိုင်ပါမည်လော။ စဉ်းစားရန်ရှိပါသည်၊ မိစ္ဆာဒိဋ္ဌိအယူ သက်ဝင်သူသည် ကောင်းတာပြုလုပ်သော်လည်း ကောင်းကျိုးမရ၊ မကောင်းတာ ပြုလုပ်သော်လည်း မကောင်းကျိုးဒဏ် မခံရဟု အယူရှိနေတတ်သည်။

မည်သည့်ကိစ္စမျိုးကို မည်သို့ဟောထားသည်၊ မည်သို့မည်ပုံ ယူဆထားသည်၊ မှန်မှ မှန်ပါမည်လားဟု ယုံမှားသံသယ ရှိနေတတ်သည်၊ မိမိဉာဏ်မမီ၍ နားမလည်နိုင်သော တရားကို အပင်ပန်းခံ၍ အမှန်ရအောင် မကြိုးစားဘဲ လွဲမှားသောအယူအဆကို စွဲပိုက်ကာ လမ်းမှားကို လိုက်နေတတ်သည်၊ အလွန်ကြုံကြိုက်ခဲလှသော ဗုဒ္ဓုပ္ပါဒန၀မ ခေတ်ကြီးကို အချည်းနှီး မကုန်လွန်စေဘဲ သံသရာဝဋ်ဆင်းရဲမှ လွတ်မြောက်ရေးအတွက် ဆရာကောင်း ဆရာမြတ်များကို ဆည်းကပ်၍ ၀ိပဿနာဘာဝနာ ကြိုးစားအားထုတ်နိုင်ကြပါစေ။

No comments: