ကမ္ဘာပေါ်တွင် ချမ်းသာသောနိုင်ငံ ဆင်းရဲသော နိုင်ငံဟူ၍ နိုင်ငံအမျိုးမျိုး ရှိကြသည်၊ ၀တ္ထုပစ္စည်းအနေဖြင့် လိုလေသေးမရှိ ပြည့်စုံပြီး စည်းစိမ်ချမ်းသာ စိတ်ကြိုက်ခံစားနိုင်သူ အများအပြား ရှိသည်၊ စားဝတ်နေရေး မပြည့်စုံဘဲ ဆင်းရဲ ချို့တဲ့စွာ အသက်မွေးနေထိုင်ရသူများလည်း မရေမတွက်နိုင်အောင် ရှိသည်၊ သူတို့အားလုံးတွင် အရေးကြီးဆုံးအရာကား စိတ်ချမ်းသာမှုရှိရန် အရေးပင်ဖြစ်သည်၊ လူအနေဆင်းရဲသော်လည်း စိတ်ချမ်းသာနေသူများ ရှိသည်၊ စိတ်ဆင်းရဲမှုဒဏ်ကြောင့် မခံမရပ်နိုင်ဘဲ လူ့ဘ၀ကို အဆုံးစီရင်သွားကြသော ကမ္ဘာကျော် ပုဂ္ဂိုလ်များ၊ လူချမ်းသာများ အများအပြား အကြောင်းကိုလည်း ကြားသိနေရသည်။ ထို့ကြောင့် စိတ်ချမ်းသာရေးဟူသည် ၀တ္ထုပစ္စည်းပေါ်တွင် မတည်ဘဲ စိတ်နေစိတ်ထား သဘောပေါ်တွင် တည်နေသည်ဟု သတိပြုကြရပေမည်။ အောက်ပါ နည်းလမ်းများ လိုက်နာကျင့်သုံးပါလျှင် စိတ်ကျေနပ် ချမ်းသာမှု ရရှိ၍ လောကသံသရာ နှစ်ဖြစ်သော အကျိုးကို ဆောင်ရွက်နိုင်ကြပါမည်ဟု ယုံကြည်ပါသည်။
၁။ ငါကြီးပွားဖို့၊ ငါချမ်းသာဖို့ဟူသော အတ္တစိတ်ကို အရင်းမပြုဘဲ အများအကျိုးဆောင် ကိုယ့်အကျိုးအောင်ဟူသော စိတ်ကောင်းထားပါ။
၂။ ကြံစည်သော်လည်း မဖြစ်၊ မကြံစည်သော်လည်း ဖြစ်တတ်သည်ဟူသော သဘောကို နှလုံးသွင်းတတ်ပါစေ။
၃။ ဣဿ မစ္ဆရိယ ဟူသော အယုတ်တရားနှစ်ပါးကို ကယ်ထုတ်၍ ဒေ၀ဓမ္မဖြစ်သော ဟိရိ၊ သြတ္တပ္ပ တရားနှစ်ပါးကို လက်ကိုင်ထားပါ။
၎။ သက်ရှိသတ္တ၀ါများ အပေါ်၌ ဖြစ်စေ၊ သက်မဲ့ဝတ္ထု ပစ္စည်းများ အပေါ်၌ဖြစ်စေ ပြင်းထန်စွာ စွဲလမ်းနှစ်သက် တပ်မက်ခြင်းကို ပယ်ခွါပါ။
၅။ လောကဓံတရား ရှစ်ပါးကို လူတိုင်းကြုံတွေ့ရစမြဲ ဖြစ်သည်၊ ကံသာလျှင် အမိ၊ ကံသာလျှင် အဖ ဖြစ်သည်ဟူသော သဘောကို အစဉ်သတိရပါ။
ဤသို့သော သဘောတရားများကို ကျင့်သုံးပြီး ပတ်ဝန်းကျင်ဆွေမျိုး မိတ်ဆွေ အပေါင်းအသင်းများအပေါ်တွင် မေတ္တာ ကရုဏာ မုဒိတာ ဥပေက္ခာ ဟူသော ဗြဟ္မစိုရ်တရား လက်ကိုင်ထားကာ သင့်တင့်စွာ နှလုံးသွင်း၍ ပေါင်းသင်းပါက စိတ်ချမ်းသာမှုရရန် သေချာပါသည်။
Tuesday, March 24, 2009
Subscribe to:
Post Comments (Atom)
No comments:
Post a Comment