Thursday, April 2, 2009

တဆယ့်လေးကုဋေတန် အသဒိသဒါန

( သာဓုခေါ်သူ နတ်ပြည်သွား၍ ကဲ့ရဲ့သူ ငရဲလားသည် )

မြတ်စွာဘုရား ဇေတ၀န်ကျောင်းတော်ဝယ် သီတင်းသုံးတော်မူစဉ် ကောသလမင်းနှင့် သာဝတ္ထိပြည်သူ ပြည်သားတို့သည် အပြိုင်အဆိုင် အလှူပွဲကြီးများ ကျင်းပကြရာ ခြောက်ကြိမ်တိုင်တိုင် မင်းကြီးရှုံးလေသည်။ ခုနစ်ကြိမ်မြောက် အလှူပွဲကြီးကို မိဖုရားကြီး မလ္လိကာဒေ၀ီကိုယ်တိုင် ဦးစီး၍ မဏ္ဍပ်ကြီးဆောက်လုပ်စေလျက် ဆင်များကိုအသုံးပြု၍ မင်းညီမင်းသားများ၊ နန်းတွင်းသူ နန်းတွင်းသား အများအပြားပါဝင်ပြီး တဆယ့်လေးကုဋေတန်သော လှူဖွယ်ဝတ္ထုများ လှူဒါန်းကာ ဘုရားအမှူးရှိသော သံဃာများကို ဆွမ်းကပ်ရာ ပြည်သူပြည်သားများ မပြိုင်နိုင်ကြတော့ပေ။

ဤမျှကြီးမားသော အသဒိသအလှူကြီးကို ကာဠအမတ်က ( မင်း-မိဖုရား ပြုလုပ်ပုံသည် မှားလေစွ၊ ဤမျှ အကုန်အကျ များပြားလှသောအလှူသည် ဘာအကျိုးရှိမည်နည်း၊ အလှူခံပုဂ္ဂိုလ်တို့သည် အ၀စားသောက်ပြီး အိပ်နေကြမည်သာ ဖြစ်သည်-) ဟု ကြံစည်ပြီး အပြစ်တင်၏၊ ဇုဏှအမတ်က ( မင်းဖြစ်၍သာ ဤသို့အလှူကြီးကို ပြုလုပ်နိုင်ပေသည်၊ ကောင်းလေစွ၊ ကောင်းလေစွ၊)ဟု ၀မ်းမြောက်ဝမ်းသာ သာဓုခေါ်၏၊ အလှူပွဲကြီးတွင် မြတ်စွာဘုရားသည် တဂါထာမျှ တရားဟောပြီး ပြန်ကြွတော်မူရာ မင်းကြီးသည် ကျောင်းတော်သို့ လိုက်သွားပြီး ဘုရားရှင်အား အနုမောဒနာတရား နည်းပါးလှပုံကို မေးမြန်းလျှောက်ထား၏၊

ဘုရားရှင်က မင်းကြီး၏အမတ်တဦးသည် အလှူကို မနှစ်မြို့နိုင်ဘဲ အပြစ်မြင်နေသည်၊ တရားရှည်ရှည်ဟောလျှင် ထိုသူသည် ပိုမိုစိတ်ပျက်ပြီး ပိုမိုကြီးလေးသော အပြစ်ဖြစ်မည်ကို မလိုလား၍ တရားတိုတိုဟောကြောင်း ရှင်းပြတော်မူကာ အောက်ပါဂါထာကို ဟောတော်မူသည်။

( ပါဠိဂါထာ )
န ဝေ ကဒရိယာ ဒေ၀လောကံ ၀ဇန္တိ ၊ ဗာလာ ဟဝေ နပ္ပသံသန္တိ ဒါနံ ။
ဓီရော စ ဒါနံ အနုမောဒမာနော ၊ တေနေ၀ သော ဟောတိ သုခီ ပရတ္ထ ။

( မြန်မာပြန် )
စေးနှဲဝန်တိုသူတို့သည် နတ်ပြည်သို့ မရောက်နိုင်ကြကုန်။
လူမိုက်တို့သည် အလှူဒါနကို မချီးမွမ်းကြကုန်။
ပညာရှိများသာ အလှူဒါနကို ၀မ်းမြောက်နိုင်၏။
ဤ၀မ်းမြောက်မှုကြောင့်သာလျှင် ထိုပညာရှိတို့သည် တမလွန်ဘ၀၌ ချမ်းသာရ၏။

( ဆောင်ပုဒ် )
ဝန်တို စဉ်းလဲ၊ နတ်ပြည် လွဲ၏၊ ဉာဏ်နည်း လူဖျင်း၊ ပေးလှူခြင်းကို၊ အပြစ်ဆို၏။
ကံကိုယုံသိ၊ ပညာရှိကား၊ ကျိုးရှိမှန်လှ၊ မြတ်ဒါနကို၊ ချီးကျူးဆို၍၊
ထိုထိုဘ၀၊ ချမ်းသာရ၏။

( လောက၀ဂ်-အသဒိသဒါန၀တ္ထု )

No comments: