Tuesday, March 24, 2009

ဗဟုဘဏ္ဍိက ရဟန်း

မြတ်စွာဘုရား ဇေတ၀န်ကျောင်းတော်၌ နေစဉ် သာဝတ္ထိမြို့မှ သူကြွယ်တဦးသည် မယားသေဆုံးပြီးနောက် ရဟန်းဘောင်သို့ ၀င်ခဲ့သည်၊ သူသည် ဇေတ၀န်ကျောင်းတော် အနီးတွင် သီးသန့်ကျောင်းတဆောင် ဆောက်ကာ အိမ်ထောင်ပရိဘောဂ အိုးခွက်အစုံအလင်နှင့် ဆန် ဆီ ဆား ထောပတ် ပစ္စည်းစုံ ယူလာပြီး အခိုင်းအစေ အစုံအလင် ခေါ်လာကာ ခမ်းခမ်းနားနားနေထိုင်ပြီး ကြိုက်နှစ်သက်ရာ အစာအာဟာရ ကောင်းများကို ချက်ပြုတ်စေ၍ စားသုံးနေ၏။ အ၀တ်သင်္ကန်း စသည်တို့ကိုလည်း အမျိုးမျိုးလဲလှယ်၍ သာယာနေ၏၊

တနေ့သောအခါ သူ၏များပြားလှစွာသော အ၀တ် သင်္ကန်း မွေ့ရာ စောင် စသည်တို့ကို နေလှန်းစဉ် အခြားရဟန်းတော်များက မြင်သွားကြသည်၊ ထိုအခါ ဘုရားရှင်ရှေ့တော်သို့ ထိုရဟန်းအား ခေါ်ဆောင်သွားပြီး အကြောင်းကို လျှောက်ထားကြကုန်၏။

ဘုရားရှင်က သင်သည်-ရဟန်းဟူသည် အလိုနည်းရမည်၊ ခေါင်းပါးစွာ ကျင့်ရမည်-ဟု ငါဟောကြားနေပါလျက် အဘယ်ကြောင့် ဤမျှများပြားစွာ သိုမှီးသုံးဆောင်ရသနည်း-ဟု မေးမြန်တော်မူသည်၊ ထိုရဟန်းသည် စိတ်ဆိုးသွားကာ ပရိသတ်အလယ်တွင် မတ်တတ်ရပ်လျက် ဧကသီကို ချွတ်၍ ပုံချလိုက်ပြီးလျှင် ဒါဖြင့် ဒီလိုပဲ နေရတော့မှာလား-ဟု ဆိုလျက် သင်းပိုင်တထည်တည်းဖြင့် ရပ်၍နေ၏၊

ဘုရားရှင်က သင်သည် ရှေးယခင် ဘီလူးဘ၀ ဖြစ်စဉ်က ဟိရိသြတ္တပ္ပ တရားရှိသူဖြစ်ခဲ့ပါလျက် ယခု အဘယ်ကြောင့် ဤသို့ မအပ်မရာ ပြုရသနည်း-ဟု မိန့်တော်မူကာ ထိုရဟန်း၏ အတိတ်ဇာတ်ကို ဟောကြားတော်မူ၏၊ ထို့နောက် အောက်ပါဂါထာကို ဟောကြားတော်မူရာ ဗဟုဘဏ္ဍိက ရဟန်းသည် သတိသံဝေဂရပြီးလျှင် ဘုရားရှင်အား ရှိခိုးတောင်းပန်လေသည်။

( ပါဠိဂါထာ )
န နဂ္ဂစရိယာ န ဇဋာ န ပင်္ကာ ၊ နာနာသကာ ထဏ္ဍိလသာယိကာ ၀ါ ။
ရဇောဇလ္လံ ဥက္ကုဋိကပ္ပ ဓာနံ ၊ သောစန္တိ မစ္စံ အ၀ိတိဏ္ဏကင်္ခံ ။

( မြန်မာပြန် )
အ၀တ်မ၀တ်ဘဲ ကျင့်ခြင်းတို့သည်၎င်း၊ ဆံကျစ် အကျင့်တို့သည်၎င်း၊
ရွှံ့ညွန် အလိမ်းလိမ်းကပ်၍ ကျင့်ခြင်းတို့သည်၎င်း၊ အစာဖြတ်၍ အငတ်ကျင့်ခြင်းတို့သည်၎င်း၊
မြေ၌အိပ်၍ ကျင့်ခြင်းတို့သည်၎င်း၊ ပြာဖြူမှုန့် အလိမ်းလိမ်း တင်စေလျက် ကျင့်ခြင်းသည်၎င်း၊
ဆောင့်ကြောင့်ထိုင်၍ ကျင့်ခြင်းသည်၎င်း၊ ၀ိစိကိစ္ဆာမှ မလွတ်မြောက်သေးသော သတ္တ၀ါကို မစင်ကြယ်စေနိုင်ကုန်။

( ဆောင်ပုဒ် )
အ၀တ်မဖုံး၊ ကိုယ်တုံးလုံးဖြင့်၊ ဖွဲ့ထုံးဆံကျစ်၊ ရွှံ့နှစ်လိမ်းကာ၊ အစာဖြတ်လျက်၊ အိပ်စက်မြေပေါ်၊ ချေးညှော်မပျောက်၊ ထက်အောက်မဖြောင့်၊ ဆောင့်ကြောင့်ထိုင်မှု၊ စသည်ပြုကာ၊ ကျင့်နေပါလည်း၊ ရှစ်ဖြာကြောင်းများ၊ ယုံမှားမကွာ၊ သတ္တ၀ါသည်၊ ဘယ်မှာညစ်ကြေး စင်မည်နည်း။

( ဒဏ္ဍ၀ဂ်၊ ဗဟုဘဏ္ဍိကဘိက္ခုဝတ္ထု )

No comments: