Sunday, March 8, 2009

ဒေါသထိန်းမှ အေးငြိမ်းမည်

စိတ်ဆိုးသည်၊ အမျက်ထွက်သည်၊ ဒေါသဖြစ်သည် ဆိုသော ဝေါဟာရများသည် တသဘောတည်း ဖြစ်သည်။
စိတ်ဆိုးလျှင် ရုပ်ပါဆိုး၍ စိတ်ကောင်းလျှင် ရုပ်ပါကောင်းသည်၊ ကြည်လင်သည်၊ လန်းဆန်းသည်၊ ဤသဘောကို လူတိုင်း တွေ့ကြုံဘူးသည်၊ သိကြသည်၊ သို့သော် သတိပြုမိသူ နည်းပါသည်။ ထို့ကြောင့်ပင် လူတိုင်းလိုလို စိတ်ဆိုးမှုများ ခဏခဏ ဖြစ်ပေါ်လာတတ်ကြသည်။

တနေ့တာအတွက် ပြုလုပ်ဆောင်ရွက်မှုများတွင် စိတ်အနှောင့်အယှက် ဖြစ်စရာများ ပေါများလှပါ၏၊ တဦးတယောက်ကို ချိန်းဆိုထားပြီး မပေါ်လာလျှင်၊ နောက်ကျလွန်းလျှင် စိတ်ငြိုငြင်သည်။ တန်းစီစောင့်ဆိုင်းပြီး အဆင်မပြေလျှင် စိတ်တိုသည်၊ ကားဂိတ်တွင် စောင့်ဆိုင်းရင်း ရောက်သင့်ရောက်ထိုက်ချိန် မရောက်လာလျှင် စိတ်ပျက်လာသည်၊ မိမိလိုလားသောကိစ္စ မျှော်လင့်သလို မဖြစ်လာလျှင် မကျေမနပ်ဖြစ်သည်၊ မိမိကို အတိုက်အခံ ပြောဆိုပြုလုပ်လျှင် အမျက်ထွက်သည်၊ မိမိအား အပြစ်ပြောသည်၊ ကဲ့ရဲ့ရှုတ်ချသည်ဟု ကြားရလျှင် ဒေါသဖြစ်သည်၊ ထိုထို အကြောင်းများသည် အတွင်းစိတ်ကို ထကြွလှုပ်ရှားစေသည်၊ တရားကိုယ်မှာ ဒေါသ စိတ်ပင် ဖြစ်သည်။

ထိုပြောင်းလဲလာသော အတွင်းစိတ်သည် အပြင်ရုပ်တွင် ပေါ်လွင်လာသည်၊ မျက်နှာနီးမြန်းလာခြင်း၊ အသံကျယ်လာခြင်း၊ မာကျောလာခြင်း၊ တုန်လာခြင်းများ ဖြစ်လာသည်၊ ထို့ထက်ပိုလာသောအခါ အော်ဟစ်ခြင်း၊ ဆဲရေးတိုင်းထွာခြင်း၊ နီးရာပစ္စည်းဝတ္ထုနှင့် ပေါက်ခြင်း စားပွဲကုလားထိုင် ထုရိုက်ခြင်းများ ဖြစ်လာတတ်သည်။

စိတ်ဆိုးလွယ်သူသည် တယ်လီဖုန်းဆက်ရာ၌ပင် လွယ်လွယ်နှင့် ခေါ်မရလျှင် ဖုန်းကို ဆောင့်ချတတ်သည်၊ မိမိ၏ကားကို တဦးတယောက်က အတင်းကျော်တက်လျှင် အမီလိုက်၍ အော်ဟစ်ဆဲရေးလိုက်ချင်သည်၊ သေးငယ်သော ဖြစ်ရပ်ကလေးမှစ၍ ဒေါသစိတ် တဖြည်းဖြည်း ကြီးထွားလာပြီး အမှုအခင်းဖြစ်ကာ နှစ်ဦးနှစ်ဖက် အကျိုးမဲ့ ဖြစ်ကြရပုံကို တွေ့ကြုံဖူးကြပေလိမ့်မည်။

အမျက်ဒေါသ ဖြစ်ဖန်များလျှင် ကျန်းမာရေးကိုပင် ထိခိုက်နိုင်သည်၊ ဒေါသဖြစ်လေ့ရှိသူသည် အစာအိမ်ရောဂါ၊ ဓာတ်ချုပ်ရောဂါ၊ သွေးတိုးရောဂါ၊ နှလုံးရောဂါများ အဖြစ်များသည်ဟု ဆေးပါရဂူများက ညွှန်ပြကြသည်၊ ထို့ကြောင့် ဖြစ်ရပ်တခုခုကြောင့် စိတ်တို စိတ်ပျက် စိတ်ဆိုး အမျက်ထွက်စပြုလျှင် ထိုစိတ်ကို ကြီးထွားမလာစေဘဲ ဒေါသညွန့်ကို နှိမ်ချိုး၍ အမျက်ကို ထိန်းချုပ်နိုင်အောင် ကြိုးစားကာ အေးငြိမ်းခြင်းကို ရကြပါစေ။

No comments: