( စေတနာအကျိုးပေး )
ဗုဒ္ဓမြတ်စွာဘုရားသခင် လက်ထက်တော်က ခိုးသူကြီးတဦးရှိသည်၊ ထိုခိုးသူကြီးသည် သူတပါးဥစ္စာကို ခိုးရုံမက သူတပါး အသက်ကိုလည်း သတ်၏၊ အိုးအိမ်၊ စည်းစိမ်တို့ကိုလည်း ဖျက်ဆီး၏၊ သူ့ဘ၀တလျှောက်လုံးတွင် မှတ်မှတ်ရရ ပြုလုပ်ခဲ့သော ကုသိုလ်ကောင်းမှုဟူ၍ ပင့်ကူငယ် တကောင်၏အသက်ကို ချမ်းသာပေးဖူးခြင်း တခုသာ ရှိခဲ့သည်။
တခါက ထိုခိုးသူကြီးသည် တောလမ်းခရီးတခုကို သွားစဉ် လမ်းပေါ်တွင် ပင့်ကူငယ်တကောင် တွားသွားနေသည်ကို တွေ့ရသည်၊ သူသည် ထိုပင့်ကူငယ်ကို အမှတ်မထင် နင်းမိမည်ပြုသည်၊ ထိုစဉ် သူသည် ရုတ်တရက် ပင့်ကူငယ်ကို သနားစိတ် ၀င်လာမိသည်၊ ထို့ကြောင့် သူသည်
ငါ-နင်းသတ်လိုက်ရင် ဘာမှ အပြစ်မရှိတဲ့ ပင့်ကူကလေး သေရတော့မယ်၊ သူ့လို ဘာမှအပြစ်မရှိတဲ့ သူကို
ငါ ဒုက္ခမပေးသင့်ဘူး-ဟု အသိတရားဖြင့် ပင့်ကူငယ်ကို အသက်ချမ်းသာပေးလိုက်သည်။
ထိုခိုးသူကြီး သေလွန်သောအခါ သူမသေမီက ပြုခဲ့သော အကုသိုလ်တရားများ၏ အကျိုးဆက်ကြောင့် ငရဲသို့ ကျရောက်သွားသည်၊ သူသည် အခြားသော ငရဲသားများနှင့်အတူ ဒုက္ခအမျိုးမျိုးကို ခံစားနေရသည်။
ထိုစဉ် မြတ်စွာဘုရားသည် ငရဲသို့ရောက်နေသော ခိုးသူကြီးကို မြင်တော်မူသည်၊ ဘုရားရှင်သည် ထိုခိုးသူကြီးအား ကယ်တင်လို၍ သူ့တွင် ကုသိုလ်ကောင်းမှု တခုခု ရှိသလော-ဟု တန်ခိုးတော်ဖြင့် ကြည့်တော်မူသည်၊ ထိုအခါ ခိုးသူကြီးသည် လူ့ပြည်တွင် ရှိစဉ်က ပင့်ကူငယ်တကောင်၏ အသက်ကို ချမ်းသာပေးခဲ့ပုံကို မြင်တော်မူသည်၊ ထို့ကြောင့် သူ၏ ကုသိုလ်ကောင်းမှုကို အကြောင်းပြုပြီး သူ့အား ကယ်တင်ရန် ကြံသည်၊ ကံအားလျော်စွာပင် အနီးအနား၌ ပင့်ကူအိမ် ရက်လုပ်နေသော ပင့်ကူတကောင်ကို မြင်သည်၊ ဘုရားရှင်သည် ပင့်ကူမျှင်တခုကို သူ၏တန်ခိုးတော်ဖြင့် ခိုးသူကြီးရှိရာ ငရဲဘုံသို့တိုင်အောင် ကျရောက်စေသည်။
ခိုးသူကြီးသည် ပင့်ကူမျှင်ကလေး ကျလာသည်ကို မြင်လျှင် ၀မ်းသာအားရ လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်ကာ အပေါ်သို့တွယ်တက်သည်၊ တဖြည်းဖြည်း အပေါ်သို့ ရောက်ခါနီးလာသည်၊ ထိုစဉ် သူတွယ်တက်ခဲ့သော ပင့်ကူမျှင်ကြိုးမှာ လေးလံလာသည့်အတွက် အောက်သို့ ငုံ့ကြည့်လိုက်သည်၊ ငရဲဘုံမှ ငရဲသား မြောက်မြားစွာတို့သည် သူ့နည်းတူပင် ပင့်ကူမျှင်ကြိုးကို တွယ်တက်လာကြသည်ကို တွေ့ရသည်။
ဤအခြင်းအရာကို မြင်ရသောအခါ သူသည် အံ့သြခြင်း၊ ကြောက်လန့်ခြင်းတို့ဖြင့် တကိုယ်လုံး တဆတ်ဆတ် တုန်လာသည်၊ ဤသူများ တက်လာလျှင် ပင့်ကူမျှင်ကြိုးလေးမှာ သူတို့၏ အလေးချိန်ဒဏ်ကို မခံနိုင်တော့ဘဲ ပြတ်ကျသွားမည်၊ သို့ဆိုလျှင် သူတို့နှင့်အတူ သူပါရော၍ ငရဲဘုံသို့ ပြန်ကျရပေတော့မည်-ဟုလည်း တွေးမိလာသည်၊ ထို့ကြောင့် သူသည် နောက်မှတက်လာသူများအား ဟေ့-လူတွေ၊ ကြိုးကို တွယ်မတက်ကြနဲ့၊ ဒီကြိုးက ငါ့ကြိုး၊ မင်းတို့နဲ့ မဆိုင်ဘူး၊ အောက်ကို မြန်မြန်ပြန်ဆင်းကြ-ဟု တကိုယ်ကောင်းဆန်စွာ အော်ပြောလိုက်သည်။
ထိုသို့ပြောလိုက်သည်နှင့် တပြိုင်နက် ပင့်ကူမျှင်ကြိုးကလေးသည် ရုတ်တရက် ပြတ်ကျသွားတော့သည်၊ ခိုးသူကြီးလည်း ကျန်ငရဲသားများနဲ့အတူ ငရဲဘုံသို့ ပြန်ကျသွားလေတော့သည်၊ သူ့စေတနာသည်ပင် သူ့ကို အကျိုးပေးခြင်း ဖြစ်သည်၊ ဘုရားရှင်သည် မကယ်တင်နိုင်တော့ပေ။
( ခင်ရီဝင်း )
( မြတ်မင်္ဂလာ ၁၉၉၃-ခု ဇန်န၀ါရီလ )
Subscribe to:
Post Comments (Atom)
No comments:
Post a Comment