Wednesday, March 18, 2009

ထင်သာထင် မ၀င်ဘူး ကျောင်းအမ

တခါက ရွာတရွာတွင် အသက်အရွယ် အိုမင်းပြီဖြစ်သော ဘုန်းတော်ကြီးတပါး ရှိ၏၊ ထိုရွာ၌ပင် အလွန်စေတနာ သဒ္ဓါတရားထက်သန်လှသော မုဆိုးမ ပွဲကတော်ကြီးတဦးလည်းရှိ၏။

ပွဲကတော်ကြီးသည် ဘုန်းတော်ကြီးအား အလွန်ကြည်ညိုလှသဖြင့် ဘုန်းတော်ကြီး၏ အသက်အရွယ် အိုမင်းရင့်ရော်ပုံကို ထောက်ညှာလျက် ပင်ပန်းနွမ်းနယ်မည်စိုး၍ ဆွမ်းခံမထွက်ပါရန် လျှောက်ကြားပြီး
နေ့စဉ် ဆွမ်းအုပ်ပို့လှူလေသည်။

ဘုန်းတော်ကြီးမှာ အသက်အရွယ်အိုမင်းသည့် အလျောက် ဆွမ်းများကို ကောင်းစွာ မဘုဉ်းပေးနိုင်ဘဲရှိရာ ပွဲကတော်ကြီးမှာ စိတ်မချမ်းသာသဖြင့် ဘုန်းတော်ကြီးနှစ်သက်သည့် ဟင်းလျာများကို စုံစမ်းပြီး နောက်နေ့တွင် ဖွယ်ဖွယ်ရာရာ စုံစုံလင်လင် ချက်ပြုတ်ကာ ကိုယ်တိုင်ပင် ကျောင်းသို့ ဆွမ်းအုပ်လာပို့လေသည်။

ထို့နောက် ဆွမ်းစားချိန်ရောက်လာ၍ ဘုန်းတော်ကြီးအား ကိုယ်တိုင် ဆွမ်းအုပ်ကပ်လှူပြီးနောက် မနီးမဝေးမှနေ၍ အကဲခတ်ကြည့်ရှု စေတနာပြုနေ၏။

ပွဲကတော်ကြီး၏ စေတနာထက်သန်မှုကြောင့် ထမင်းကပူ ဟင်းကပူ ငရုတ်ကစပ် ဟင်းခွက်ကကျပ်နေသဖြင့် ဘုန်းတော်ကြီးမှာ ဆွမ်းစားယင်း နှာရည်များ ယိုဆင်းပြီး ချွေးသီးချွေးပေါက်များပင် ကျလေသည်။

ဤအခြင်းအရာကို ပွဲကတော်ကြီး မြင်သဖြင့် ဘုန်းတော်ကြီးသည် ခါတိုင်းနှင့်မတူ နှာရည်များ ယိုစီးကာ ချွေးများပင် ဖြာဖြာကျသဖြင့် ဆွမ်းမြိန်ဟန်ရှိသည်-ဟု ၀မ်းသာအားရလျက်နေလေသည်။

ထိုနောက် ဆွမ်းစားပြီးသောအခါ ဘုန်းတော်ကြီးအား အရှင်ဘုရား၊ ယနေ့ ဆွမ်းစားသည်မှာ အားရပါးရ ရှိလှပါသည်၊ ချွေးများပင် ကျသည်ကို တွေ့ရပါသည်၊ ခါတိုင်းထက် ပို၍ ဆွမ်းစားဝင်သည်ဟု ထင်ပါသည်ဘုရား-ဟု လျှောက်ထား၏။

ဘုန်းတော်ကြီးလည်း နှာရည်ကိုရှုတ် ချွေးကိုသုတ်ယင်း အ၀်း-ထင်သာထင် မ၀င်ဘူး ကျောင်းအမ-ဟု တခွန်းမျှ မိန့်တော်မူပြီး အရှေ့ဆောင်သို့ ကြွသွားလေသည်။

ဤပုံပြင်ဖြင့် ထင်သာထင် မ၀င်ဘူး ကျောင်းအမ-ဟူသော စကားပုံဆိုရိုး ပေါ်ပေါက်လာခြင်း ဖြစ်လေသည်။

( နီတိ )
ဤသည့် ဖြစ်ပုံ၊ ဉာဏ်ဖြင့်ခြုံလျက်၊ လူ့ဘုံမှုရေး၊ ရှုကာငေးလျက်၊ ကြံတွေးမှတ်ထင်၊ တမျိုးမြင်လည်း၊ ဖြစ်အင်တခြား၊ မူကွဲပြား၍၊ လွဲမှားတတ်ချေ၊ သိသင့်ပေသည်၊ မှတ်လေ လောကဖြစ်စဉ်တည်း။

( တက္ကသိုလ် တင်အေး )

No comments: