Monday, March 2, 2009

တရားမေ့သူ

မြတ်စွာဘုရား ဇေတ၀န်ကျောင်း၌ သီတင်းသုံးတော်မူစဉ် လက်ထပ်ပြီးစ ဇနီးမောင်နှံသည် မင်္ဂလာဆွမ်းကျွေးရန် ဘုရားရှင်အား ပင့်၏၊ သံဃာတော်များ ခြံရံလျက် ဘုရားရှင် ကြွရောက်တော်မူလာသောအခါ ဇနီးသည် စားဖွယ်သောက်ဖွယ်များကို ပေါ့ပါးဖျတ်လတ်စွာ လှုပ်ရှားသွားလာလျက် ပြင်ဆင်နေ၏။

ယောက်ျားသည် ဇနီးသည် သွားလာလုပ်ဆောင်သမျှကို တစေ့စေ့လိုက်ကြည့်ရင်း တဏှာရာဂမီးပွားကာ ဆွဲကိုင်ပွတ်သတ်ရန် ကြံစည်နေသည်၊ ရှေ့တွင်ရှိနေသော ဘုရားရှင်နှင့် သံဃာတော်များကို မေ့လျော့နေသည်၊ ရာဂစိတ် ထကြွသောင်းကျန်းနေသော ယောက်ျားကို ဘုရားရှင်သိမြင်တော်မူရာ ဇနီးကိုမမြင်အောင် တန်ခိုးတော်ဖြင့် ကွယ်လိုက်သည်၊

ထိုအခါကျမှ ယောက်ျားသည် ဘုရားရှင်နှင့်သံဃာတော်များအား သတိပြုမိကာ ပြုလုပ်ဖွယ်ရာများကို ပါဝင်လုပ်ကိုင်မိတော့၏၊ ပြုလုပ်ရင်း ကြည်ညိုစိတ်ပွားများလာသောအခါ ဘုရားရှင်က အောက်ပါတရားကို ဟောတော်မူရာ ဇနီးမောင်နှံနှစ်ဦးစလုံး သောတာပတ္တိဖိုလ်၌ တည်လေသည်။

( ပါဠိဂါထာ )
နတ္ထိ ရာဂသမော အဂ္ဂိ ၊ နတ္ထိ ဒေါသသမော ကလိ ။
နတ္ထိ ခန္ဓသမာ ဒုက္ခာ ၊ နတ္ထိ သန္တိပရံ သုခံ ။

( မြန်မာပြန် )
ရာဂနှင့်တူသော မီး မရှိ။
ဒေါသနှင့်တူသော အပြစ် မရှိ၊
ခန္ဓာကို ထိန်းသိမ်း စောင့်ရှောက်ရခြင်းနှင့်တူသော ဆင်းရဲ မရှိ၊
နိဗ္ဗာန်နှင့်တူသော ချမ်းသာ မရှိ။

( ဆောင်ပုဒ် )
ရာဂနှင့်တူ၊ မီးအပူကား၊ လူ့ရွာလောက၊ မရှိကြတည့်၊
ဒေါသတူလစ်၊ ထိုအပြစ်လည်း၊ စင်စစ်ရှားပါး၊ မရှိငြားတည့်၊
မွေးထားခန္ဓာ၊ စောင့်ရှောက်ရာ၌၊ များစွာဆင်းရဲ၊ ဖြစ်ရမြဲတည့်၊
လွန်ကဲချမ်းသာ၊ ပရမာနှစ်၊ သုခစစ်ကား၊ အပြစ်တစိ၊ မရှိကင်းရာ၊ နိဗ္ဗာန်သာတည်း။

( သုခ၀ဂ်-အညတရ ကုလဒါရိကာဝတ္ထု )

No comments: