Tuesday, March 3, 2009

ကိုယ် နှုတ် စိတ် စောင့်စည်းခြင်း

တနေ့သ၌ အိုမင်းကြီးရင့်၍ အသက် ၁၂၀-အရွယ်ရှိသော ပုဏ္ဏားအို နှစ်ယောက်သည် မြတ်စွာဘုရားထံ ချဉ်းကပ်ပြီးလျှင် အရှင်ဂေါတမ-အကျွန်ုပ်တို့သည် အိုမင်းကြီးရင့်၍ အသက် ၁၂၀-အရွယ်သို့ ရောက်ကြပါပြီ၊
ငရဲ တိရစ္ဆာန် ပြိတ္တာ အသုရကာယ် တည်းဟူသော အပါယ်လေးဘုံမှ ကင်းဝေးမည့် ကောင်းမှုကုသိုလ်ကိုမူ မပြုလုပ်ကြရသေးပါ၊ အကျွန်ုပ်တို့အား ရှည်ကြာလေးမြင့်စွာ အစီးအပွားဖြစ်ခြင်း၊ ချမ်းသာခြင်း ဖြစ်နိုင်သော အဆုံးအမကို ပေးတော်မူပါ-ဟူ၍ လျှောက်ထားကြ၏။

ထိုအခါ မြတ်စွာဘုရားက ပုဏ္ဏားတို့-ဤသတ္တလောကကို အိုခြင်းမီး၊ နာခြင်းမီး၊ သေခြင်းမီးတို့သည် လောင်မြိုက်လျက် ရှိသည်၊ ထို့ကြောင့် မျက်မှောက်ဘ၀၌ ကိုယ်ဖြင့်စောင့်စည်းခြင်း၊ နှုတ်ဖြင့်စောင့်စည်းခြင်း၊ စိတ်ဖြင့်စောင့်စည်းခြင်းတို့ ပြုရမည်။
ယင်းသို့ စောင့်စည်းမှုသည် တမလွန်ဘ၀သို့ ပြောင်းသွားသူ၏ ခိုကိုးရာလည်း ဖြစ်၏၊ ပုန်းအောင်းရာလည်း ဖြစ်၏၊ မှီခိုရာလည်း ဖြစ်၏၊ ကိုးကွယ်ရာလည်း ဖြစ်၏၊ လည်းလျောင်းရာလည်း ဖြစ်၏။

ပုဏ္ဏားတို့-အိမ်ကို မီးစွဲလောင်သည်ရှိသော် အကြင်အိုးခွက်စသောပစ္စည်းကို ထုတ်ယူထားအပ်၏၊ ထိုထုတ်ယူထားအပ်သည့် အိုးခွက်စသည့် ပစ္စည်းသည်၎င်း။ ထိုအိမ်၌ အကြင်အကြင်ပစ္စည်းကို မီးမလောင်၊ ထိုမီးမလောင်သော ပစ္စည်းတို့သည်၎င်း၊ အိမ်ရှင်၏အကျိုးငှါ ဖြစ်၏။
ဤအတူပင် သတ္တလောကကို အိုခြင်းမီး၊ နာခြင်းမီး၊ သေခြင်းမီးတို့ စွဲလောင်နေရာ ချမ်းသာကိုပေးစွမ်းနိုင်သော ကုသိုလ်ကောင်းမှုကို ပြုခြင်းဖြင့် ထုတ်ယူအပ်၏၊ ပေးလှူအပ်ပြီးသော အလှူဒါနသည် ကောင်းစွာထုတ်ယူထားအပ်ပြီး မည်၏။

ဤမျက်မှောက်ဘ၀၌ ကိုယ် နှုတ် စိတ်ဖြင့် စောင့်စည်းခြင်းသည်၎င်း၊ အသက်ဝိညာဉ် ရှင်နေစဉ် ကောင်းမှုပြုခြင်းသည်၎င်း၊ တမလွန်ဘ၀သို့ ပြောင်းသွားသူအား ချမ်းသာမှုကို ဖြစ်စေ၏-ဟူ၍ ဆိုဆုံးမတော် မူလေသည်။

( ဒုတိယ ဒွေဗြာဟ္မဏသုတ်၊ အင်္ဂုတ္တိုရ် )

No comments: