Tuesday, April 7, 2009

ညွန်နစ်နေသော ဆင်အိုကြီး ခွန်အားစိုက်ထုတ်၍ လွတ်မြောက်သွားပုံ

ကောသလမင်းကြီး၏ ပါဝေယျက ဆင်ကြီးသည် အလွန်ခွန်အားကြီး၍ စစ်ပွဲတိုင်း အောင်မြင်သောကြောင့် တတိုင်းပြည်လုံးက အားကိုး အလေးထားကြ၏၊ တဖြည်းဖြည်း အရွယ် အိုမင်းလာသောကြောင့် အင်အားများ ယုတ်လျော့လာ၏၊ တနေ့သောအခါ ညွန်အိုင်တွင် ရေဆင်းချိုးရာ ရွှံ့ညွန်နှစ်တွင် နစ်နေသဖြင့် ရုန်းကန်ထွက်ရန် မတတ်နိုင်ဖြစ်နေ၏။

ဆင်ထိန်းတို့ ကြိုးစားဆွဲတင်သော်လည်း မရသည့်အဆုံး၌ မင်းကြီးအား အသိပေးရာ မင်းကြီးက ဆင်ဆရာတဦးအား ခေါ်ယူစေ၍ တာဝန်ပေး၏၊ ဆင်ဆရာသည် အတီးအမှုတ်သမားများကို စုဝေးပြီး စစ်ခရာသံ၊ စစ်သီချင်းသံများ လွှမ်းမိုးစေလျက် စစ်ပွဲကြီး ဆင်နွဲနေသည့်အလား ဖန်တီးပြုလုပ်ပေးသည်၊

ပါဝေယျကဆင်ကြီးသည်လည်း စစ်သွေးစစ်မာန်များ ကြွလာပြီး အင်အားစိုက်ထုတ်လျက် ရုန်းထွက်လိုက်ရာ ညွှန်အတွင်းမှ လွတ်မြောက်လာလေသည်၊ ဤအဖြစ်ကို ဇေတ၀န်ကျောင်းတော်က တရားသဘင်တွင် ရဟန်းများ ပြောဆိုနေကြရာ ရှင်တော်ဘုရားက သင်တို့သည်လည်း ကိလေသာညွှန်မှ လွတ်မြောက်အောင် အားသွန်ကြိုးပမ်း ရုန်းကန်ထွက်ကြလော့-ဟုအောက်ပါဂါထာကို ဟောတော်မူသည်။ ဒေသနာအဆုံး၌ ရဟန်းတော်များ မဂ်ဖိုလ်ရကြလေသည်။

( ပါဠိဂါထာ )
အပ္ပမာဒရတာ ဟောထ ၊ သစိတ္တမနုရက္ခထ ။
ဒုဂ္ဂါ ဥဒ္ဓရထ’တ္တာနံ ၊ ပင်္ကေ သန္နောဝ ကုဉ္ဇရော ။

( မြန်မာပြန် )
မမေ့မလျော့သော အပ္ပမာဒတရား၌ မွေ့လျော်ကြကုန်လော့၊
မိမိစိတ်ကို စောင့်ရှောက်ကြကုန်လော့၊
ညွန်၌ ကျွံနစ်သော ဆင်သည် မိမိကိုယ်ကို ညွန်ပျောင်းမှ ထုတ်သကဲ့သို့
သင်တို့သည် ကိလေသာညွန်ပျောင်းမှ မိမိကိုယ်ကို ထုတ်နုတ်ကြကုန်လော့။

( ဆောင်ပုဒ် )
သတိမကင်း၊ ရှုမှတ်ခြင်းဖြင့်၊ မယွင်းနေ့ည၊ မွေ့လျော်ကြလော့၊
စိတ်မှပေါက်ဖွား၊ ညစ်ကြေးများကို၊ မထားကိုယ်မှာ၊ စွန့်ပယ်ခွါလော့၊
ညွှန်မှာကျွံမြုပ်၊ မလှုပ်နိုင်ပြီး၊ ဆင်ပြောင်ကြီးသည်၊
အားကြီးဇွဲသန်၊ စစ်သွေးမာန်ဖြင့်၊ အားအန်ထုတ်လျက်၊ ရုန်းကာထွက်သို့၊
သင်တို့သည်လည်း၊ နစ်ပြီးညွန်စိုင်၊ ကိလေအိုင်မှ၊ ခိုင်မာဇွဲသန်၊ အားကြိုးမာန်ဖြင့်၊ လွတ်ရန်ကြိုးကုတ်၊ ခွန်အားထုတ်လော့။

( နာဂ၀ဂ်၊ ပါေ၀ယ်က ဟတၳိ၀တၳဳ )

No comments: