Tuesday, April 7, 2009

သာဓု ၃-မျိုး

( သာဓု ၃-မျိုး )

သာဓုခေါ်တယ်ဆိုတာ အမျိုးအစားအားဖြင့် သုံးမျိုးရှိတယ်၊ အဲဒါတွေကတော့-
၁။ သာဓု နောက်လိုက်
၂။ သာဓု ဘိန်းစား
၃။ သာဓု အ၀စား-တို့ပဲ ဖြစ်တယ်-ဟု မိန့်တော်မူကာ သာဓု သုံးမျိုးကို ဆက်လက် ရှင်းပြတော်မူသည်။

၁။ သာဓု နောက်လိုက်-
တချို့က သာဓုခေါ်တယ်ဆိုတာ ဘာမှ အားစိုက်ရတာမဟုတ်ဘဲနဲ့ ယုံယုံကြည်ကြည် လေးလေးစားစားကို မခေါ်ချင်ကြဘူး၊ သာဓုခေါ်ခြင်းရဲ့ အကျိုးကိုလဲ သိပုံ မပေါ်ဘူး၊ စိတ်မပါ့ တပါနဲ့ သူများတွေက ခေါ်တဲ့နောက် လိုက်ပြီး သာဓုခေါ်လိုက်တာပဲ၊ ဘာရယ် ညာရယ် မဟုတ်ဘူး၊ သူများတွေ ယောင်လို့ လိုက်ယောင်သလို ဖြစ်နေတယ်၊ အဲဒီလို ရောယောင်ပြီး ခေါ်တဲ့ သာဓုမျိုးဟာ သာဓု-နောက်လိုက်လို့ ခေါ်တယ်၊ အကျိုးကျေးဇူး မများလှဘူး၊ သာဓု-နောက်လိုက် မဖြစ်အောင်လဲ ကြိုးစားပြီး သာဓုခေါ်ကြပါ။

၂။ သာဓု ဘိန်းစား-
တချို့ကျပြန်တော့လဲ ပါးစပ်ကလေးလှုပ်ရုံမျှသာ သာဓုခေါ်ကြတယ်၊ တက်တက်ကြွကြွကို မရှိဘူး၊ ၀တ်ကျေ တန်းကျေလောက်ပဲ သဘောထားနေပုံရတယ်၊ သာဓုခေါ်ခြင်းရဲ့ အကျိုးကို အထင်သေးနေကြသလား မသိဘူး၊ အထင်မသေးရဘူး၊ တကမ္ဘာတိုင်တိုင်တောင် အပါယ်ကလွတ်နိုင်တဲ့ အကျိုးကို ခံစားရတယ်၊ စိတ်မပါဘဲ အဲဒီလို ပါးစပ်ကလေး လှုပ်ရုံသာ သာဓု ခေါ်ခြင်းမျိုးဟာ အဲဒါ သာဓုဘိန်းစား-လို့ ခေါ်တယ်၊ အဲဒါလဲ အကျိုး မများလှပြန်ဘူး။

၃။ သာဓု အ၀စား-
နောက်တမျိုးက သာဓုအ၀စားပဲ၊ သာဓုခေါ်ခြင်းရဲ့ အကျိုးကို ပြည့်ပြည်၀၀ ခံစားလိုကြရင် စိတ်ပါလက်ပါ အားပါးတရ သာဓုခေါ်ကြဖို့ လိုတယ်၊ အဲဒီလို အားရ ပါးရ ခေါ်တဲ့ သာဓုမျိုးကျတော့ အကျိုးပြည့်ပြည့်၀၀ ရရှိခံစားရမှာမို့ အဲဒါ သာဓု အ၀စား-လို့ခေါ်တယ်၊

သာဓုသုံးမျိုးဟာ ခေါ်တဲ့ပုဂ္ဂိုလ်တွေမှာ ပယောဂတူကြပေမယ်လို့ စေတနာကွာခြားမှုအရ အကျိုးပေးတဲ့အခါမှာလည်း ကွားခြားတယ်ဆိုတာ နားလည်သဘောပေါက်ထားကြဖို့ လိုပါတယ်။

ရေစက်ချ အမျှဝေတိုင်း သာဓုခေါ်တဲ့အခါ သာဓုအ၀စားနဲ့ အမျှဝေ သာဓုခေါ်ကြဖို့ လိုတယ်၊
သာဓုခေါ်တဲ့အခါမှာ စိတ်ပါလက်ပါ အားပါးတရ ခေါ်ကြဖို့ ပြောလိုတယ်၊
အကျိုးပြည့်ပြည့်၀၀ ရချင်ကြရင် သာဓုအ၀စားနဲ့ သာဓုခေါ်ကြပါလို့ မှာလိုတယ်-ဟူ၍
သတိပေး ဟောကြားတော်မူခဲ့ပါသည်။

( မဲဘောင်ဆရာတော် )

No comments: