Tuesday, March 31, 2009

သတိ-သတိ-သတိ-အစဉ်ရှိပြီး အမြဲသိနေပါ

နံနက်စောစော အိပ်ရာမှ နိုးလာသည်၊ လူးလွန့်ပြီး အိပ်ရာမှ ထသည်၊ ရေရှိရာသို့ သွားသည်၊
ဘယ်လက်ဖြင့် ရေခွက်ကို ကိုင်သည်၊ ရေခပ်သည်၊ ရေကို ညာလက်ပေါ် လောင်းသည်၊ ဆပ်ပြာကို ကိုင်သည်၊
မျက်နှာကို ဆပ်ပြာနှင့် ပွတ်တိုက်သည်၊ ရေနှင့် မျက်နှာသစ်သည်၊ သွားပွတ်တံ ယူသည်၊ သွားတိုက်ဆေး ယူသည်၊ သွားပွတ်တံပေါ် သွားတိုက်ဆေး တင်သည်၊ ပါးစပ်ရှေ့ ယူလာသည်၊ ပါးစပ်ဟသည်၊ သွားပွတ်တံကို ပါးစပ်ထဲ ထည့်သည်၊ သွားတိုက်သည်၊ ရေငုံသည်၊ ပလုပ်ကျင်းသည်၊ စသည်-----စသည်ဖြင့် လှုပ်ရှားပြုလုပ်သမျှကို သတိကပ်၍ သိနေပါ။

ထို့နောက်လည်း မြင်သမျှ ကြားသမျှ ထိသမျှ သိသမျှ စားသမျှ သောက်သမျှ သွား,ရပ်,ထိုင်,လျောင်း လှုပ်ရှားပြုလုပ်သမျှကို အမှတ်မလွတ်စေဘဲ သတိကပ်၍ သိနေပါစေ၊ ဤသည်မှာ မြတ်ဗုဒ္ဓ၏ အဆုံးအမကမ္မဋ္ဌာန်း ဖြစ်ပါသည်။

သတိသည် ဘ၀တလျှောက်လုံးတွင် အရေးကြီးလှ၏၊ သာမည လောကီကိစ္စငယ်လေးတွေ၌ပင် သတိအမြဲယှဉ်နေလျှင် အကျိုးများပါလိမ့်မည်၊ နေ့စဉ် သွားလာလုပ်ကိုင်နေစဉ် သတိရှိခြင်းဖြင့် မတော်တဆ ချော်လဲခြင်း၊ လက်ခြေကျိုးခြင်း၊ ဒဏ်ရာရခြင်း၊ လိမ့်ကျခြင်း။ ထိခိုက်အနာတရ ဖြစ်ခြင်း၊ ခါးပိုက်နှိုက်ခံရခြင်း၊ လုယက်ခံရခြင်း၊ လွတ်ကျကွဲရှခြင်း၊ ပျောက်ဆုံးခြင်း စသော မလိုလားအပ်ဖွယ်များ နည်းပါးပါလိမ့်မည်။
သံသရာရေးတွင် မဂ်ဖိုလ်နိဗ္ဗာန်အထိ အကျိုးပေးနိုင်ပါသည်၊

သတိပဋ္ဌာန်တရားတော်တွင် ကာယာနုပဿနာ၊ ဝေဒနာနုပဿနာ၊ စိတ္တာနုပဿနာ၊ ဓမ္မာနုပဿနာ-ဟူ၍ လေးမျိုးပြထားရာ အားလုံးသောတရားများသည် သတိကိုယှဉ်စေ၍ ထိန်းသိမ်းဆင်ခြင်ရသော အလုပ်များခြည်း ဖြစ်ပါသည်၊ ထိုထိုဤဤ ပြေးသွားတတ်သောစိတ်ကို သတိနှင့်ထိန်း၍ ရှုမှတ်နေသော တရားပေါ်တွင် တည်ငြိမ်စွာ ရှိနေရန် ကြိုးစားဆောင်ရွက်ရခြင်းသာ ဖြစ်ပါသည်၊

တရားတော်တွင် အကျယ်တ၀င့် ရှင်းလင်းပြထားရာ ဖတ်ကြား၊ နာကြား၊ လေ့လာ၊ မေးမြန်း မှတ်သား၍ ကျင့်သုံးကြရန် ဖြစ်ပါသည်၊ မဂ် ဖိုလ် နိဗ္ဗာန်သို့သွားရန် တခုတည်းသော လမ်းကြောင်းသည် သတိပဋ္ဌာန်တရားတော်ပင် ဖြစ်သည်ဟု အထင်အရှား ဟောတော်မူခဲ့သည်။

အရည်အချင်း ဂုဏ်တော် ၆-ပါးနှင့်ပြည့်စုံသော တရားတော်များ တပြောင်ပြောင် ထွန်းလင်း၍ ဒေသနာမိုးများ တဖြိုင်ဖြိုင် ရွာသွန်းဖြိုးနေသော ယခုလို အခါကောင်းကြီးတွင် သံသရာဝဋ်မှ လွတ်မြောက်ရေးကို ကြိုးစားဆောင်ရွက်နိုင်ကြပါစေ။

No comments: