Wednesday, March 18, 2009

ဘို့ရှိတိုင်း ဥသဘ မထင်နဲ့

လွန်လေပြီးသောအခါ ဗာရာဏသီပြည်တွင် ဗြဟ္မဒတ်မင်းကြီး မင်းပြုစဉ် ဘုရားလောင်းသည် ရွာနိဂုံးတခုဝယ် သူဋ္ဌေးကြီးတဦးဖြစ်ခဲ့၏။ ဘုရားလောင်းသူဋ္ဌေးကြီးတွင် အချိန်တန် အရွယ်ရောက် လူလားမြောက်သည့် သားတယောက်ရှိရာ တနေ့သောအခါ သားအတွက် ဗာရာဏသီမြို့ရှိ သူဋ္ဌေးတဦး၏သမီးကို စေ့စပ်ကြောင်းလမ်း တောင်းရမ်းပြောဆိုကာ မင်္ဂလာနေ့ရက် သတ်မှတ်ခဲ့လေ၏။

ဗာရာဏသီ သူဋ္ဌေးကြီးသည် အိမ်တွင် မွေးမြူထားသော နွားလားဥသဘအား ကောင်းစွာပြုစု မြတ်နှိုးမှုဖြင့် ဂရုတစိုက် အရေးပေးလေ့ရှိ၏၊ ဤအခြင်းအရာကို သူဋ္ဌေးသမီးသည် နေ့တိုင်းနေ့စဉ် တွေ့မြင်နေရသဖြင့် နွားလားဥသဘအား လေးစားမှုရှိလေ၏။

တနေ့သော် သူဋ္ဌေးသမီးသည် လမ်းတွင် လူကုန်းတယောက်ကို မြင်လေရာ ဘို့ရှိသောနွားလားဥသဘကဲ့သို့ ဤသူလည်း ယောက်ျားဥသဘဖြစ်ပေမည်-ဟု မြှော်ရည်တွေးဆလျက် ဥစ္စာပစ္စည်းများကို ယူငင်ပြီး လူကုန်းနှင့် လိုက်ပြေးလေ၏။

ဘုရားလောင်း သူဋ္ဌေးကြီးလည်း မင်္ဂလာနေ့ ရက်ချိန်းစေ့သဖြင့် ဗာရာဏသီသူဋ္ဌေးသမီးကို ခေါ်ဆောင်ရန် အခြွေအရံတို့ဖြင့် လာရောက်စဉ် လမ်းတွင်ပင် သူဋ္ဌေးသမီးနှင့် လူကုန်းကို ပက်ပင်းတွေ့ဆုံလေသည်။

သူဋ္ဌေးသမီးနှင့် လူကုန်းမှာ တညလုံးခရီးနှင်ခဲ့သဖြင့် မအိပ်မစက်ရဘဲ ပင်ပန်းလှသောကြောင့် နံနက်မိုးသောက် အရုဏ်ရောက်ချိန်ဝယ် လူကုန်းတွင် ပြင်းထန်သော လေနာရောဂါ ထကြွလေသည်၊ သူဋ္ဌေးသမီးလည်း စောင်းကောက်သဏ္ဍာန် ကုန်းကွေးကွေး အိပ်နေသော လူကုန်း၏ခြေရင်းတွင် ထိုင်၍နေလေသည်။

ဘုရားလောင်းလည်း သူဋ္ဌေးသမီးကိုမြင်လျှင် ချစ်သမီး၊ သင်သည် မမေးမမြန်း မစုံစမ်းဘဲ အရမ်းမဲ့ပြုဘိသည်၊ ဤသူကား ပညာမရှိ၊ ရှေးကံဝဋ်ကပ်ငြိ၍ ခါးကုန်းနေသည့်သူမျှသာဖြစ်၏၊ အကြီးအကဲမဟုတ်သဖြင့် ဤလူကုန်းနှင့် မသင့်မမြတ် မပေါင်းအပ်ချေတကား-ဟု ဆို၏။

ထိုအခါ သူဋ္ဌေးသမီးက အရှင် အကျွန်ုပ်သည် နွားမင်းဥသဘ၏ကျောက်ကုန်း ထက်၌ လဘို့ရှိသည်ကို တွေ့မြင်၏၊ ဤသူ၏ ကျောက်ကုန်းသည်လည်း ကောက်ခုံးမောက်မို့နေ၍ လဘို့အသွင်ရှိသဖြင့် ယောက်ျား ဥသဘထင်ကာ ခင်မင်တပ်စွန်းမိခြင်း ဖြစ်ပါသည်-ဟု ဖြေကြားလေသည်။

ဘုရားလောင်းလည်း သူဋ္ဌေးသမီးသည် ငယ်ရွယ်သူဖြစ်၍ မသိမလိမ္မာ နားမလည်ရှာသောကြောင့် ဖြစ်ရလေသည်-ဟု တွေးတောဆင်ခြင်လျက် သန့်စင်စွာ ရေချိုး၍ ၀တ်စားဆင်ယင်စေပြီးလျှင် ရထားနှင့်တင်ကာ ခေါ်ဆောင်၍ သွားလေသည်။

ဤ၀တ္ထုဖြင့် ဘို့ရှိတိုင်း ဥသဘ မထင်နဲ့-ဟူသော စကားပုံ ဆိုရိုးတခု ဖြစ်ပေါ်လာလေသည်။

( နီတိ )
ဤပုံပြင်ဖြင့်၊ အသွင်အသွေး၊ အရေးအရာ၊ လက္ခဏာစု၊ တူပုံကိုရှုလျက်၊ အမှုကိစ္စ၊ သဘာဝလည်း၊ မုချဧကန်၊ အမှန်မခြား၊ ဖြစ်တကားဟု၊ ထင်စားယုံမှတ်၊ မပြုအပ်လေသတည်း။

( တက္ကသိုလ် တင်အေး )

No comments: