( မေတ္တာသုတ်တော် အာနုဘော် )
သီဟိုဠ်ကျွန်း ( သီရိလင်္ကာ ) ရောဟန ဇနပုဒ်တွင် သီဟဆိုသူ တဦးရှိသည်၊ ရဟန်းလူထွက်ဖြစ်သည်၊ အနုဠာဆိုသူ ပျိုကညာတဦးနှင့် ချစ်ကြိုက်၍ ရဟန်းဘ၀မှ ထွက်လာသူဖြစ်ရာ ယင်းအနုဠာနှင့်ပင် ဖူးစာဆုံကြသည်။ သို့သော် သီဟသည် ရဟန်းလူထွက်ပီပီ အလုပ်ကို ကောင်းစွာမလုပ်၊ လည်ပတ်၍သာ နေသည်၊ မကြာမီ သူတို့တွင် ကလေးတယောက်ရ၍ မယားဖြစ်သူက အလုပ်ရှာရန် ပြောသည်၊ ယောက္ခမများက သူ့အား အလုပ်မရှိ၍ မကြည်ဖြူ၊ ထို့ကြောင့် သူသည် ရောဟနနှင့် အတန်ဝေးသော ကာလဒ္ဓကရွာသို့ အလုပ်လုပ်ရန် ထွက်သွားလေသည်။
သူရွာမှ ထွက်သွားစဉ် ဆရာဘုန်းကြီးဖြစ်သော တိဿမထေရ်မြတ်နှင့် လမ်းတွင်တွေ့သည်၊ လမ်းဘေးတွင် ထိုင်၍ ရှိခိုးကာ ကာလဒ္ဓကရွာသို့ အလုပ်လုပ်ရန် သွားမည့်အကြောင်း လျှောက်ထားသည်၊ တိဿမထေရ်မြတ်က မေတ္တာတရားကို အမြဲပွားပါ၊ မေတ္တာသုတ်ကို နေ့စဉ် ရွတ်ဆိုပါ၊ မေတ္တာသုတ်တော်ကိုလည်း မပြတ် နှလုံးသွင်းပါး-ဟု မှာကြား ဆုံးမတော်မူ၏။
သီဟသည် ကာလဒ္ဓကရွာသို့ တညနှင့် တနေ့ သွားရသည်၊ ရောက်လျှင် ရွာစားကြီးအိမ်၌ ကြံညှစ်သောအလုပ်ကို ရလေသည်။ ထိုအလုပ်ကို တလခန့် ပင်ပန်းစွာ လုပ်ပြီးသော် ငွေကျပ် ငါးဆယ်ခန့် ရလေသည်၊ ထိုငွေကို မယားနှင့် သားထံ ပြန်ပို့ရန် ရွာစားကြီးအား အခွင့်တောင်း၍ ရောဟနသို့ ပြန်ခဲ့လေသည်၊ ထိုနေ့ နေ၀င်ချိန်တွင် လမ်းခရီးရှိ မဟာမြိုင် တောအနီးသို့ရောက်၍ အိပ်စရာရှာသည်၊ ယင်းတောအနီး ရွာတရွာနှင့် ဇရပ်တဆောင်ကို တွေ့၍ အိပ်သင့်-မအိပ်သင့် ချိန်ဆသည်။ ထိုစဉ် ရွာသားတယောက်က စိတ်ချ၍သာ အိပ်ပါ၊ ဤဌာနတွင် လူဆိုး သူဆိုး သူခိုး ဓားပြ မရှိ-ဟု ဆိုသဖြင့် ယင်းဇရပ်တွင်ပင် ပါလာသော အထုပ်ကို ခေါင်းအုံး၍ အိပ်လေ၏။
မအိပ်မီ ဘုရားရှိခိုး၍ မိမိဆရာ တိဿမထေရ်မြတ် မှာကြားဆုံးမတော်မူလိုက်သည့်အတိုင်း မေတ္တာပို့ကာ မေတ္တာသုတ်တော်ကို နှလုံးသွင်း၍ တပုဒ်ချင်း တပုဒ်ချင်း ရွတ်ဆိုပွားများလေသည်။
မေတ္တာသုတ်တော်၏ အနက်အဓိပ္ပါယ်ကို ဆင်ခြင်နှလုံးသွင်းရင်း ခရီးလည်းပင်ပန်းသဖြင့် အိပ်ပျော်သွားလေသည်၊ ထိုစဉ်တွင် ဤအရပ်၌ လူဆိုး သူဆိုး သူခိုး ဓားပြ မရှိပါ-ဟု ပြောသူက သီဟ၌ ငွေကြေးပါလာကြောင်း သိသဖြင့် ညဥ့်နက်လျှင် အဖော်နှစ်ဦးနှင့် အတူ သီဟကိုသတ်၍ ငွေကိုယူရန် ဇရပ်အနီးသို့ ချဉ်းကပ်၍ လာလေ၏။
ထိုသုံးယောက်တို့ ဇရပ်နှင့် မနီးမဝေးသို့ ရောက်၍ ဇရပ်ဆီသို့ ကြည့်လိုက်ရာ စစ်သည်တော် သုံးဆယ်ခန့်သည် ဇရပ်ကို ၀န်းရံ၍ နေသည်ကို တွေ့ရလေ၏၊ ဟယ်-ဇရပ်မှာအိပ်တဲ့ ခရီးသည်ကို အနုရာဓဘုရင်မင်းမြတ်ဆီက လာဖမ်းနေပြီ ထင်ပါရဲ့-ဟု လူဆိုးတို့က ထင်မိသည်၊ တကယ်တော့ သူတို့ အထင်မှားသည်၊ စစ်သည်တော်တို့သည် ဇရပ်ကို ၀န်းရံလျက်ရှိသော်လည်း လမ်းဆီသို့ မျက်နှာလှည့်လျက်ရှိကာ ဇရပ်ပေါ်ရှိလူကို စောင့်ရှောက်ပေးနေကြခြင်းသာ ဖြစ်လေသည်။
အမှန်ကား သီဟ၏ မေတ္တာတန်ခိုး မေတ္တာသုတ်တော်ကို ဆင်ခြင်ပွားများခြင်း၏ အာနုဘော်ကြောင့် ပစ္စည်းယူ လူသတ်သည့် ခိုးသူတို့ဘေးမှ ကင်းဝေးအောင် စောင့်ရှောက်ကြသော နတ်များက အနုရာဓ တပ်မတော်သားများ အသွင်ဖြင့် စောင့်ရှောက်၍ ပေးကြခြင်းသာ ဖြစ်၏။ ထို့ကြောင့်ပင် ခိုးသားဓားပြ သုံးယောက်တို့သည် ဇရပ်အနီးသို့ မကပ်နိုင်ဘဲ ထွက်ပြေးသွားကြလေသတည်း။
( လင်္ကာသာရ ) (ဒေါသကထာ တတိယမောင်းထောင်-၇၅-မှ )
( မြတ်မင်္ဂလာ ၁၉၉၃-ခု ဧပြီလ )
Subscribe to:
Post Comments (Atom)
No comments:
Post a Comment