Monday, March 23, 2009

သပ္ပဒါသ မထေရ်

မြတ်စွာဘုရား ဇေတ၀န်ကျောင်းတော်၌ သီတင်းသုံးတော်မူနေစဉ် သပ္ပဒါသမည်သော ရဟန်းတပါးသည် ရဟန်းတို့ကျင့်အပ်သော တရားများကို မကျိုးမပေါက် မပျောက်မကြားအောင် ကောင်းစွာကျင့်သုံးလျက်နေ၏။
သို့သော် သူသည် ရဟန်းဘ၀ကို မပျော်ပိုက်လေ၊ လူ့ဘ၀ကို ပြန်လည်ဝင်ရောက်ပြီး အိမ်ထောင်သက်မွေးရန်လည်း မသင့်တော်သော အလုပ်ဟု သဘောပိုက်မိ၏၊ ဤသို့သောအခြေအနေတွင် ဆက်လက်နေသော် အကျိုးမထူး၊ သေလိုက်လျှင်ကောင်းသည်ဟု စိတ်ကူးခါ မြွေကို အိုးထဲသို့ထည့်၍ အိုးတွင်းသို့ လက်နှိုက်၏၊ သို့သော် မြွေက မကိုက်။

ထို့နောက် သင်တုန်းဓားကိုယူကာ တောသို့သွား၏၊ ဓားကို လည်ပင်းပေါ်တင်၍ လှီးဖြတ်ခါနီးတွင် မိမိရဟန်းဘ၀၏ အကျင့်ဖြူစင်ခဲ့ပုံ၊ သိက္ခာပုဒ်များ လုံခြုံစွာ စောင့်စည်းခဲ့ပုံများကို ပြန်လည်ဆင်ခြင်မိခါ အလွန်ကြည်နူး နှစ်သက်သော ပီတိစိတ်များ ပေါ်လာ၏။ ပီတိစိတ်မှ တဆင့် ကြည်လင်အေးမြ ချမ်းသာသော စိတ်များ ဖြစ်ပေါ်လာ၍ ထိုစိတ်များကို ခွါပြီးနောက် စိတ်၏ အဖြစ်အပျက်ကို ၀ိပဿနာတင်၍ ရှုရာ အရဟတ္တမဂ်ဉာဏ် ရပြီး ရဟန္တာဖြစ်သွားလေသည်။

ထို့နောက် ၀မ်းမြောက်ရွှင်လန်းစွာ ကျောင်းတော်သို့ ပြန်သွားလေသည်၊ သင်တုန်းဓားကိုကိုင်ပြီး ပြန်လာသော ထိုရဟန်းကို အဖော်များက အကျိုးအကြောင်းမေးရာ ထိုရဟန်းက-စောစောက သတ်သေရန် သွားသည်၊ ယခုကိလေသာအားလုံးကို သတ်ပြီး၍ ပြန်လာခဲ့သည်၊ ဟု ဖြေ၏၊ ရဟန်းများက မယုံကြည်နိုင်ဘဲ အရဟတ္တမဂ်ဉာဏ်ကို ဤမျှမြန်မြန် ရနိုင်ပါသလား-ဟု မြတ်စွာဘုရားအား လျှောက်ထားကြရာ ဘုရားရှင်က အောက်ပါဂါထာကို ဟောကြားတော်မူလေသည်။

( ပါဠိဂါထာ )
ယော စ ၀ဿသတံ ဇီဝေ ၊ ကုသိတော ဟီန၀ီရိယော ။
ဧကာဟံ ဇီဝိတံ သေယျော ၊ ၀ီရိယ မာရဘတော ဒဠှံ ။

( မြန်မာပြန် )
လုံ့လ၀ီရိယ မရှိဘဲ ပျင်းရိစွာ အချိန်ဖြုန်းသောသူ၏ အနှစ်တရာ အသက်ရှင်ခြင်းထက်
လုံ့လ၀ီရိယ ဇွဲသန်သန်ဖြင့် ၀ိပဿနာဘာဝနာအလုပ် အားထုတ်သူ၏ တရက်နေရခြင်းက မြတ်၏။

( ဆောင်ပုဒ် )
နှစ်ပေါင်းတရာ၊ ရှည်ကြာအသက်၊ နေပါလျက်လည်း၊
မဖက်လုံ့လ၊ ၀ီရိယကင်း၊ အပျင်းစိတ်ပွား၊ တရားမကျင့်၊ ချိန်ကုန်လင့်က၊
မြင့်မြတ်စိတ်ထား၊ တရားဘာဝနာ၊ လွန်စွာကြိုးကုတ်၊ အားထုတ်သူ၏၊
နေသည့်အသက်၊ တရက်လောက်မျှ၊ ကျိုးမရသည်၊ လုံးဝအချည်းနှီးသာတည်း။

( သဟဿဝဂ်၊ သပ္ပဒါသထေရ၀တ္ထု )

No comments: