Sunday, March 22, 2009

ဝါကြွားမှု

ဝေသာလီ မြို့တော်အနီး မဟာဝုန်တောကြီး၌ ဘုရားရှင် သီတင်းသုံးတော်မူစဉ် ၀ဂ္ဂုမုဒါမြစ်ကမ်းနေ ရဟန်းများသည် လာဘ်ပေါများစေရန် ရည်ရွယ်လျက် ဈာန်မဂ်ဖိုလ် တရားများ မရဘဲနဲ့ ရသည်ဟု ကြွားဝါပြောဆိုနေကြလေသည်။

ထိုသတင်းသည် မြတ်စွာဘုရားထံ ရောက်သွားရာ ရဟန်းတို့ကို ခေါ်စေ၍ ရဟန်းတို့-သင်တို့သည် ၀မ်းရေးဟူသော အကြောင်းကြောင့် လူတို့အား အဘယ်ကြောင့် ဈာန်မဂ်ဖိုလ်ရကြောင်း ပြောကြားရသနည်း မလျော်သောအမှုကို ပြုကြကုန်သည်-ဟု အပြစ်တင် ဆုံးမတော်မူပြီးလျှင် စတုတ္ထပါရာဇိက သိက္ခာပုဒ်ကို ပညတ်တော်မူသည်။ ထို့နောက် အောက်ပါဂါထာကို ဟောတော်မူလေသည်။

( ပါဠိဂါထာ )
သေယျော အယောဂုဠော ဘုတ္တော ၊ တတ္တော အဂ္ဂိ သိခူပမော ။
ယဉ္စေ ဘုဉ္ဇေယျ ဒုဿီလော ၊ ရဋ္ဌပိဏ္ဍမသညတော ။

( မြန်မာပြန် )
သီလလည်း မရှိ၊ ကိုယ် နှုတ် နှလုံးကိုလည်း မစောင့်စည်းဘဲ တိုင်းသားပြည်သူတို့ သဒ္ဓါကြည်ဖြူ ပေးလှူအပ်သော ဆွမ်းကို စားရခြင်းထက် မီးလျှံကဲ့သို့ ပူလောင်သော သံတွေခဲကို စားရခြင်းက ပို၍ ကောင်းမြတ်သေး၏။

( ဆောင်ပုဒ် )
ကိုယ် နှုတ် နှလုံး၊ စောင့်သုံးသီလာ၊ မရှိပါဘဲ၊ ဒါယကာများ၊ လှူဒါန်းထားသည့်၊ ဆွမ်းအာဟာရ၊ စားရသည်ထက်၊ ကျက်ကျက်ပူလောင်၊ အရောင်ရဲရဲ၊ သံတွေခဲကို၊ ၀ါးမျိုခြင်းက၊ ကောင်းမြတ်လှ၏။

( နိရယ၀ဂ် ၀ဂ္ဂုမုဒါတိရိယဘိက္ခုဝတ္ထု )

No comments: