Saturday, March 14, 2009

မကောင်းမှုဘေး ပြေးမလွတ်နိုင်

မြတ်စွာဘုရား ဇေတ၀န်ကျောင်းတော်၌ သီတင်းသုံးတော်မူစဉ် အာဂန္တုရဟန်းအုပ်စု သုံးစု ရောက်လာကြပြီး လမ်းခရီး၌ တွေ့ကြုံခဲ့ရပုံများကို ဘုရားရှင်အား လျှောက်ထားကြ၏။

ပထမအုပ်စုက မိမိတို့သည် ရွာတရွာကို ဖြတ်သန်းလာရာ အိမ်တဆောင် မီးလောင်စဉ် မီးတောက်လောင်နေသော မြက်ကရွတ်ခွေ တခု လေလွင့်လာသည်ကို တွေ့မြင်ရ၏။ ထိုကရွတ်ခွေ မီးကွင်းသည် ကောင်းကင်တွင် ပျံသန်းလာသော ကျီးတကောင်၏ လည်ပင်းကို စွပ်မိပြီး ထိုကျီး သေဆုံးကျဆင်းလာသည်ကို မြင်ခဲ့ရ၏-ဟု လျှောက်ထားကြ၏။

ဒုတိယအုပ်စုက မိမိတို့သည် သင်္ဘောလှေဖြင့် ခရီးထွက်လာကြစဉ် ပင်လယ်ပြင်တွင် သင်္ဘောခုတ်မောင်း မရသဖြင့် မဲချ၍ သူယုတ်မာရွေးရာ လှေသူကြီးကတော်သာ သုံးကြိမ်တိုင် မဲကျ၍ သူ့အား လည်ပင်းတွင် သဲအိတ်ဆွဲကာ ပင်လယ်ထဲ ပစ်ချမှ သင်္ဘောထွက်ခွာ၍ ရပါသည်-ဟု လျှောက်ကြ၏။

တတိယအုပ်စုက မိမိတို့သည် လမ်းခရီး၌ လိုဏ်ဂူတခုအတွင်း ၀င်ရောက်တည်းခိုစဉ် ကျောက်တုံးကြီး အလိုအလျောက် ပိတ်နေ၍ ထွက်မရဘဲ ခုနစ်ရက် အစာရေစာ ငတ်ပြတ်ခဲ့ရကြောင်း လျှောက်ထားကြ၏။

ဘုရားရှင်က ရှေးအတိတ်က ထိုသူများ ပြုလုပ်ခဲ့သော မကောင်းမှုကံများအကြောင်းကို ဟောပြီး အောက်ပါဂါထာကို ဟောတော်မူရာ ရဟန်းများ သောတာပန်စသည် ဖြစ်ကြလေကုန်သည်။

( ပါဠိဂါထာ )
န အန္တလိက္ခေ န သမုဒ္ဒမဇ္ဈေ ၊ န ပဗ္ဗတာနံ ၀ိဝရံ ပ၀ိဿတိ ။
န ၀ိဇ္ဇတိ သော ဇဂတိပ္ပဒေသော ၊ ယတ္ထဋ္ဌိတော မုစ္စေယျ ပါပကမ္မာ ။

( မြန်မာပြန် )
မကောင်းမှုပြုသူသည် ကောင်းကင်၌ တည်နေသော်၎င်း၊
သမုဒ္ဒရာအလယ်၌ တည်နေသော်၎င်း၊
တောင်ခေါင်း၌ ၀င်နေသော်၎င်း၊ မကောင်းမှုမှ မလွတ်ရာ။
အကြင်အရပ်၌ တည်နေသော် မကောင်းမှုအကျိုး လွတ်၏။ ထိုအရပ်မျိုး မရှိနိုင်သည်သာတည်း။

( ဆောင်ပုဒ် )
မကောင်းမှုပင်၊ ပြုခဲ့လျှင်မူ၊ ကောင်းကင်ပျံတက်၊ ရေနက်သမုဒ္ဒရာ၊ တဖြာလိုဏ်ခေါင်း၊ ခိုဝင်အောင်းလည်း၊ မကောင်းကျိုးမှ၊ မလွတ်ကြတည့်။
လောကတခွင်၊ ဘုံအပြင်ဝယ်၊ များဖြင်လွန်ဆိုး၊ မကောင်းကျိုးမှ၊ ပုန်းလျှိုးကွယ်ရာ၊ ရပ်ဒေသာသည်၊ ဘယ်မှာရှာ၍ တွေ့အံ့နည်း။

( ပါပ၀ဂ်၊ တယောဇန၀တ္ထု )

No comments: