မြတ်စွာဘုရားသည် ဇေတ၀န်ကျောင်းတော်၌ သီတင်းသုံးနေတော်မူစဉ် ကာဠီမည်သော ဘီလူးမတဦးသည် အမျိုးသမီးတယောက်၏ သားငယ်ကို ဖမ်းယူစားသောက်ရန် အတင်းလိုက်ရာ အမျိုးသမီးသည် ဘုရားရှင် တရားဟောနေသော ကျောင်းတော်တွင်းသို့ ၀င်ပြေးကာ သားငယ်ကို ဘုရားရှင်၏ခြေတော်ရင်းတွင် ချထားပြီး ကာကွယ်လေသည်။
ဘီလူးမသည် ကျောင်းတွင်းသို့ ၀င်ရောက်ရန် မတတ်နိုင်၊ ဘုရားရှင် သိတော်မူ၍ ၀င်ခွင့်ပြုမှ ဘီလူးမ ၀င်ရောက်လာလေသည်၊ ရှင်တော်ဘုရားက ဘီလူးမနှင့် အမျိုးသမီးတို့၏ ဘ၀ဟောင်းက ရန်ငြိုးကို ညွှန်ပြတော်မူ၍ ရန်ပြေငြိမ်းရေးတရားကို ဟောတော်မူလေသည်၊
သင်တို့သည် တခုသောဘ၀တွင် အမျိုးသားတဦး၏ဇနီး ဖြစ်ခဲ့ကြသည်၊ တဦးက အမြုံမဖြစ်ပြီး သားသမီးမရနိုင်ဘဲရှိစဉ် တဦးက ကိုယ်ဝန်တည်ရာ အမြုံမက သုံးကြိမ်တိုင်တိုင် ကိုယ်ဝန်ဖျက်ချစေခဲ့သည်၊ ထိုအဖြစ်ကို အခဲမကျေနိုင်သော အမျိုးသမီးက နောက်ဘ၀များတွင် လက်စားချေနိုင်ရပါလို၏-ဟု ဆုတောင်းခဲ့သည်။
နောက်ဘ၀တွင် တဦးက ကြောင်ဖြစ်ပြီး တဦးက ကြက်မဖြစ်ရာ ပေါက်ဖွားသမျှ ကြက်ကလေးများကို ကြောင်က စားပစ်သည်၊
နောက်ဘ၀တွင် ကြောင်က သမင်မဖြစ်ပြီး၊ ကြက်မက ကျားသစ်ဖြစ်ရာ ကျားသစ်သည် သမင်လေးများကို စားလေသည်။
ယခုဘ၀တွင် ကျားသစ်က လူဖြစ်၍ သမင်မက ဘီလူးမ ဖြစ်နေကြသည်၊
ဤအတိုင်း တလှည့်စီဖြစ်နေကြလျှင် ဘယ်အခါမှ ရန်ပြေငြိမ်းမည်မဟုတ်၊ သည်းခံ၍ မေတ္တာတရား ထားကြလေ-ဟု ညွှန်ပြကာ အောက်ပါဂါထာကို ဟောတော်မူရာ ဘီလူးမနှင့် အမျိုးသမီး တဦးနှင့်တဦး မေတ္တာထား၍ ကလေးကို ချစ်ခင်ယုယစွာ ကိုင်ယူပြီး ရန်ပြေငြိမ်းကြသည်။
( ပါဠိဂါထာ )
န ဟိ ဝေရေန ဝေရာနိ ၊ သမ္မန္တီဓ ကုဒါစနံ ။
အဝေရေန စ သမ္မန္တိ ၊ ဧသ ဓမ္မော သနန္တနော ။
( မြန်မာပြန် )
ဤလောက၌ ရန်တုံ့မူခြင်းဖြင့် ရန်တို့သည် အဘယ်အခါမျှ မပြေငြိမ်းနိုင်ကုန်။
ရန်မတုံ့မူခြင်းဖြင့်သာလျှင် ရန်ပြေငြိမ်းနိုင်ကုန်၏။
ဤသဘောကား အစဉ်အလာ ဓမ္မတာသဘောတည်း။
( ဆောင်ပုဒ် )
တဦးဦးက၊ ရန်လာစသော်၊
စသည့်ရန်လျှင်၊ မပွားခင်က၊
ခုတ်ထွင်ပယ်သတ်၊ အမြန်ဖြတ်မှ၊
ရန်ထပ်မရှိ၊ အေးငြိမ်းဘိ၏။
ရှိသည့်ရန်ငယ်၊ မပယ်ကြွင်းကျန်၊ ရန်တုံ့ပြန်လျှင်၊
ထိုရန် ခက်လက်၊ မကျေပျက်ဘဲ၊
ဆက်ကာဆက်ကာ၊ ပွားများလာသည်၊
စဉ်လာရှေးရိုး သဘောတည်း။
( ယမက၀ဂ်၊ ကာဠယက္ခိနီဝတ္ထု )
Sunday, March 29, 2009
Subscribe to:
Post Comments (Atom)
No comments:
Post a Comment