အပ္ပမာဒေန သမ္ပာဒေထ-ဟူသော မြတ်ဗုဒ္ဓ၏ အဆုံးအမနှင့်အညီ နေ့စဉ်ကုသိုလ်တရား ပွားများရေးအတွက် စတုရာရက္ခ ကိုယ်စောင့်တရား လေးပါးကို အမြဲပွားများရန် တိုက်တွန်းခဲ့ရာ ယင်းလေးပါးတွင် ပထမဆုံး ဗုဒ္ဓါနုဿတိ ဘာဝနာကို ညွှန်ပြခဲ့ပါသည်။
ယင်းဗုဒ္ဓါနုဿတိ ဘုရားဂုဏ်တော်ကို ပွားများရာ၌ ဟေတုသမ္ပဒါ, ဖလသမ္ပဒါ, သတ္တူပကာရသမ္ပဒါ-ဟု သမ္ပဒါသုံးပါးဖြင့် ဘုရားအာရုံယူပြီးမှ ဂုဏ်တော်ကိုးပါးမှ အရဟံ-စသော ဂုဏ်တော်တပါးပါးကို ဆက်၍ ယူပါလျှင် သာ၍ သဒ္ဓါ ပညာ တိုးပွားရန် ရှိပါသည်။
ဟေတုသမ္ပဒါ-ဘုရားအလောင်းတော်ဘ၀က အကြောင်းတို့၏ ပြည့်စုံခြင်းကို ဟေတုသမ္ပဒါ-ဟု ခေါ်၏။
ဗုဒ္ဓ၏ ဘုရားဖြစ်ဖို့ရန် အရင်းခံ အကြောင်းသည် မဟာကရုဏာတော် ဖြစ်၏။ ထိုမဟာကရုဏာတော်ကို အရင်းခံ၍ ဘုရားဖြစ်ကြောင်း ကောင်းမှုပါရမီတို့ကို ဖြည့်ကျင့်တော်မူခဲ့ပါသည်။
စည်းစိမ်ဥစ္စာ စွန့်၍၄င်း၊
ခြေလက်အင်္ဂါ စွန့်၍၄င်း၊
သားမယား စွန့်၍၄င်း၊
အသက်ကိုပင် စွန့်၍၄င်း၊
ပါရမီဖြည့်ကျင့်ပုံကို ဉာဏ်မီသလောက် အနုစိတ်၍ စဉ်းစားကြည်ညိုလျှင် သဒ္ဓါတရား တိုးတက် ကြည်လင်လာပါလိမ့်မည်။
ဖလသမ္ပဒါ-ထိုအကြောင်းနှင့်တန်အောင် အကျိုး၏ ပြည့်စုံလုံလောက်ခြင်းကို ဖလသမ္ပဒါ-ဟု ခေါ်သည်။
ဘုရားဖြစ်တော်မူသော ဘ၀၌ အကျိုးရပုံကို စဉ်းစားသောအခါ
( က ) အလွန်မြတ်သော ခတ္တိယအမျိုးတွင် ဖြစ်ပြီးလျှင် အသာဆုံး ရုပ်လက္ခဏာကို ရခြင်း
( ခ ) ကိလေသာအားလုံးကို အထုံဝါသနာနှင့်တကွ ပယ်နိုင်လောက်အောင် အရဟတ္တမဂ်ဉာဏ်ကို ဆရာမရှိ ကိုယ်တော်တိုင် ရတော်မူခြင်း။
( ဂ ) တရားအားလုံး အကုန်သိနိုင်သော သဗ္ဗညုတဉာဏ်တော်မှ စ၍ ဉာဏ်တော်အမျိုးမျိုး ရတော်မူခြင်း။
( ဃ ) ဘုန်းတော် ၆-ပါးစသည်တို့ကို ရတော်မူခြင်းသည် အကျိုး၏ ပြည့်စုံခြင်း ဖြစ်သည်ကို အာရုံပြုပါ။
သတ္တူပကာရသမ္ပဒါ-ထိုမဟာကရုဏာတော်၊ ထိုသဗ္ဗညုတဉာဏ်တော်ဖြင့် သတ္တ၀ါများအား တရားရေအေး အမြိုက်ဆေးကို တိုက်ကျွေးတော်မူသောကြောင့် သတ္တ၀ါတို့အား အပါယ်ဘေးမှ လွတ်မြောက်စေခြင်း။
ဈာန်မဂ်ဖိုလ် ရစေခြင်းမျာသည် လူ နတ် ဗြဟ္မာ အားလုံးအား အဖိုးမဖြတ်နိုင်သော ကျေးဇူးများခြင်းဟူသော သတ္တူပကာရသမ္ပဒါပင် ဖြစ်ပါသည်။
မည်မျှ ကောင်းကျိုးချမ်းသာ များကြသည်ကို အပြန်ပြန်အလှန်လှန် စဉ်းစား၍ ဗုဒ္ဓါနုဿတိဘာဝနာ ပွားများတော်မူနိုင်ကြပါစေ။
Saturday, March 7, 2009
Subscribe to:
Post Comments (Atom)
No comments:
Post a Comment