Friday, March 27, 2009

ကံ ကံ၏အကျိုး ( ၃၉ )

( စေတနာမှန်၍ ကံကောင်းခြင်း )

ဦးမြသည် တိရစ္ဆာန်များကို ချစ်တတ်သူဖြစ်၏၊ သူ့အိမ်တွင် အိမ်မွေးတိရစ္ဆာန်များ စုံလှ၏၊ အထူးသဖြင့် ကြောင်နှင့်ခွေး တိရစ္ဆာန်များကို အထူးအရေးပေးလှ၏၊ သန့်ရှင်းစွာ ကျွေးမွေးလေ့ရှိ၏၊ သောက်ရန် ရေတို့ကိုလည်း အမြဲတစေ ထည့်ပေးတတ်၏၊ ၄င်းအပြင် သူ၏မွေးနေ့တိုင်း၌ ရပ်ကွက်ထဲရှိ ကြောင်နှင့်ခွေးတို့အား ဒါနပြုတတ်သေးသည်၊ ထို့ကြောင့် သူသွားလေရာ ခွေး ၃-၄ ကောင် အမြဲ တကောက်ကောက် လိုက်ပါတတ်သည်၊ သူသည် တိရစ္ဆာန်များကို အစာကျွေးပြီးတိုင်း ၃၁-ဘုံရှိ ဝေနေယျအားလုံးအား အမျှပေးဝေလေ့ ရှိ၏၊ ပုံမှန်အားဖြင့် မနက်နှင့်ည တကြိမ်စီ ကျွေးမွေး၏။

တနေ့သောအခါ သူ၏ခွေး လေးလုံး-သည် ငှက်ပျောပင်နား၌ ကြွက်တွင်းကို ယက်နေသည်ကို တွေ့ရ၏၊ ဦးမြသည် ငှက်ပျောပင်ခြေ ပေါ်မည်စိုးသဖြင့် သွား၍ကြည့်ရာ မြေခဲများ၏အောက်၌ နှစ်ကျပ်သားခန့်ရှိ ပန်းလက်ကောက် တကွင်းကို ရရှိခဲ့လေသည်၊ ရှေးဟောင်းလက်ရာ ဖြစ်သဖြင့် သက်ဆိုင်ရာပို့ရာ ကာလပေါက်ဈေး ဆုငွေငါးသောင်းခန့် ရရှိခဲ့လေသည်။

ထိုနှစ် သူ၏မွေးနေ့ ကျရောက်သောအခါ သံဃာ ၁၀-ပါးတို့အား ဆွမ်းကျွေးလျက် ဆွေမျိုးမိတ်သင်္ဂဟများကို ဖိတ်ကာ ဒါနပြုတော့၏၊ ထို့ပြင် အထူးခြားဆုံးသောပွဲကား ရပ်ကွက်ထဲရှိ ခွေးများကို ငှက်ပျောဖက်ခင်းပြီး ထမင်းကျွေးပွဲကြီးပင် ဖြစ်တော့သည်၊ ရဟန်းရှင်လူတို့သည် ဦးမြ၏ ထူးခြားသော ဒါနကို ၀မ်းမြောက်စွာ သာဓုခေါ်ကြလေတော့၏။

( ခင်မေ-ရွှေတောင် )
********************************************************************************

( ကံထိုက်သူ )

ဈေးဝယ်စရာရှိသည်များ ၀ယ်ပြီး ဆိုက်ကားငှါး၍ ကျောင်းပြန်ခဲ့သည်၊ ဆိုက်ကားသမားကား စမ်းချောင်းဘက်မှ နင်းလာသဖြင့် အမှတ် ၅-အ.ထ.က ကျောင်းရှေ့သို့ ရောက်လာသည်၊ ကျောင်းရှေ့လမ်းတဘက်တွင် ညစ်ပေ စုတ်ပြဲသော ပုဆိုးပိုင်းလေးခင်း၍ တောင်းနေသော သူတောင်းစားတယောက်ကို တွေ့ရသည်၊ အသက်အားဖြင့် သုံးဆယ်ကျော် လေးဆယ် ၀န်းကျင်သာရှိမည်၊ ခြေလက်အင်္ဂါ အကောင်းပကတိ၊ အင်အားချည့်နဲ့သည့် ပုံစံမျိုးလည်း မရှိ၊ အလုပ်လုပ်၍ ဘ၀ကို ရပ်တည်နိုင်ပါလျက် သူတပါး၏ စွန့်ကျဲပေးကမ်းမှုကို မျှော်ပြီး တောင်းစား၏။ ရရှိလာပြန်တော့ အရည်ဖျော်ပစ်တတ်သည်။

ဒီလူ တော်တော်မိုက်တာ ဆရာလေးရဲ့ ကံထိုက်တာ။
ဟင်-ဟုတ်လား၊ ပြောပါဦး၊

ထိုလူကို လွန်လာသောအခါ ဆိုက်ကားသမားလေးက စကားစလိုက်သဖြင့် စာရေးသူလည်း စိတ်ဝင်စားစွာဖြင့် မေးမိ၏။ ဒေါ်ခလေးမသည် ဆယ်နာရီကျော်မှ အိမ်ပြန်ရောက်လာ၏၊ ခေါင်းပေါ်မှ ဟင်းရွက်ဗျပ်ကြီး ချလျက် ရေတခွက် ခပ်သောက်နေသည်၊ ရေသောက်ရင်း အမောဖြေပြီးလျှင် ထမင်းချက်ရဦးမည်။

အမေ-ပိုက်ဆံငါးကျပ်လောက်။
ဟယ်-ဈေးရောင်းလို့မကောင်းရတဲ့အထဲ နင်လေ အတော်မသိတတ်တဲ့ အကောင်၊ တနေ့တနေ့ သောက်ဖို့ စားဖို့ မူးဖို့ ရူးဖို့ပဲ သိတယ်၊ ငါ့မှာ တလမ်းဝင် တလမ်းထွက်နဲ့ ထမင်းနပ်မှန်အောင် စားရဖို့တောင် မလွယ်ကူ။

ဟာဗျာ ခင်ဗျားကြီး ဒီစကားတွေပဲ မကြာမကြာပြောနေတာပဲ၊ ရိုးနေပြီ၊ ဒါတွေ ရိုးနေပြီ၊ ခင်ဗျားကြီး အဲလို ပင်ပင်ပန်းပန်း ဈေးရောင်းစားမယ့်အစား လမ်းဘေးမှာထိုင် ခွက်တခု ရှေ့ချပြီး သနားကြပါ၊ ပေးကြပါ။ ကမ်းကြပါ ဆိုရင်တောင်လေ ဒိထက်ဒိထက် အများကြီး ရနိုင်တယ် သိလား - ဟား - ဟား။

အဲဒါပဲ ဆရာလေး၊ မိခင်ကြီးကို စော်ကား မော်ကား ပြောခဲ့တဲ့ကံ အခု သူခံနေရပြီ၊ ဒါပေမယ့် ဒီကောင်တွေက ဒီလိုနဲ့ပဲ သေမထူး နေမထူး နေသွားမယ့် အကောင်တွေပါ ဆရာလေးရယ်။

ဘ၀သံသရာအတွက် ၀န်လေးသော ကံသုံးပါးကို မကျုးလွန်မိကြပါစေနဲ့ဟုသာ ဆန္ဒပြုရပါတော့သည်။

( မြောင်းမြ-မဥတ္တရစာရီ )

( မြတ်မင်္ဂလာ ၁၉၉၄-စက်တင်ဘာလ )

No comments: