Monday, March 16, 2009

မြတ်ဗုဒ္ဓနှင့် ဇီဝက သရက်ဥယျာဉ်

ဇီဝကသည် မိမိ၏သရက်ဥယျာဉ်ကို ဗုဒ္ဓမြတ်စွာအား သာသနာတော်ရှေ့ပိုင်း စောစောကပင် လှူဒါန်းခဲ့သည်၊ ရာဇဂြိုဟ်မြို့ သာလ၀တီ ပြည်တန်ဆာမ၏ သားဖြစ်သူ ဇီဝကကို မွေးပြီးခါစ မိခင်၏ စွန့်ပစ်မှုကိုခံရ၍ အဘယမင်းသားက ကောက်ယူမွေးစားထားသည်။

စွန့်ပစ်ထားသည်ကိုမြင်လျှင် ဇီဝတိ-အသက်ရှင်သေးသလား၊ ဇီဝတိ-အသက်ရှင်ပါသေး၏-ဟူသော အမေး+အဖြေ စကားကြောင့် ဇီဝက-ဟု နာမည်ဖြစ်လာသည်။ အဘယမင်းသား၏ မွေးစားခံရသူဖြစ်၍ ကောမာရဘစ္စ-ဟု ပါဠိတော်များ၌ သုံးစွဲသည်၊ အဘယသည် မွေးစားဖခင်ဟုဆိုသော်လည်း အမှန်မှာ သာလ၀တီနှင့် တိတ်တိတ် ဆက်သွယ်နေသော ဖခင်ရင်းပင်တည်း။

နန်းတွင်း၌ ကြီးလာသော ဇီဝကသည် ၁၆-နှစ်အရွယ်ရောက်သောအခါ ပညာမတတ်လျှင် လူရာမ၀င်-ဟု စဉ်းစားမိ၍ တက္ကသိုလ်သို့သွားရောက်ကာ ဆေးပညာကို သင်ယူသည်။ ၁၆-နှစ် သင်ရမည့်ပညာကို ၇-နှစ်အတွင်း ကြိုးကြိုးစားစား တတ်ကျွမ်းအောင်သင်သည်၊ ရာဇဂြိုဟ်ပြန်ရောက်သောအခါ ကျော်ကြားသော ဘုရင့်သမားတော်ကြီးအဖြစ် တာဝန်ထမ်းဆောင်သည်၊ မြတ်စွာဘုရားနှင့် သံဃာများအတွက်လည်း ဆေးကုမှုတာဝန် ယူထားသည်။

တချိန်တွင် သလိပ်သည်းခြေ အားကြီး၍ ၀မ်းချုပ်တော်မူသော ဗုဒ္ဓမြတ်စွာအား ကြာလက် ၃-လက်ကို ဆေးစိမ်၍ အနံ့ရှူလျှင် ၀မ်းသွားစေနိုင်သောဆေးကို စီမံဆက်ကပ်သည်၊ ရောဂါပျောက်သောအခါ စဏ္ဍပဇ္ဇောတမင်းက လက်ဆောင်ပေးလိုက်သော သိဝိတိုင်းဖြစ် သင်္ကန်းဝတ်စုံကိုလှူစဉ် တရားတော်နာရ၍ သောတာပန်ဖြစ်သည်၊ ထို့နောက် မိမိပိုင်သရက်ဥယျာဉ်ကို ကျောင်းအဖြစ် လှူဒါန်းသည်။

ဇီဝကမှာ သိရိမာမည်သော နှမရင်းတယောက် ရှိ၏၊ သူမသည် သောတာပန် ဥပါသိကာဖြစ်သူ နန္ဒမာတာဥတ္တရာ၏ ခင်ပွန်းအိမ်တွင် ခေတ္တဇနီး ( အငှါးမယား ) အဖြစ် နေစဉ် ဥတ္တရာအပေါ် မှားမိသောအပြစ်ကို ဗုဒ္ဓရှေ့မှောက်၌ တောင်းပန်သောအခါ သောတာပန်ဖြစ်သည်။

မကြာမီကွယ်လွန်၍ ယာမာနတ်ပြည် ရောက်ပြီးနောက် မိမိ၏ အသုဘ (ရုပ်ကလာပ်) ကို သဂြိုဟ်မည့် သုဿာန်သို့ ရောက်လာပြီး ၀ိဇယသုတ္တန်ကို နာရလျှင် အနာဂါမ်ဖြစ်လေသည်။ ပရိသတ်ရှစ်သောင်းလေးထောင်လည်း ကျွတ်တမ်းဝင်ကြသည်။

ရှင်ဒေ၀ဒတ်၏ ကျောက်တုံးလှိမ့်ချမှုကြောင့် ခြေမတော် သွေးခြေဥသောအနာကို ဤဥယျာဉ်၌ပင် ကုသခဲ့သည်၊ ထိုစဉ်က ရဟန်းတော်များအား သူတပါးတို့၏ လုံ့လပယောဂ (နှိပ်စက်မှု) ဖြင့် ဘုရားရှင်များ ပရိနိဗ္ဗာန်မစံနိုင်ကြောင်း မိန့်တော်မူခဲ့သည်။
ယခု ( အဋ္ဌာနမေတံ ဘိက္ခဝေ အန၀ကာသော၊ ယံ ပရူပက္ကမေန တထာဂတံ ဇီဝိတာ ဝေါရောပေယျ၊
အနုပက္ကမေန ဘိက္ခဝေ တထာဂတာ ပရိနိဗ္ဗာယန္တိ-) ဤပါဠိကို အန္တရာယ်ကင်း ဂါထာအဖြစ် ရွတ်လေ့ရှိကြသည်။

ဤဥယျာဉ်မှာပင် ပရိနိဗ္ဗာန်စံတော်မူခါနီး ၈-နှစ်လောက်အလိုတွင် သာမညဖလသုတ်တော်ကို ဟောတော်မူခဲ့သည်၊ အဇာတသတ်သည် ဖခင်ကိုသတ်မိသဖြင့် နောင်တကြီးစွာရလျက် အိပ်မပျော်သောရောဂါ စွဲကပ်နေသည်၊ ရှင်ဒေ၀ဒတ် မြေမျိုပြီ-ဟု ကြားရသောအခါ၌မူ အလွန်ကြောက်လန့်ကာ နေထိုင်မရ ဖြစ်လာသည်။

ကုမုဒြာကြာများပွင့်ထွန်းနေသော တန်ဆောင်မုန်းလပြည့်ည အချိန်တွင် မိတ်ဆွေဇီဝက၏ အကူအညီဖြင့် ဘုရားရှင်ရှိရာ ဤသရက်ဥယျာဉ်သို့ ရောက်လာ၍ သာမညဖလ-ရဟန်းပြုခြင်း၏ လက်တွေ့အကျိုးကို လျှောက်ထားသည်၊ ဗုဒ္ဓမြတ်စွာက အကျယ်ရှင်းပြတော်မူသည်၊ တရားတော်ဆုံးသောအခါ ခမည်းတော်ကို သတ်မိသောအပြစ်ကို တောင်းပန်၍ သရဏဂုံဆောက်တည်လျက် ဥပါသကာအဖြစ် ခံယူသည်၊

အဇာတသတ်မင်း ပြန်သွားသောအခါ တရားထူးရရန်အတွက် ကလျာဏမိတ္တ (မိတ်ဆွေကောင်း) အရေးကြီးပုံကို ရဟန်းတော်များအား မိန့်တော်မူသည်၊ ရဟန်းတို့၊ ဤမင်းသည် မိမိကိုယ်ကို မိမိပင် ဖျက်ဆီးလိုက်ပြီ၊ ခမည်းတော်တရားမင်းမြတ်ကို အကယ်၍ မသတ်မိပါမူ ဤနေရာမှာပင် သောတာပတ္တိဉာဏ်အမြင် ဖြစ်လေရာ၏။

အဇာတသတ် သောတာပန်မဖြစ်ရသော်လည်း အကျိုးမနည်းပါ၊ များစွာရှိပါသည်၊ ပုထုဇဉ်များအနက် ဘုရားရှင်ကို အကြည်ညိုဆုံး ပုဂ္ဂိုလ်တယောက် ဖြစ်သွားသည်၊ အိပ်ပျော်စားဝင် ချမ်းသာသွားသည်၊ ထူးခြားသော သာသနာပြုမင်းဖြစ်၍ အ၀ီစိသို့မကျတော့ပဲ လောဟကုမ္ဘီငရဲသို့သာ ရောက်တော့မည်၊
နောင်အခါ ပါရမီထပ်ဖြည့်၍ ၀ိဇိတာဝီမည်သော ပစ္စေကဗုဒ္ဓါဖြစ်လိမ့်မည်။

ဇာတံ သရဏတော ဘယံ=မိမိအားကိုးရာ၊ ကိုးကွယ်ရာမှ ဘေးဖြစ်တတ်သည်-ကို သတိပြု၍ တရားစစ်နှင့်တွေ့အောင် ကြိုးစားနိုင်ကြပါစေ။

( အရှင်ပဏ္ဍိတာဘိဝံသ )

No comments: