Wednesday, April 1, 2009

လောက၌ အချစ်ဆုံးပုဂ္ဂိုလ်

လောကသားတို့၏ အကျိုးစီးပွားကို လိုလားတော်မူသော ဗုဒ္ဓမြတ်စွာသည် လေးဆယ့်ငါးဝါပတ်လုံး သတ္တ၀ါတို့၏ အကျိုးစီးပွားအလို့ငှါ လောကီ လောကုတ္တရာ အဆုံးအမများကို ဟောကြားညွှန်ပြတော်မူခဲ့သည်။ ထိုဓမ္မအမွေအနှစ်တို့၏ အသီးအပွင့်အရသာတို့ကို ခံစားခွင့်ရနေကြသော ကျွန်ုပ်တို့သည် ဗုဒ္ဓခေတ်မြတ် တွေ့ကျိုးနပ်အောင် ကျင့်ဆောင်ကြရန် ကြိုးစားကြရပါမည်။ မြတ်ဗုဒ္ဓက လူသည် မိမိကိုယ်မိမိ အချစ်ဆုံး-ဟု ဟောကြားတော်မူခဲ့သည်။

ဓမ္မပဒပါဠိတော် အတ္တ၀ဂ်တွင်-
မိမိကိုယ်ကို ချစ်မြတ်နိုးလျှင် ကောင်းစွာစောင့်ရှောက်ပါ-ဟူ၍၄င်း၊
မိမိသည်သာ မိမိ၏ ကိုးကွယ်ရာဖြစ်သည်-ဟူ၍၄င်း၊
မိမိ၏အကျိုးစီးပွားကို ကောင်းစွာသိ၍ တိုးတက်အောင် ဆောင်ရွက်အားထုတ်အပ်၏-ဟူ၍၄င်း၊
မကောင်းမှုကို မိမိပြုခဲ့လျှင် မိမိသည်ပင် ညစ်နွမ်းရသည်-ဟူ၍၄င်း၊
သတိပေး ဟောကြားတော်မူခဲ့ပေသည်။

ဘုရားရှင်တိုင်း ဟောကြားတော်မူမြဲဖြစ်သော သြ၀ါဒတော်တွင်
မကောင်းမှုရှောင်၊ ကောင်းမှုဆောင်၊ ဖြူအောင်စိတ်ကိုထား-ဟု ညွှန်ပြတော်မူခဲ့ပေသည်။
အင်္ဂုတ္တရပါဠိတော် ပဏိဟိတအစ္ဆ၀ဂ်နှင့် ဥပရိပဏ္ဏာသပါဠိတော် ၀တ္ထသုတ်တို့၌ စိတ်၏သဘာဝနှင့် ညစ်ညူးကြောင်းတို့ကို ဟောကြားတော်မူခဲ့ရာ အချစ်ဆုံးဖြစ်သော မိမိကိုယ်၏ ကောင်းကျိုးချမ်းသာအတွက် စိတ်ညစ်ညူးစေသော အမှုများကို ရှောင်ရန်အားထုတ်၍ စင်ကြယ်စေသော တရားများကို ကျင့်သုံးရန် လိုပေသည်။
စိတ်ညစ်ညူးကြောင်းတို့မှာ-
၁။ သူတပါးစည်းစိမ်ချမ်းသာကို ရှေးရှုကြံစည်ခြင်း-အဘိဇ္ဈာ။
၂။ မသင့်လျော်သော လိုချင်တပ်မက်ခြင်း-၀ိသမလောဘ။
၃။ သူတပါးကို ပျက်စီးစေလိုခြင်း-ဗျာပါဒ။
၎။ အမျက်ထွက်ခြင်း-ကောဓ။
၅။ ရန်ငြိုးဖွဲ့ခြင်း-ဥပနာဟ။
၆။ ဂုဏ်းကျေးဇူးကို ချေဖျက်ခြင်း-မက္ခ။
၇။ ဂုဏ်ပြိုင်ခြင်း-ပဠာသ။
၈။ ငြူစူခြင်း-ဣဿာ။
၉။ ၀န်တိုခြင်း-မစ္ဆရိယ။
၁၀။ လှည့်ပတ်ခြင်း-မာယာ။
၁၁။ စဉ်းလဲခြင်း-သာဌေယျ။
၁၂။ စိတ်ခက်ထန်ခြင်း-ထမ္ဘ။
၁၃။ ချုပ်ချယ်ခြင်း-သာရမ္ဘ။
၁၄။ မောက်မာခြင်း-မာန။
၁၅။ အလွန်မောက်မာခြင်း-အတိမာန။
၁၆။ မာန်ယစ်ခြင်း-မဒ။
၁၇။ သတိမေ့လျော့ခြင်း-ပမာဒ-တို့ ဖြစ်သည်။

ဤညစ်ညူးကြောင်းတရားတို့ကို သတိပြုရှောင်ရှားလျှင် သူတော်ကောင်းတရားများ လိုက်နာကျင့်သုံးရန် မခက်ခဲတော့ဘဲ သံသရာဝဋ်ဆင်းရဲမှ လွတ်မြောက်ရေးလမ်း ပွင့်သွားလိမ့်မည်ဖြစ်ပါသည်။

No comments: