မြတ်စွာဘုရား ဇေတ၀န်ကျောင်းတော်၌ သီတင်းသုံးတော်မူနေစဉ် အဂ္ဂသာဝကကြီးတို့၏ တပည့်ဖြစ်သော အဿဇိရဟန်းနှင့် ပုနဗ္ဗသုကရဟန်းနှစ်ပါးရှိကြ၏၊ သူတို့သည် အခြံအရံ ရဟန်းများနှင့်တကွ သစ်သီးပန်းမာလ် စိုက်ပျိုးခြင်း၊ ရောင်းချခြင်း စသော ရဟန်းနှင့် မလျော်သည့် အလုပ်များကို လုပ်လျက် အသက်မွေးနေကြသည်၊
ဘုရားရှင်သည် ထိုအကြောင်းကို ကြားတော်မူရာ အရှင်သာရိပုတ္တရာနှင့် အရှင်မောဂ္ဂလ္လာန်တို့ကို ခေါ်တော်မူ၍ ဒကာ ဒကာမများ၏ သဒ္ဓါတရားကို ဖျက်ဆီးသော ထိုရဟန်းဆိုးများကို သွားရောက်ဆုံးမချေ။ မနာယူသူများကို ကျောင်းမှ နှင်ထုတ်လေ-ဟု စေခိုင်းတော်မူ၏၊ အဂ္ဂသာဝကကြီးများက သွား၍ဆုံးမရာတွင်
အချို့က အဆုံးအမကို ကောင်းစွာနာယူကြကုန်၏၊
အချို့က လူထွက်ကြကုန်၏၊
အချို့က ပဗ္ဗာဇဇနိယကံသို့ ရောက်ကုန်၏၊
ဤအဖြစ်နှင့်စပ်၍တရားသဘင်တွင် အောက်ပါဂါထာကို ဟောတော်မူလေသည်။
( ပါဠိဂါထာ )
သြ၀ဒေယျာ,နုသာသေယျ ၊ အသဗ္ဘာ စ နိဝါရယေ ။
သတံ ဟိ သော ပိယော ဟောတိ ၊ အသတံ ဟောတိ အပ္ပိယော ။
( မြန်မာပြန် )
အပြစ်ရောက်သောအခါ အပြစ်ကိုပြ၍ အပြစ်နှင့်လျော်စွာ ဆိုဆုံးမရာ၏၊
အမှုမရောက်မီ မကောင်းမှု မပြုမိလေအောင် ကြိုတင်ဆုံးမတားမြစ်ရာ၏၊
ထိုသို့ ဆုံးမတတ်သူကို လူကောင်းများက ချစ်မြတ်နိုး၏၊
လူမိုက်များကား နားမ၀င်နိုင်၊ မနှစ်သက်နိုင်။
( ဆောင်ပုဒ် )
ကျူးလွန်မိငြား၊ အပြစ်များကို၊ မပွားစေရန်၊ ဖန်ဖန်ထပ်ထပ်၊ ဆုံးမအပ်၏။
နောက်ထပ်မှားပြစ်၊ မဖြစ်စေလို၊ ကြိုတင်နားချ၊ ဆိုဆုံးမ၏။
လမ်းပြညွှန်သူ၊ ဤသို့သူကို၊ လူတော်လူကောင်း၊ နာယူငြောင်း၏။
မကောင်းစိတ်ထား၊ လူမိုက်များကား၊ နားမ၀င်ချင်၊ မုန်းစိတ်ယှဉ်၏။
( မဏ္ဍလ၀ဂ်၊ အဿဇိ ပုနဗ္ဗသုက ၀တ္ထု )
Wednesday, March 25, 2009
Subscribe to:
Post Comments (Atom)
No comments:
Post a Comment