Wednesday, March 18, 2009

တိုင်းရင်းဆေး ( ၁ ) ( ၄-၂၀၀၄-နက္ခတ္တရောင်ခြည် )

( အမေပေးသော ညှင်းပျောက်ဆေး )

စာရေးသူတို့ ငယ်စဉ်က ညှင်းပေါက်ကြသူတွေကို တွေ့မြင်ခဲ့ရပါသည်၊ မျက်နှာနှင့် ခန္ဓာကိုယ် အထက်ပိုင်းမှာ ဟိုတစု ဒီတစုနှင့် အဖြူအကွက်ကြီး အကွက်ငယ်များ ဖြစ်ပေါ်နေကြသည်၊ အသက်အန္တရာယ်မဖြစ်ပေမယ့် အလှပျက်တတ်ပါသည်။

မွေးရပ်မြေသို့ မရောက်ဖြစ်သည်မှာ ကြာပြီဖြစ်သောကြောင့် မိဘဆရာသမားများကို ကန်တော့ရန် သွားစဉ် ညှင်းပေါက်သူများ မမြင်တွေ့ရသဖြင့် အမေ့ကို မေးမိသည်။

ဆေးနည်းကောင်း ရ,ထားပြီကွယ့်၊ ညှင်းဆိုတာတော့ ထည့်မစဉ်းစားတော့ဘူး-ဟုပြောဆိုပြီး အမေသည် ညှင်းဆေးကောင်းတလက်ကို ပေးပါသည်။

အမေပေးသော ဆေးနည်းမှာ-
ဒန့်ကျွဲစေ့များကို မြေအိုးသန့်သန့်၌ ထည့်၍ မီးကျွမ်းအောင် လှော်ပြီး အမှုန့်ထောင်းရသည်၊
ထိုအမှုန့်ကို နှမ်းဆီစစ်စစ်နှင့် ရောမွှေပြီး တနေ့ မနက် နေ့ ည (၃)ကြိမ် လိမ်းပေးရသည်။
နှမ်းဆီစစ်စစ် မရနိုင်လျှင် သံပုရာရည်နှင့်လည်း လိမ်းနိုင်ပါသည်၊
( ၁၀ )ရက်ခန့် လိမ်းမိလျှင် ညှင်းများ ပျောက်ကင်းပြီး အသားအရေ လှပစိုပြည်နေပါသည်။

သတိပြုရန်မှာ-
ညှင်းပေါက်နေလျှင် အသားစားခြင်းကို တတ်နိုင်သမျှ ရှောင်ရန်ဖြစ်ပါသည်။

( ကျော်-ရမည်းသင်း )
********************************************************************************

( ကိုယ်ဝန်ဆောင် အမျိုးသမီးများအတွက် သွေးဝမ်းသွားသော် )

ကိုယ်ဝန်ဆောင်အမျိုးသမီးများတွင် ဖြစ်လေ့ဖြစ်ထရှိသော ရောဂါအချို့မှာ-
၁။ ငှက်ဖျား
၂။ အသည်းရောင် အသားဝါ
၃။ ကိုယ်လက် ရောင်ရမ်းခြင်း
၃။ သွေးဝမ်းသွားခြင်း
အစရှိသော ရောဂါများ ဖြစ်ပါသည်၊

ကိုယ်ဝန်ဆောင်အမျိုးသမီးများ သွေးဝမ်းသွားသော်-
ဘူးရွက် မနုမရင့် လက်တဆုပ်စာကို ထုခြေ၍ အရည်ညှစ်ပါ၊
ပြီးလျှင် သကြား လက်ဖက်ရည်ဇွန်း ၅-ဇွန်းခန့်ကို ဖန်ခွက်တခွက်တွင် ရေအေးနှင့်ဖျော်ပြီး ဘူးရွက်သတ္တုရည်ဖြင့် သောက်ပါ။

တကြိမ် နှစ်ကြိမ်ခန့် သောက်သုံးရုံမျှဖြင့် သက်သာပျောက်ကင်းစေပါသည်။

( ကိုကိုခန့်ချော-ကသာမြေ )
********************************************************************************

( ယောက်ျားတို့အတွက် အား )

ယောက်ျားများ ပန်းညှိုး၍ စိတ်မလန်း ဖြစ်လာပါက စားသုံးရန် နည်းလမ်း ဖြစ်ပါသည်၊ ဤနည်းလမ်းဖြင့် ပန်းသေသူများကို အာမခံချက် မပေးနိုင်သော်လည်း စိတ်ရှိသော်လည်း ပန်းမလန်းသူများ ညှိုးသူများအတွက် ကောင်းပါသည်။

နည်းမှာ-
မဉ္ဇူသကပန်းပွင့် ရသလောက်ကို သန့်စင်အောင် ရေဖြင့်ဆေးကြောပြီး ပျားရည်စစ်စစ်တွင် မြှုပ်နေအောင် စိမ်ပေးထားပါ။

အနည်းဆုံး (၁)ပတ်ခန့် စိမ်ပြီးသည်နှင့် နံနက် (၁)ကြိမ် ည(၁)ကြိမ် တကြိမ်စား (၃-၄)ပွင့် စားပါ။
တပတ်ခန့် ဆက်စားပါ။
နောက်ပိုင်းတွင် ညတိုင်း စားပေးပါ၊ ပုံမှန်စားပေးခြင်းဖြင့် ညှိုးနေသူများ လန်းလာပါလိမ့်မည်။

ဆက်လက်၍ အကြံပြုလိုသည်မှာ ဤဆေးကို စားနေစဉ် အောက်ပါနည်းလမ်းကိုလည်း ပုံမှန် လုပ်ဆောင်သွးပါ။ အကျိုးများလာပါလိမ့်မည်။
နည်းလမ်း-
၁။ လေကောင်းလေသန့် ရနိုင်သော နေရာကို ရွေးချယ်ပါ။
၂။ လေကောင်းလေသန့် တိုက်ခတ်ရာဘက်သို့ မျက်နှာမူပါ။
၃။ ဖြောင့်မတ်စွာ ထိုင်ပါ။
၎။ နှုတ်ခမ်းကို လေချွန်သည့်အခါ စူထားရပုံမျိုး စူထားပါ။
၅။ စူထားသောနှုတ်ခမ်းမှ ၀င်သက်ကို ဖြည်းညင်းစွာ ရှူသွင်းပါ။
၆။ ထွက်သက်ကို ပါးစပ်ပေါက်ပိတ်ထားပြီး နှာခေါင်းပေါက်မှ ရှိုက်ထုတ်ရမည်။

ဤကဲ့သို့နည်းလမ်းဖြင့် တနေ့ ၂-ကြိမ်။ တကြိမ်လျှင် ၁၀-မိနစ် လုပ်ဆောင်ပေးရမည်။
မှန်မှန်အားထုတ်ဖို့သာ လိုသည်၊ နုပျိုလန်းဆန်းလာလိမ့်မည်၊
ညှိုးသူများ အားထုတ်အပြီးတွင် ညှိုးရာမှ လန်းဆန်းလာနေပြီ-ဟူသော စိတ်ကူးကို တနေ့ ၂-ကြိမ်မှ ၃-ကြိမ်အထိ စိတ်ကူးနေရမည်။

( ကျော်သစ် )
********************************************************************************

( ကလေးငယ်များ နှာပိတ် နှာခြောက် ဖြစ်သော် )

ကျောက်ဆည်မြို့ စုကြီးရပ်မှာ ဆုံတွေ့ ခဲ့ရသော အဘွားဒေါ်ညွှန့်အေး ပေးသည့် လက်တွေ့ ဆေးနည်း ဖြစ်ပါသည်။

ကလေးငယ်များ အအေးမိ၍ ဖြစ်စေ, ဆောင်းတွင်းရာသီတွင်ဖြစ်စေ, နှာပိတ်ခြင်း၊ နှာခြောက်ခြင်းဖြစ်လျှင် ရှူရသောဆေး ဖြစ်သည်၊ အန္တရာယ်မရှိ ပကတိနှာစိုလာမည်-ဟု သိရပါသည်။

ကလေးဟုပြောသော်လည်း လူကြီးလူငယ်များပါ အသုံးပြု နိုင်ကြောင်း သိရပါသည်။
ဆေးနည်းမှာ-
၁။ နံ့သာဖြူ
၂။ နံ့သာနီ
၃။ စန္ဒကူးနီ
၎။ ဇာတိပ္ဇိုလ်သီး
၅။ ဥပသကာ
၆။ လေးညှင်း
၇။ ဇီရာ
၈။ ကရဝေး
၉။ သီရွက်
၎င်း ၉-မျိုးကို အမျှစီ စုကြိတ် နေလှန်းပါ၊ ပြီးသော် ရှူပါ။

( ငွေဖြိုးကျော် )
*********************************************************************************

( အဆိပ်ဖြေ ဆေးနည်း )

ကင်း၊ ပုရွက်ဆိတ်နီ၊ ပိတုန်း စသော အဆိပ်ရှိသော သတ္တ၀ါများ ကိုက်ခံရပါက ကိုက်သောနေရာသို့-
(က) သလဲရွက်ကိုကြိတ်၍ ပွတ်ပေးပါ။ (သို့မဟုတ် )
(ခ) ကျောက်ချဉ်ကို သွေး၍ လိမ်းပေးပါ။ (သို့ )
(ဂ) ချင်းခြောက်ကို အမှုန့်ကြိတ်၍ စားပေးပါ။

( မင်းရွှေဝင်း-သရက် )
*********************************************************************************

( တိရစ္ဆာန်များတွင် အနာပိုးလောက် တွယ်လျှင် )

ဆင်၊ မြင်း၊ ကျွဲ နွား၊ သိုး၊ ဆိတ်၊ ၀က် အစရှိသော မိမိတို့မွေးမြူထားသော တိရစ္ဆာန်များတွင် ထိခိုက်ဒဏ်ရာကြောင့် အနာများဖြစ်ကာ ထိုအနာများတွင် ပိုးလောက်များဝင်တွယ်ခဲ့သော်-

ပရုတ်လုံးများကို အနာနှင့်သင့်လျော်ရုံယူပြီး အမှုန့်ကြိတ်ပါ၊ ရရှိလာသော ပရုတ်လုံးအမှုန့်များကို ခွက်တခုထဲသို့ ထည့်ပြီး ရေနံဆီ သင့်လျော်ရုံဖြင့် သမသွားအောင် ရောမွှေပေးကာ ပိုးလောက်တွယ်နေသော အနာထဲသို့ လောင်းထည့်ပေးပါ၊ ထိုအခါ ပိုးလောက်များ အနာတွင်းမှ အပြင်ဘက်သို့ ထွက်လာပါလိမ့်မည်။ ထွက်လာသော ပိုးလောက်များကို ဇာဂနာဖြင့် ဆွဲနုတ်၍ ဖယ်ရှားပေးပါ၊

ပိုးလောက်များ ကုန်စင်သောအခါ ကွမ်းစားရာတွင် အသုံးပြုသော ထုံးကို သင့်လျော်ရုံယူ၍ ခွက်တလုံးထဲတွင် ထည့်ပါ။ ထို့နောက် နနွင်းအနည်းငယ်ထည့်ပြီး သမသွားအောင် ရောမွှေပြီးနောက် ပိုးလောက်တွယ်နေသော အနာပေါ်သို့ ဖိသိပ်ပြီး အုံထားပေးပါ၊ မကြာမီ အနာကျက်၍ အသားနုတက်လာပါလိမ့်မည်။

( ဆရာ သန်းဆောင်-နဘဲကန် )
********************************************************************************

( လေနာအတွက် ဆေးတခွက် )

လေနာ (ဗိုက်နာ) ရောဂါသက်သာပျောက်ကင်းစေသော နည်းမှာ-
၁။ ကြက်ဥ တလုံး
၂။ ပျားရည် စစ်စစ် တဇွန်း
၃။ ရှောက်သီး တစိတ်
၎။ ဆား သင့်ရုံ
ရောမွှေ၍ သောက်ပါ ပျောက်၏။

( ဦး-ကနီ )
*********************************************************************************

( ငှက်ဖျားပျောက်ဆေး )

ငှက်ဖျားဖြစ်သော် ဆင်တုံးမနွယ်ကို
လက်ညှိုးတချောင်းစာလောက်ဖြတ်၊
ထုပြီး ရေနွေး ပွက်ပွက်ဆူနဲ့ တခွက်စာစိမ်၊
ညစိမ်ရင် မနက်အိပ်ရာထတာနဲ့ ဆားအနည်းငယ်လောက် ထည့်သောက်ပါ။

( ကျောင်းတော်ရာ မောင်လှ )
********************************************************************************

( လိပ်ခေါင်းပျောက်ကြောင်း ဆေးနည်းကောင်း )

၁။ သန်းပင်၏အခေါက် (သန်းခေါက်)နှင့်
၂။ ကွမ်းသီးတို့ကို ဆတူရော၍ သုံးခွက်တခွက်တင် ကျိုပါ။

( ဥပမာ-သန်းခေါက်က ၅-ကျပ်သားဆိုလျှင် ကွမ်းသီးကလည်း ၅-ကျပ်သား။
သန်းခေါက်က ၁၀-ကျပ်သားထည့်မည်ဆိုပါက ကွမ်းသီးလည်း ၁၀-ကျပ်သား ထည့်ရပါမည်။
ရေကို လေးဆယ်ဝင် ပုလင်း တပုလင်း ထည့်ရပါမည်။

သန်းခေါက်၊ ကွမ်းသီးနှင့် ရေတို့ကို ရောပြီး မီးပေါ်တင်၍ ကျိုပါ၊ (မြေအိုးကို အသုံးပြုနိုင်လျှင် ပို၍ကောင်းပါသည်)

ကျိုပြီးရသောဆေးရည်ကို (မပျစ်မကျဲ) အခြေအနေတွင် ချပြီး၊ (အအေးခံ၍) လိမ်းပေးပါ။
( သောက်ဆေး မဟုတ်၊ လိမ်းဆေးသက်သက် ဖြစ်ပါသည်။)

သုံးလေးခါမျှ လိပ်ခေါင်းကို လိမ်းပေးပါက သက်သာပျောက်ကင်း ချမ်းသာပါလိမ့်မည်။

( သောက်ဆေးအတွက် )
ခန်းတောက်မြစ် ၁-ပဲသား၊ စမုန်စပါး ၁-ကျပ်သားတို့ကို ရေ ၁-ပိဿာ ၅၀-ကျပ်သားထည့်ပြီး ရေ-၃၀ ကျပ်သားခန့် ကျန်အောင်ပြုတ်ပြီး အအေးခံ၍ နေ့စဉ် သောက်သုံးသွားပါလျှင် လိပ်ခေါင်းရောဂါ ဝေဒနာရှင်များ သက်သာပျောက်ကင်းပါလိမ့်မည်။

( အောင်သပြေ )
*********************************************************************************

( နှာစေး နှာပိတ်အတွက် ရွှေဖရုံသီးအညှာ )

နှာစေး နှာပိတ်ဖြစ်သော် ရွှေဖရုံသီးအညှာကို ကျောက်ပျဉ်မှာ ရေနဲ့သွေ့းပြီး နှာတံပေါ် အထက်ကနေ အောက် ဆွဲလိမ်းချပေးပါ။ သုံးကြိမ် လိမ်းပေး ဆွဲပေးပါ၊ တနာရီအတွင်းမှာ နှာစေး နှာပိတ် ချက်ချင်းပျောက်သွားပြီး အသက်ရှူလို့ ကောင်းလာပါလိမ့်မည်။

( မြေမိုးချစ် )
*********************************************************************************

( အသည်းရောင် အသားဝါ )

အသည်းရောင် အသားဝါ ရောဂါသည် အပူဓာတ် ခန္ဓာကိုယ်အတွင်း၌ ကိန်းအောင်းနေသောကြောင့် ဖြစ်သည်။
ဆီးဝါခြင်း၊
အသားဝါခြင်း၊
လက်သည်း ခြေသည်းများ ၀ါလာပါက

အောက်ပါ ဆေးများကို မှီဝဲစားသုံးပါ။
ဟင်းနုနွယ်ဆူးပေါက် ပဉ္စငါးပါးကို ရေစင်အောင်ဆေးပြီး ထန်းလျက် သကြား ဆတူထည့်ပါ။
သုံးခွက်တခွက်တင် ကျိုပြီး လက်ဖက်ရည်ပန်းကန်တလုံးခန့် နေ့ ည သောက်ပါ။

အစာအာဟာရ စားသုံးရန်မှာ-
ကျောက်ဖရုံသီးကို ပြုတ်ပြီး နှမ်းလှော်နှင့် သုပ်စားပါ၊
ဘူးသီး ဘူးညွန့်ကို ပြုတ်ပြီး နှမ်းလှော်နှင့် သုပ်၍ စားသုံးနိုပါသေးသည်။

( မြင့်မောင်-တိုင်းရင်းဆေး-ဟင်္သာတ )
********************************************************************************

( လေးဖက်နာ နှင့် အရိုးကျီးပေါင်းတက် ရောဂါအတွက် ဆေးတခွက် )

ကြက်ဥ တလုံးကိုခွဲ၊ အထဲက အ၀ါနှစ်ကို ထုတ်ပြီး ချွဲချွဲပျစ်ပျစ် အဖြူရောင်ရည်နှင့်
နနွင်းမှုန့် မန်ကျည်းစေ့ခန့်ကို ရောပြီး မနက်အိပ်ရာထ မျက်နှာသစ်ပြီးတိုင်း သောက်ပါ။

တကယ်လို့ နနွင်းမှုန့်က နံလို့ အနံ့မခံနိုင်ရင် နနွင်းမှုန့်ကို အလုံးလေးတွေ လုံးပြီး နေလှန်း၊ ကြည်ဥရည်နှင့် သောက်ပါ။ ပျေက်၏။ ( ရောဂါအနုအရင့်အလိုက် စွဲသောက်ရမည် ) ။

( သီရိ )
********************************************************************************

( အဖော ကျဆင်းစေရန် )

ဤအဖောကျ ဆေးနည်းမှာ အနည်းငယ် အသားအရေခြောက်ရာမှ မျက်နှာနှင့် ခြေမျက်စိ၊ ခြေဖ၀ါးနှစ်ဖက် တင်းသော ( အခြောက်ဖော ) အဖောရောဂါသည်များအတွက် အကောင်းဆုံးနည်း ဖြစ်၏။
( ကြွပ်ကြွပ်အိတ်ထဲသို့ ရေအပြည့်ထည့်ထားသော ပွစိစိ အေးစက်စက် အသားအရေကဲ့သို့သော ဖောသော အဖောမျိုးအတွက် သုံးရန်မဟုတ်ပေ။ ထိုအဖောမျိုးကို တချို့အရပ်ဒေသ အစိမ်းဖောဟုလည်း ခေါ်၏။)

နည်းမှာ-
၁။ ၀က်ချေးပနဲပင် (ရွှေတံတိုင်းပင်) ၏ အရွက်အစို လက်တွင်းတဆုပ်စာခန့်ကို ရေအနည်းငယ်ဆွတ်ပြီး ခါလိုက်ပါ၊ ၄င်းနောက် ကျောက်ဆုံတွင် ထောင်းပါ၊ ရသော အရည် ၅-ဇွန်းခန့်နှင့်

၂။ နှမ်းအနက်ဆီ ၅-ဇွန်းတို့ကို ရောမွှေရမည်။ ပြီးလျှင် ကြေးခွက်ထဲသို့ ထည့်ပြီး ၁၅-မိနစ်ခန့် မီးးကျီးခဲရဲရဲဖြင့် ချက်ပြီး အအေးခံရမည်။

ထို့နောက် မျက်နှာ ခြေမျက်စိ ခြေဖ၀ါးတို့ကို မကြာခဏ လိမ်းပေလျှင် အဖောရောဂါ ( အခြောက်ဖော ) သက်သာ ပျေက်ကင်း၏။

( ဦးခင်မောင်ကျော်(သိမ်ဖြူ) ဘီးလင်း )
********************************************************************************
၁။

1 comment:

BHIKKHUTEJINDA said...

sဆေးနည်းတွေ လိုက်ရှာရင်းရောက်လာတာဆိုတော့ ဆေးမြီးတိုတွေကို ကော်ပီကူးသွားပါတယ်။ ကျန်းမာပါစေ။