Tuesday, March 3, 2009

ဓမ္မပဒ တရားလမ်းစဉ်

( ၁ )
လူတို့သည် ဘေးဖြင့် ထိတ်လန့်သည်ဖြစ်၍ တောင်တို့အား၎င်း၊
တောတို့အား၎င်း၊ ဥယျာဉ် သစ်ပင်၊ စေတီအား၎င်း၊
များစွာတို့သို့ ကိုးကွယ်ရာဟူ၍ ဆည်းကပ်ကုန်၏၊
ဤသည်တို့ကား ဘေးကင်းသော ကိုးကွယ်ရာလည်း မဖြစ်၊
မြတ်သောကိုးကွယ်ရာလည်း မမည်၊
ဤကိုးကွယ်ရာတို့သို့ ဆည်းကပ်သဖြင့် ဆင်းရဲအပေါင်းမှလည်း မလွတ်။ ( ၁၈၈၊ ၁၈၉ )

( ၂ )
အကြင်သူသည် ဘုရားကို၎င်း၊ တရားကို၎င်း၊ သံဃာကို၎င်း၊ ကိုးကွယ်ရာဟူ၍ ဆည်းကပ်၏။
ထိုသူသည် မြတ်သောသစ္စာလေးပါး တရားတော်ကို ထိုးထွင်းသောဉာဏ်ဖြင့် မြင်၏။ ( ၁၉၀ )

( ၃ )
သစ္စာလေးပါးဟူသည်ကား-
(က) ဒုက္ခ-ဆင်းရဲခြင်း၊
(ခ) ဒုက္ခ၏ ဖြစ်ပေါ်ရာအကြောင်း၊
(ဂ) ဒုက္ခ၏ လွန်မြောက်ရာ နိဗ္ဗာန်၊
(ဃ) ဒုက္ခ၏ချုပ်ရာ နိဗ္ဗာန်သို့ရောက်ကြောင်း ရှစ်ပါးသော မဂ်ခရီး။ ( ၁၉၁ )

( ၄ )
ဤသည်တို့ကား ဘေးကင်းသော ကိုးကွယ်ရာလည်း ဖြစ်၏၊
မြတ်သောကိုးကွယ်ရာလည်း မည်၏၊
ဤကိုးကွယ်ရာတို့သို့ ဆည်းကပ်သဖြင့် ဆင်းရဲအပေါင်းမှ လွတ်၏။ ( ၁၉၂ )

( ၅ )
ခန္ဓာအိမ်အား ဆောက်လုပ်သူကို ရှာဖွေရာ မတွေ့သေးသောကြောင့်
ဘ၀များစွာ သံသရာ၌ ကျင်လည် ပြေးလွှားခဲ့ရ၏၊
မွေးဖွားရခြင်း ဒုက္ခကို အဖန်တလဲလဲ ခံခဲ့ရ၏။ ( ၁၅၃ )

( ၆ )
ခန္ဓာအိမ်အား ဆောက်လုပ်သူကို ယခုတွေ့ပြီ၊
ထိုခန္ဓာအိမ်ကို တဖန် မဆောက်လုပ်ရတော့အံ့၊
သင်၏ အိမ်မိုးခြင်း အားလုံးတို့သည် ကျိုး၍ အိမ်ခေါင်ထွတ်တို့သည် ပျက်စီးလေပြီ၊
ငါ၏စိတ်သည် တဏှာကုန်ခန်းခြင်းသို့ ရောက်၍ ပြုပြင်ခြင်းကင်းရာ နိဗ္ဗာန်သို့ ဆိုက်လေပြီ။ ( ၁၅၄ )

( ၇ )
မိမိသာလျှင် မိမိ ကိုးကွယ်ရာ အရှင်ဖြစ်၏၊
မိမိမှတပါး အဘယ်သူသည် ကိုးကွယ်ရာအရှင် ဖြစ်နိုင်ပါအံ့နည်း၊
မိမိကိုယ်ကို ကောင်းစွာပဲ့ပြင်ခြင်းဖြင့်သာ ရခဲသော (မိမိ၏) ကိုးကွယ်ရာ အရှင်ကို ရ၏။ ( ၁၆၀ )

( ၈ )
သားသမီး အမိအဖ အဆွေခင်ပွန်းတို့သည် အားကိုးရာ မဟုတ်ကုန်၊
သေမင်း၏ ဖမ်းဆီးနှိပ်စက်ခြင်း ခံရသောအခါ အဆွေအမျိုးတို့၌ အားကိုးစရာ မရှိချေ၊
ဤအကြောင်းကိုသိ၍ ပညာရှိသည် သီလကို စောင့်စည်းလျက် နိဗ္ဗာန်သို့သွားရာ မဂ်ခရီးကို
လျင်စွာ သုတ်သင်ရာ၏။ ( ၂၈၈၊ ၂၈၉ )

( ၂၄ )
အမျက်ကို စွန့်ရာ၏၊ မာနကို လုံးဝ စွန့်ရာ၏၊
အလုံးစုံသော သံယောဇဉ် အနှောင်အဖွဲ့တို့မှ လွန်မြောက်ရာ၏၊
နာမ်ရုပ်တို့၌ မငြိတွယ်မူ၍ ကြောင့်ကြခြင်း ကင်းသောသူအား ဆင်းရဲခြင်းသည် မကျရောက်။ ( ၂၂၁ )

( ၂၅ )
ခပ်သိမ်းသော အာရုံခြောက်ပါးတို့၌ တဏှာတည်းဟူသော အလျဉ်တို့သည် ယိုစီးလျက် နေကုန်၏၊
တဏှာတည်းဟူသော နွယ်တို့သည်လည်း ပေါက်လျက် တည်ကုန်၏၊
ထိုကိုမြင်၍ ပေါက်ပွားသော တဏှာတည်းဟူသော နွယ်၏အမြစ်ကို ပညာဖြင့် ဖြတ်ကုန်လော့။ ( ၃၄၀ )

( ၂၆ )
ရှေး၌ဖြစ်ကုန်သော တဏှာကိုလည်း စွန့်လော့၊
နောက်ဖြစ်မည့် တဏှာကိုလည်း စွန့်လော့၊
အလယ်မျက်မှောက် ဖြစ်ဆဲ တဏှာကိုလည်း စွန့်လော့၊
ဘ၀၏ တဘက်ကမ်းသို့ ရောက်သည်လည်း ဖြစ်လော့၊
အလုံးစုံတို့၌ လွန်မြောက်သည့် စိတ်ဖြစ်၍ ပဋိသန္ဓေနေခြင်း အိုခြင်းသို့ တဖန် မရောက်လေလင့်။ ( ၃၄၈ )

( ၂၇ )
ဤလောက၌ လူတို့သည် အကန်းသာလျှင်ဖြစ်၍ အနည်းငယ်သော သူတို့သာလျှင် မြင်ကြကုန်၏၊
ပိုက်ကွန်မှလွတ်သော ငှက်ကဲ့သို့ ကောင်းရာသို့ လားသောသူတို့သည်ကား နည်းလှစွာ၏။

( ၂၈ )
တဏှာဖြင့် ၀န်းရံအပ်ကုန်သော လူတို့သည် ကျော့ကွင်း၌ မိသော ယုန်ငယ်ကဲ့သို့
ထိုမှဤမှ ပြေးလွှားကြကုန်၏၊
သံယောဇဉ် အနှောင်အဖွဲ့၌ ငြိတွယ်နေကြကုန်သည်ဖြစ်၍ ကြာမြင့်စွာ အဖန်တလဲလဲ
ဒုက္ခရောက်ကြကုန်၏။ ( ၃၄၂ )

( ၂၉ )
အကြင်သူတို့သည်ကား ကိုယ်၌ အဖန်တလဲလဲ ရှုဆင်ခြင်ခြင်းကို ကောင်းစွာ အားထုတ်ကုန်၏၊
ပြုဖွယ်ကိစ္စ မဟုတ်သည်ကို မမှီဝဲမူ၍ ပြုဖွယ်ကိစ္စကို မပြတ်အားထုတ် ပြုလုပ်ကုန်၏၊
သတိရှိ၍ အဆင်အခြင်နှင့် ပြည့်စုံသော ထိုသူတို့အား အာသဝေါတရားတို့သည် ချုပ်ခြင်းသို့ ရောက်ကုန်၏။

( ၃၀ )
တပ်မက်ခြင်း ရာဂနှင့်တူသော မီးသည် မရှိ၊
ခက်ထန်ခြင်း ဒေါသနှင့်တူသော အပြစ်သည် မရှိ၊
ကိုယ်ခန္ဓာနှင့်တူသော ဆင်းရဲခြင်းသည် မရှိ၊
နိဗ္ဗာန်၏ ငြိမ်းခြင်းနှင့်တူသော ချမ်းသာသည် မရှိ။ ( ၂၀၂ )

( ၃၁ )
မွတ်သိပ်ခြင်းသည် အဆိုးဆုံးသော ရောဂါတည်း၊
ပြုပြင်ပြောင်းလဲခြင်း သင်္ခါရတရားတို့သည် အဆိုးဆုံးသော ဆင်းရဲခြင်းတည်း၊
ဤအကြောင်းကို ဟုတ်တိုင်းမှန်စွာ သိ၍ နိဗ္ဗာန်သည် အမြတ်ဆုံးသော ချမ်းသာ-ဟု ဆို၏။

( ၃၂ )
ကျန်းမာခြင်းသည် အမြတ်ဆုံးသော လာဘ်တည်း၊
ရောင့်ရဲခြင်းသည် အမြတ်ဆုံးသော ဥစ္စာတည်း၊
ချစ်ကျွမ်းဝင်သူ (ယုံကြည်ရသူ) သည် အမြတ်ဆုံးသော ဆွေမျိုးတည်း၊
နိဗ္ဗာန်သည် အမြတ်ဆုံးသော ချမ်းသာတည်း။

( ၃၃ )
အသပြာမိုး ရွာသဖြင့်လည်း ရောင့်ရဲခြင်း မရှိ၊
ကာမဂုဏ်၌ တင်းတိမ်ရောင့်ရဲခြင်း မရှိ၊
ကာမဂုဏ်တို့သည် သာယာအပ်သော သဘောနည်း၍ ဆင်းရဲခြင်း၏ အကြောင်းသာလျှင် ရှိကုန်၏-ဟု
မြတ်စွာဘုရား၏ တပည့်သား ပညာရှိသည် သိ၍ နတ်တို့၏ ကာမဂုဏ်၌ပင် မမွေ့လျော်ဘဲ
တဏှာ၏ကုန်ခန်းရာ နိဗ္ဗာန်၌သာ မွေ့လျော်၏။ ( ၁၈၆၊ ၁၈၇ )

( ၃၄ )
သူတော်ကောင်းတို့သည် အရာခပ်သိမ်း၌ တပ်မက်ခြင်း မရှိ၊
စွန့်လွှတ်ကြကုန်၏၊
ကာမဂုဏ်ကို တောင့်တသဖြင့် မြွက်ဆိုခြင်း မပြု၊
ချမ်းသာခြင်း ဆင်းရဲခြင်း တွေ့သော်လည်း ဖောက်ပြန်ခြင်းကို မပြုကြကုန်။ ( ၈၃ )

( ၃၅ )
အကြင်အကြင်အခါ၌ ခန္ဓာငါးပါးတို့၏ ဖြစ်ခြင်း၊ ပျက်ခြင်းကို သုံးသပ်၏၊
ထိုအခါ နှစ်သက် ၀မ်းမြောက်ခြင်းကို ရ၏၊
ထိုနှစ်သက် ၀မ်းမြောက်ခြင်းကို အမြိုက်နိဗ္ဗာန်ဟု သိမြင်၏။ ( ၃၇၄ )

( ၃၆ )
အကြင်သူတို့သည် ကောင်းစွာဟောကြားတော်မူသော တရားတော်တို့ကို
လိုက်နာ ကျင့်ဆောင်ကြ၏၊
ထိုသူတို့သည် လွန်မြောက်နိုင်ခဲသော သေမင်း၏ နိုင်ငံမှ နိဗ္ဗာန်တည်းဟူသော
ဟိုဘက်ကမ်းသို့ ကူးသွားကြကုန်၏။ ( ၈၆ )

No comments: