မြတ်စွာဘုရားသည် ဇေတ၀န်ကျောင်းတော်၌ သီတင်းသုံးတော်မူစဉ် ဥဒါယီအမည်ရှိ ရဟန်းတပါးရှိ၏၊ ထိုရဟန်းသည် မထေရ်ကြီးများ မရှိသော အချိန်တွင် တရားဟောပလ္လင်ပေါ်တက်ပြီး ဓမ္မကထိကကြီး ယောင်ယောင် ထိုင်နေလေ့ရှိ၏၊ ကျောင်းတော်သို့ရောက်လာကြသော အာဂန္တု ရဟန်းတော်တို့သည် ဥဒါယီမထေရ်ကို တရားရှင်ပုဂ္ဂိုလ်ကြီး-ဟု ယူမှတ်ပြီး ခန္ဓာ အာယတန စသော တရားသဘောများ မေးမြန်းကြ၏။
တစုံတရာ ဖြေဆိုနိုင်ခြင်း မရှိလေ။ ထိုအခါ အာဂန္တုရဟန်းတို့က ဤသူသည် ဘုရားရှင်၏ အနီးမှာ နေလျက် ခန္ဓာ အာယတန ဓာတ်သဘောများကိုမျှ မသိ-ဟု ကဲ့ရဲ့ကြသည်။
ဤအကြောင်းကို ကြားသိတော်မူသော မြတ်စွာဘုရားက အောက်ပါဂါထာကို အစချီ၍ တရားဟောတော်မူရာ ဒေသနာတော်အဆုံး၌ အာဂန္တုရဟန်းများ အာသဝေါကင်းကွာ ရဟန္တာဖြစ်ကြလေကုန်၏။
( ပါဠိဂါထာ )
ယာဝ ဇီဝမ္ပိ စေ ဗာလော ၊ ပဏ္ဍိတံ ပယိရုပါသတိ ။
န သော ဓမ္မံ ၀ိဇာနာတိ ၊ ဒဗ္ဗိ သူပရသံ ယထာ ။
( မြန်မာပြန် )
ဟင်းမွှေသော ယောက်မသည် ကာလကြာမြင့်စွာ ဟင်းကို မွှေသော်လည်း အပေါ့ အငန် အဖန် အစပ်-စသော ဟင်း၏အရသာကို မသိသကဲ့သို့
သူမိုက်သည် အသက်ရှည်သမျှ ကာလပတ်လုံး ပညာရှိ၏ အနီးတွင်နေ၍ ဆည်းကပ်ငြားသော်လည်း သူတော်ကောင်းတရား အရသာကို မသိလေ။
( ဆောင်ပုဒ် )
ဟင်းအိုးထဲနေ၊ ဟင်းမွှေယောက်မ၊ သစ်သားစသည်၊ ဟင်းအရသာ၊ မသိရှာသို့၊
ပညာမဲ့ထ၊ လူ့ဗာလသည်၊ ကာလရှည်ကြာ၊ နီးကပ်စွာဖြင့်၊ ပညာရှိအား၊ ဆည်းကပ်ငြားလည်း၊
တရားအရသာ၊ မသိရှာတည်း။
( ဗာလ၀ဂ် ဥဒါယိတ္ထေရ ၀တ္ထု )
Friday, March 6, 2009
Subscribe to:
Post Comments (Atom)
No comments:
Post a Comment