Saturday, April 18, 2009

ကံ ကံ၏အကျိုး ( ၄၉ )

( ခွေးနက်ကြီးနှင့် ကျွန်မ ဖခင် )

ကျွန်မသည် အသက် ၇၀-ကျော်ရှိပါပြီ၊ သိတတ်သောအရွယ်မှစ၍ ရတနာသုံးပါးကို ယုံကြည်လေးမြတ်စွာ ကိုးကွယ်ခဲ့ပါသည်၊ ဘာသာရေးမဂ္ဂဇင်းများကိုလည်း လစဉ်မပြတ် ဖတ်ရှုနေသူတဦး ဖြစ်ပါသည်၊ ထိုစာစောင်များမှ ကိုယ်တွေ့ဖြစ်ရပ်များကို ဖတ်ရသဖြင့် ကျွန်မ၏ ကိုယ်တွေ့ဖြစ်ရပ်ကိုလည်း တင်ပြအပ်ပါသည်။

အကြောင်းမှာ ကျွန်မ၏ဖခင် ဗုဒ္ဓဘာသာသို့ ကူးပြောင်းလာပုံ ဖြစ်ပါသည်၊ ကျွန်မ၏ဖခင် ကွယ်လွန်ခဲ့သည်မှာ နှစ် ၅၀-ခန့်ရှိပါပြီ၊ ကျွန်မ၏ဖခင်သည် အသက် ၁၅-နှစ်ခန့်က အကိုနှစ်ဦးနှင့်အတူ မြန်မာနိုင်ငံသို့ ရောက်ရှိလာသော တရုတ်နိုင်ငံသား တဦးဖြစ်ပါသည်၊ အသက် ၂၅-နှစ်အရွယ်တွင် ကျွန်မ၏မိခင် မြန်မာအမျိုးသမီးနှင့် အိမ်ထောင်ကျပါသည်၊ မိခင်က ဗုဒ္ဓဘာသာဖြစ်၍ ဘာသာရေးကို လေးစားကိုးကွယ်ပါသည်၊ ဖခင်မှာ ဗုဒ္ဓဘာသာကို ကိုးကွယ်ယုံကြည်မှု မရှိခဲ့ပါ၊ သားသမီးများ ထွန်းကား၍ ကျွန်မအသက် ၁၅-နှစ်အရွယ်သို့ ရောက်မှ ဗုဒ္ဓဘာသာကို လေးလေးစားစားနှင့် ကိုးကွယ်လာသည်၊ ထိုအခါ မိခင်ထက် လွန်ကဲသွားပါသည်။

ထိုသို့ ထူးဆန်းစွာ ဗုဒ္ဓဘာသာသို့ ကူးပြောင်းပုံကို အနည်းငယ်ဖော်ပြပါမည်၊
ဖခင်သည် မွေးမြူရေးနှင့် စိုက်ပျိုးရေး လုပ်ငန်းများ လုပ်ကိုင်၍ အသက်မွေးဝမ်းကျောင်း ပြုသည်၊ ရွာနှင့် ၂-မိုင်ခန့်ဝေးသော လယ်ကွင်းထဲတွင် အလုပ်သမားများနှင့်အတူ နေထိုင်၍ အလုပ်လုပ်ပါသည်၊ တနေ့ ည ၉-နာရီခန့်၊ လ၀န်းမှုန် ပြပြတွင် ဖခင်တဦးတည်း ရွာသို့ပြန်လာပါသည်၊ လမ်းတ၀က်သို့ရောက်သောအခါ ခွေးနက်ကြီးတကောင်သည် အဝေးမှပြေးလာပြီး ဖခင်၏ရှေ့တွင် ပါးစပ်ကြီးဖြဲ၍ ရန်မူမည့်ဟန် ပြင်နေပါသည်၊ ဟိုဘက်ရှောင် ဟိုဘက်လိုက်၊ သည်ဘက်ရှောင် သည်ဘက်လိုက်နဲ့ ပြုနေပါသည်၊ ထိုအခါ ဖခင်က ဒီလောက်ကြီးတဲ့ ခွေး၊ ရိုးရိုးခွေးတာ့ မဖြစ်နိုင်ဘူး၊ သရဲခြောက်တာနဲ့ တူတယ်၊ မြန်မာတွေက သရဲခြောက်ရင် ဘုရားရှိခိုးရတယ်လို့ ပြောသံကြားဖူး တယ်၊ ဤကဲ့သို့တွေးမိပြီး ဘုရားကယ်ပါ-ဟု မတ်တတ်ရပ်လျက် လက်အုပ်ချီလိုက်သည်၊ ထိုအခါ ခွေးကြီးသည် တဦးတယောက်က ရိုက်လိုက်သကဲ့သို့ အသံကုန်အော်ပြီး ထွက်ပြေးသွားပါသည်။

အိမ်သို့ရောက်သောအခါ အမေ့ကို ထိုအဖြစ်အပျက်များ ပြန်ပြောပြီး ဗုဒ္ဓဘာသာဘုရား အလွန်တန်ခိုးကြီးတယ်-ဟု ဆိုပါသည်။ ထိုအချိန်မှစ၍ ရတနာသုံးပါးကို ယုံကြည်လေးစားသူ တဦးအဖြစ်သို့ လုံးဝကူးပြောင်းခဲ့ပါတော့သည်၊ သေသည်အထိ သာသနာ့အကျိုးကို တတ်နိုင်သမျှ ထမ်းဆောင်သွားသူ ဖြစ်ပါသည်။

( ဒေါ်ကြင် )
*********************************************************************************

( မှန်သောသစ္စာ ဆိုခြင်းအကျိုး )

လွန်ခဲ့သော ငါးနှစ်ခန့်က ဖြစ်ပါသည်၊ ကျွန်မတို့ မိသားစုသည် မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်တွင် နေထိုင်ကာ မြန်မာ ပရဆေး ရောင်းဝယ်ရေးလုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်း ပြုပါသည်။

တနေ့တွင် ကျွန်မတို့နေထိုင်ရာ အိမ်သို့ အသက် ၂၀-ခန့်ရှိသော အမျိုးသမီးတဦးသည် တောင်ဝှေးတချောင်းကို ထောက်၍ ယိမ်းယိုင်စွာ ဖြည်းဖြည်းချင်း လျှောက်လာနေပါသည်၊ သူမသည် ကျွန်မတို့အိမ်ရှေ့အရောက်တွင် အလွန်မောပန်းဟန်ဖြင့် ထိုင်ချလိုက်ပါသည်၊ ကျွန်မကလည်း အမ-ဘာဆေးဝယ်ချင်လို့လဲ-ဟူ၍ မေးပါသည်၊ ထိုအခါ သူမက မပီသသောလေသံဖြင့် ( ရင်းပြား )-ဆေးမြစ် လိုချင်ကြောင်း ပြောပါသည်၊ ကျွန်မကလည်း ဆေးမြစ်များအကြောင်း နားမလည်သဖြင့် ဖေဖေ့ကိုခေါ်၍ ရင်းပြား-ဆေးမြစ် လာဝယ်ကြောင်း ပြောလိုက်ပါသည်။

ဖေဖေသည် ထိုကလေးမ၏ ရောဂါမှာ အတော်ပင် ဆိုးရွားနေဟန်ရှိသောကြောင့် ရင်းပြားဆေးမြစ်သောက်၍ မပျောက်ကင်းနိုင်ကြောင်း သိရှိဟန်တူပါသည်၊ ထို့ကြောင့် ကလေးမ၊ ဘာကြောင့် ဒီလိုဖြစ်ရတာလဲ-ဟု ဖေဖေက မေးပါသည်၊ သူမက ရေထမ်းရောင်ရသူ ဖြစ်ကြောင်း၊ ယခုလဲ သွေးနုနုဖြင့် ရေထမ်းရောင်းရသည့် အတွက် ယခုလို ထုံကျဉ်ကိုက်ခဲခြင်း ဝေဒနာကို ခံစားရကြောင်း ပြောပါသည်၊ ထိုအခါ ဖေဖေက ကလေးမရဲ့ ရောဂါဟာ မီးယပ်နာ ဖြစ်နိုင်ကြောင်း၊ သောက်ဆေးနှင့် လိမ်းဆေး နှစ်မျိုးစလုံး လုပ်နိုင်မှ ပျောက်ကင်းနိုင်မည်ဖြစ်ကြောင်း ပြောပါသည်၊ ထိုအခါ ဈေးဝယ်အမသည် ချုံးပွဲချ၍ ငိုပါသည်၊ ဖေဖေက ကလေးမ၊ ဘာကြောင့် ငိုရတာလဲ ဆေးလိမ်း ဆေးစားရင် ပျောက်ကင်းမှာပေါ့-ဟု ပြောသောအခါ သူမက သောက်ဆေးနှင့်လိမ်းဆေး နှစ်မျိုးစလုံး ၀ယ်ရန် ပိုက်ဆံမရှိကြောင်း၊ ထို့ကြောင့် ၀မ်းနည်း၍ ငိုခြင်းဖြစ်ကြောင်း ပြောပါသည်။

ဖေဖေသည် သနားကရုဏာဖြစ်သွားပုံ ရပါသည်၊ ထို့ကြောင့် ကျွန်မတို့အိမ်တွင် ဖော်စပ်သော သောက်ဆေးနှင့် လိမ်းဆေးမှုန့်ကို စက္ကူဖြင့်ထည့်ပြီး ထုပ်ပိုးနေစဉ် ဘုရားရှင်ကို အာရုံပြု၍ သစ္စာဆိုခဲ့ပါသည်။ ကျွန်မ၏ဖေဖေ ဆိုသော သစ္စာစကားမှာ ( ဤကလေးမသည် ကျွန်ုပ်၏ သမီးအရွယ် ဖြစ်ပါသည်၊ သားသမီးချင်း ကိုယ်ချင်းစာ၍ ကျွန်ုပ်ပေးသော ဆေးဖြင့် ဤကလေးမ ခံစားနေရသော ရောဂါဝေဒနာများ အမှန်တကယ် ပျောက်ကင်းပါစေ သတည်း-) ဟူ၍ ဖြစ်ပါသည်။

ဖေဖေသည် ထိုကလေးမအား သောက်ဆေးနှင့် လိမ်းဆေးကို သောက်နည်း လိမ်းနည်း ပြောပြပြီး ပိုက်ဆံမယူဘဲ ပေးလှူလိုက်ပါသည်။ ထို့နောက် ၇-ရက်တပတ်ကြာလျှင် အကျိုးအကြောင်း လာပြောရန် မှာကြားလိုက်ပါသည်၊ ဤသို့ဖြင့် တပတ်ခန့်ကြာသောအခါ တောင်ဝှေးမပါဘဲ လမ်းလျှောက်နိုင်ပြီး သက်သာကြောင်း လာပြောပါသည်၊ တဖန် ထပ်မံ၍ ဆေးများ ပေးလှူပြန်ရာ ၃-ပတ်ခန့် အကြာတွင် စကားသံလည်း ပီပြင်၍ ပကတိ ပျောက်ကင်း သွားသည်ကို တွေ့ရပါသည်။

ဤဖြစ်ရပ်ကို ကြည့်၍ ကျွန်မတို့ မိသားစုသည် မှန်သောသစ္စာဆိုခြင်း၏ အကျိုးကျေးဇူးကို သဘောပေါက် နားလည်ခဲ့ရပါသည်။

( ခိုင်စပယ်-ရူပဗေဒ )
*********************************************************************************

( ကြက်ဥကြိုက် အသုဘ )

အနောက်ရိုးမထဲမှ အရှေ့ဧရာဝတီမြစ်ထဲသို့ ဦးတည်၍ စီးဆင်းနေသော ပေချောင်း-ချောင်းနံဘေးတွင် စမ်းရွာ-တည်ရှိ၏၊ ထိုရွာသူရွာသားတို့သည် လယ်ယာစိုက်ပျိုး မွေးမြူရေးကို အဓိကထားကာ လုပ်ကိုင် စားသောက် ကြ၏၊ ထိုစမ်းရွာတွင် ကိုပေတေး-ဆိုသူသည် သူရင်းငှါးအဖြစ်ဖြင့် လုပ်ကိုင်လျက် ရှိသည်။

ကိုပေတေး လုပ်ကိုင်ရသော လယ်သည် ရွာနှင့်တမိုင်ခွဲသာသာ ဝေး၍ အိမ်သို့ နေ့တိုင်း ပြန်မလာနိုင်၊ ထို့ကြောင့် လယ်ထဲတွင် တဲထိုးကာ လယ်မပြီးမချင်း နေရမည် ဖြစ်သည်၊ ကိုပေတေးသည် လယ်နီးတဲများမှ အဖော်တွေက လွဲလျှင် သူမွေးထားသော ကြက်မကြီးတကောင်သာ ရှိသည်၊ ကြက်မကြီးတကောင်ကိုမူ ရွာထဲ ပို့ထား၏။

ကိုပေတေးသည် ကြက်ဥ အလွန်ကြိုက်သူ ဖြစ်သည်၊ လယ်ကွင်းထဲမှ ငါး၊ ငါးရှဥ့်၊ ပုဇွန်လုံးများ ရှာဖွေ၍ မရခဲ့လျှင် တဲအောက်မှ ကြက်မကြီးကို ဥ,ဥခိုင်း၏၊ ကြက်မကြီးကို သူအလိုရှိချိန် ဥ,ဥပေးနိုင်အောင် စွမ်းဆောင်နိုင်သော ဉာဏ်ရည်တခု ကိုပေတေး တီထွင်ထားသည်။

တနေ့ ထိုနေ့သည် ဟင်းလျာရှာမရ၍ ကြက်ဥတလုံးနှင့် ကြက်သွန်နီ နိုင်နိုင်ကြော်စားရန် ကြက်ဥ,ဥခိုင်းမည့်နေ့ ဖြစ်သည်၊ ကိုပေတေးသည် တဲအောက်ရှိ ကြက်မကြီးကို ဆန်ပက်ကျွေး၍ခေါ်၏။ ကြက်မကြီးထွက်လာသောအခါ ကြက်မကြီးကို တဲရှေ့ လယ်ထဲရှိ ရေထဲတွင် နှစ်လိုက်၊ ဖော်လိုက် အကြိမ်ကြိမ် လုပ်နေ၏၊ ကြက်အမွေးများကို လှန်လှော၍လည်း ရေများ ကိုယ်ထဲဝင်အောင် ရိုက်ပုတ် ပက်သွင်းနေ၏၊ ကြက်မကြီး ရေများ ရွှဲစို၍ စိတ်ကြိုက်ဖြစ်မှ တဲထဲ ပြန်ယူလာပြီး တောင်းနှင့်အုပ်၊ တုံးတို ဖိထားလိုက်သည်၊ တနာရီခန့်ကြာသော် ကြက်မကြီးက ဥ,ဥထားပြီး ဖြစ်သည်၊ ဤနည်းဖြင့် ကြက်ဥကို စားနေသူ ဖြစ်သည်။

ကြက်မကြီးကို ဒုက္ခပေးနေသော ကိုပေတေးအား တဲနီးနားချင်းဖြစ်သော ဘကြီးမှိန်က-
ပေတေးရယ် မင်းကတော့ မကြာခဏ ကြက်မကြီးကို ဒုက္ခပေးနေတာပဲ၊ အခု မင်းလုပ်နေတဲ့ မကောင်းကံကြီးကို လျှော့ဖို့ ကောင်းနေပြီကွာ၊
အင်းပါ အဘ၊ နောက်မလုပ်တော့ပါဘူး၊
နောက်မလုပ်တော့ပါဘူး ဆိုသော်လည်း ရှေ့ဆက်လုပ်သည့် ကိုပေတေးပင် ဖြစ်သည်။

သားများမဖောက်ပဲ ကြက်မတကောင်ကို ဥ,သုံးလေးဆယ် ရအောင် ဥခိုင်းပြီး စားနေသော ကိုပေတေး၊
တဲမှ ကြက်မကြီးကို နားစေပြီး ရွာပို့ထားသည့် ကြက်မကြီးနှင့် လဲလှယ်ရန် တဲမှ ကြက်မကြီးကိုယူ၍ ရွာကိုပြန်လာခဲ့သည်၊ ထိုနေ့သည် မိုးသည်းထန်စွာ ရွာနေ၏၊ လယ်ကွင်းများ ရေလျှံပြီး တောင်ကျရေများသည် ပေချောင်း ချောင်းထဲ အရှိန်ပြင်းပြင်း စီးဝင်နေသည်၊ မကြာမီ ပေချောင်း ချောင်းရေသည် ကမ်းလျှံကာ ဒလဟော စီးဆင်းနေတော့သည်။ ကမ်းပြည့်ကမ်းလျှံ စီးနေသော ပေချောင်း ချောင်းကို ကိုပေတေး ဖြတ်ကူးရန် ဟန်ပြင်လိုက်သည်။

ရေကျကို အတူစောင့်နေသော ကောက်စိုက်သမများက ဖြတ်မကူးရန် တားကြသော်လည်း ကိုပေတေး နားမထောင်၊ ဒါလောက်တော့ အပျော့-ဟုဆိုကာ ကြက်မကြီးနှင့်အတူ ဖြတ်ကူးသွားသည်၊ ကူးသွား၍ မကြာလိုက်ချေ၊ ကိုပေတေးတယောက် ရေထဲမြုပ်လိုက် ပေါ်လိုက်နှင့် နှစ်ခါသုံးခါသာ ကောက်စိုက်သမများက မြင်လိုက်ရသည်၊ ထို့နောက် လုံးဝ ပေါ်မလာတော့ချေ။

ကိုပေတေး ရေနစ်ပြီး သေဆုံးခဲ့ပါပြီ၊ သူနှင့်အတူ ကြက်မကြီးပင် အဆစ်ပါသွားသည်၊ ရွာသားများက အလောင်းကို ရှာဖွေရာ သုံးရက်မြောက်နေ့မှ ကုက္ကိုပင်အမြစ်ထဲ အမှိုက်ဒိုက်များကြားမှ ဆွဲထုတ်ယူရ၏။ ထိုအနီးအနား မြေကွက်လပ်မှာပင် ပုပ်ပွနေသော ကြက်ဥကြိုက် အသုဘ-ကိုပေတေး၏ ရုပ်အလောင်းကို မြှုပ်နှံထားခဲ့ကြပါတော့သည်။

( အရှင်ဝါယာမိန္ဒ )

( မြတ်မင်္ဂလာ ၁၉၉၅-ခု အောက်တိုဘာလ )

No comments: