Wednesday, March 18, 2009

ကိုယ်ချင်းစာပြီး ကြင်နာပါ

မြတ်စွာဘုရား ဇေတ၀န်ကျောင်းတော်၌ သီတင်းသုံးတော်မူစဉ် ရဟန်းငယ်တစုသည် မိမိတို့နေထိုင်ရန် ကျောင်းဆောင်တခုကို ရှင်းလင်းသုတ်သင် ဆေးကြောနေကြသည်။ ထိုအခိုက် ခြောက်ပါးအစုရှိသော ဆဗ္ဗဂ္ဂီရဟန်းတို့ ရောက်လာကြပြီး ရဟန်းငယ်များအား ငါတို့သည် သင်တို့ထက် ၀ါကြီးသည်၊ ဤနေရာကို ငါတို့ယူမည်-ဟု အတင်းအကျပ် ဆိုလာ၏၊ ရဟန်းငယ်များက ဖယ်မပေးကြပေ၊ ထိုအခါ ဆဗ္ဗဂ္ဂီတို့က ရဟန်းငယ်များအား အတင်းတွန်းဖယ်ရိုက်နှက်ကြရာ ရဟန်းငယ်တို့ အော်ဟစ်မြည်တမ်းကြကုန်သည်။

ထိုအကြောင်း ဘုရားရှင်သိတော်မူရာ (ပါစိတ်-ပဟာရ) သိက္ခာပုဒ်ကို ပညတ်တော်မူပြီး
ရဟန်းတို့၊ ရဟန္တာများမှလွဲ၍ အလုံးစုံသော သတ္တ၀ါတို့သည် ဒဏ်ကိုထိတ်လန့်တုန်လှုပ်ကြကုန်၏-ဟု အောက်ပါဂါထာကို ဟောတော်မူလေသည်။

( ပါဠိဂါထာ )
သဗ္ဗေ တသန္တိ ဒဏ္ဍဿ ၊ သဗ္ဗေ ဘာယန္တိ မစ္စုနော ။
အတၱာနံ ဥပမံ ကတြာ ၊ န ဟေနယ် န ဃာတေယ ။

( မြန်မာပြန် )
အလုံးစုံသော သတ္တ၀ါတို့သည် ဒဏ်မှ ထိတ်လန့်ကုန်၏။
အလုံးသော သတ္တ၀ါတို့သည် သေခြင်းမှ ကြောက်ကြကုန်၏။
မိမိကိုယ်ကို ဥပမာပြု၍ သတ္တ၀ါတို့ကို မသတ်ဖြတ် မညှဉ်းဆဲရာ။

( ဆောင်ပုဒ် )
လုံးစုံများစွာ၊ သတ္တ၀ါကား၊ ဒဏ်အများမှ၊ ထိတ်လန့်ကြ၏။
ဘ၀ဆုံးစွန်၊ ၀ိညာဉ်ကင်းပ၊ သေခြင်းမှလည်း၊ ကြောက်ကြသည်သာ။
ကိုယ်ချင်းစာ၍ များစွာအခြား၊ သတ္တ၀ါများကို၊ သနားကြင်နာ၊ ထောက်ထားရာ၏။

( ဒဏ္ဍ၀ဂ်၊ ဆဗ္ဗဂ္ဂိယဘိက္ခုဝတ္ထု )

No comments: