Saturday, March 7, 2009

ကံ ကံ၏အကျိုး ( ၂၆ )

( ၀ဋ်လည်သူ )

ကျွန်မ၏အကိုလတ်သည် အသက် ၂၉-နှစ်အရွယ်တွင် တခြားရွာမှ အမျိုးသမီးတဦးနှင့် အိမ်ထောင်ကျပါသည်၊ အိမ်ထောင်မကျမီက ကျွန်မ၏မိဘများအိမ်တွင်နေစဉ် ဖားရိုက်ခြင်း၊ ငါးရှာခြင်းကို ၀ါသနာမပါခဲ့ပါ၊ မိဘများကလည်း ဖားရိုက် ငါးရှာသွားရန် မခိုင်းစေခဲ့ပါ၊ လယ်ထွန် ထယ်ထိုးရင်း ပေါ်လာသော ဖား ငါး တကောင်တလေကိုသာ အိမ်သို့ ယူဆောင်လာတတ်ပါသည်။

သို့သော် အိမ်ထောင်ကျပြီး ကလေးတယောက်ရ၍ သီးခြားအိမ်နှင့် နေထိုင်သောအခါ ဖားရိုက်ခြင်း ငါးရှာခြင်းကို အစွဲအမြဲပြုလုပ်၍ လာပါသည်။ ငါးရှာခြင်းထက် ဖားရိုက်ခြင်းကို အစဉ်အမြဲ ပြုလုပ်လာပါသည်၊ မိုတွင်းကာလရောက်တိုင်း ည ၁၂-နာရီလောက်တွင် ဖားရိုက်ထွက်လေ့ရှိပါသည်။ ညတွင် ရိုက်ယူခဲ့သော ဖားများကို အကို၏ ဇနီးဖြစ်သူက နံနက်ဈေးတွင် သွားရောက်ရောင်းချရာ နေ့စဉ် ငွေတရာကျပ်ကျော် ရရှိပါသည်။

ကျွန်မ၏အကိုသည် မိဘများအိမ်တွင် လယ်အကူလုပ်သဖြင့် စပါးပေါ်ချိန်တွင် စပါး တင်း ၈၀-ရရှိသည်၊ တခြား ပျိုးနှုတ်ခများလည်း ရရှိသဖြင့် သူတို့မိသားစု၏ စားဝတ်နေရေးမှာ ပူပင်စရာ မလိုလှပေ၊ သို့သော်လည်း ဇနီးဖြစ်သူ ငွေကို ဖောဖောသီးသီး သုံးစွဲနိုင်ရန် အင်္ကျီ လုံချည် အသစ်အဆန်းများ ၀တ်စားနိုင်ရန်အတွက် မိုးတွင်းကာလရောက်တိုင်း ဖားရိုက်ရောင်းလေ့ရှိပါသည်။

ဤသို့ ပြုလုပ်ရာမှ တနေ့တွင် ကျွန်မအကိုသည် ခါးအလိုလိုနာလာပြီး စောင်း၍သွားပါသည်၊ ခါးမှတဆင့် ခြေသလုံးများ၊ ခြေမျက်စိများပါ မခံမရပ်နိုင်အောင် နာလာသဖြင့် အလိုလေး အမလေး တကျွတ်ကျွတ်နှင့် ညည်းညူနေရပါသည်။ ရောဂါမှာ မပျောက်၊ ယနေ့တိုင် ခံစားနေရပါသည်။

ဤကဲ့သို့ ကျွန်မ၏ အကိုသည် ထိခိုက်ဒဏ်ရာရခြင်း မရှိဘဲ ခါးနှင့် ခြေထောက်များ နာလာရခြင်းမှာ ဖားများကို မညှာမတာ ရိုက်သတ်မှုကြောင့် ဖြစ်သည်-ဟု အများက ယုံကြည်နေကြပါသည်။

( သပြေခက်-မြန်မာစာ )
********************************************************************************

( မိုးကြိုးပစ်ခံရသူ )

ဆားလင်းကြီးမြို့နယ် ဖောင်းကားရွာတွင် ဦး----နှင့် ဒေါ်-----တို့၏သား မောင်လွင်ဆိုသူ ရှိပါသည်။
၁၃၅၁-ခုနှစ် တော်သလင်းလပြည့်ကျော် ၁၀-ရက်နေ့ နံနက်ပိုင်းအချိန်တွင် မိဘများက မောင်လွင်ကို တောသို့ မြက်ရိတ်ခိုင်းသည်၊ ထိုအခါ မောင်လွင်က မသွားချင်၊ မလုပ်ချင်-ဟု ငြင်းဆန်လေ၏။

ဖခင်က မင်းကလည်းကွာ ကိုယ်လုပ်နေကျ အလုပ်ကို လုပ်မှပေါ့-ဟု ပြောကြား၏၊ မောင်လွင်ကလည်း မလုပ်ချင်ကြောင်းသာ ဇွတ်တရွတ် ပြန်ပြောသည်၊ သို့နှင့်ပင် မောင်လွင်သည် ဖခင်ကို ခွန်းကြီးခွန်းငယ် ပြန်လှန်ပြောဆိုရင်း ဒေါသကြီးလာ၏။

သူသည် ငှက်ကြီးတောင် ဓားကြီးကို ကိုင်ပြီး ခင်ဗျားကို သတ်ကိုသတ်မယ်၊ မကျေနပ်ဘူး-ဟု ပြောကာ ဖခင်အား ဓားကြိမ်း ကြိမ်းလိုက်၏၊ ဖခင်လည်း သားရန်ကို ကြောက်၍ ရွာဦးဘုန်းတော်ကြီးကျောင်းသို့ သွားပြီး ခိုလှုံနေရသည်။

ထိုနေ့ကား မိုးရွာသောနေ့ ဖြစ်၏၊ မောင်လွင်သည် မိုးရွာကြီးထဲတွင် စိတ်ဆိုးမာန်ဆိုးနှင့်ပင် သူငယ်ချင်းများနှင့်အတူ တောသို့ မြက်ရိတ် ထွက်သွားလေ၏၊ သတ္တုတူးဖော်ရေး ကြေးစင်တောင်နား အရောက်တွင် မောင်လွင်သည် ရုတ်တရက် မိုးကြိုးပစ်ခံရ၏၊ ထိုနေရာမှာပင် သေဆုံးသွားသည်၊ အဖော်သူငယ်ချင်းများမှာ မိုးကြိုးဘေးမှ ကင်းလွတ်ကြသည်။

ရွာသူရွာသားများက မောင်လွင်ဟာ ဖခင်ကို ဓားကြိမ်း ကြိမ်းလို့ အခုလို မိုးကြိုးပစ်ခံရတာပဲ-ဟု ပြောဆိုကြလေသည်။

( ပုပ္ပါး နန္ဒာနွဲ့ယဉ်အေး )

( မြတ်မင်္ဂလာ ၁၉၉၂-ခု ဇွန်လ )

No comments: