Wednesday, April 8, 2009

အဖြေပေးရမှာ ရှက်နေသော နတ်သား နတ်သမီးများ

အရှင်မဟာမောဂ္ဂလာန် မထေရ်မြတ်သည် နတ်ပြည်သို့ ဒေသစာရီ လှည့်လည်တော်မူလေ့ရှိ၏၊
တနေ့သော် ခမ်းနားကြီးကျယ်သော နတ်ဗိမာန်သို့ ရောက်ရှိ၏၊ တံခါးဝ၌ ရပ်တော်မူလျက် ပိုင်ရှင်နတ်သားအား သင်၏စည်းစိမ်သည် ကြီးမားလှပေ၏၊ အဘယ်သို့သော် ကုသိုလ်ကောင်းမှုကို ပြုခဲ့၍ ဤဗိမာန်မျိုးကို ရပါသနည်း- ဟု မေးတော်မူ၏၊

နတ်သားက ဖြေဆိုရန် ရှက်စနိုးဖြစ်နေ၏၊ မဖြေပါရစေနဲ့ တောင်းပန်၏၊ ထပ်မံမေးမြန်းသောအခါမှ
အရှင်ဘုရား၊ ယခင်ဘ၀က တပည့်တော် ကုသိုလ်ကောင်းမှု မပြုနိုင်ခဲ့ပါ၊ သို့သော် တသက်လုံး မှန်သောစကားကိုသာ ပြောဆို၍ သစ္စာစောင့်ထိန်းခဲ့ပါ၏၊ ထိုအကျိုးကို ခံစားရခြင်း ဖြစ်ပါသည်-ဟု လျှောက်ထား၏။

ထို့နောက် အခြားဗိမာန်သို့ သွား၍ ဗိမာန်ရှင် နတ်သမီးအား မေးပြန်ရာ ဖြေဆိုရန် ငြင်းဆန်နေပြန်၏-အရှင်မြတ်က ထပ်မံမေးမြန်းမှ-
အရှင်ဘုရား၊ တပည့်တော်မသည် ယခင်ဘ၀က ရက်စက်ကြမ်းကြုတ်သော အရှင်သခင်၏ အိမ်တွင် ကျေးကျွန်ဖြစ်ခဲ့ပါသည်၊ သခင်၏ ဆဲဆိုရိုက်ပုတ်ခြင်း နှိပ်စက်ခြင်းကို အမြဲလိုလို ခံနေရပါ၏၊

သို့သော် သူသည် ငါ့ကိုပိုင်ပေသည်၊ သူပြုသမျှကို ငါခံရပေမည်။ သူ့ကို စိတ်ဆိုးနေ၍ ငါ့တွင် အကျိုးမများ၊ သည်းခံနေခြင်းသာ ငါ့ဝတ္တရားဖြစ်သည်ဟု စိတ်ကောင်းထားကာ အမြဲသည်းခံနေခဲ့ပါသည်၊ ထိုအပြုအကျင့်၏ ကောင်းကျိုးဖြစ်ပါသည်-ဟု ဖြေဆို၏။

နောက် နတ်ဗိမာန်တွင် နတ်သမီးတယောက်အား မေးပြန်ရာ တပည့်တော်မ အလှူဒါနကြီးကြီးကျယ်ကျယ် မပေးနိုင်ခဲ့ပါ၊ လွန်သောဘ၀က ကြံခင်းကိုစောင့်ရှောက်ရသော သူဆင်းရဲမ ဖြစ်ခဲ့ပါသည်၊ ရဟန်းတော်တပါးအား စေတနာသန့်သန့်ဖြင့် ကြံတချောင်း ပေးလှူခဲ့ဖူး၍ ထိုအကျိုးကို ခံစားရသော စည်းစိမ်ရှင် ဖြစ်ပါသည်-ဟု လျှောက်ထား၏၊

အခြားနတ်သမီးများကို မေးရာ၌လည်း ရှက်စနိုးဖြင့် အမျိုးမျိုး ကြားသိခဲ့ရ၏။
တပည့်တော်မသည် သခွါးသီတလုံးကို လှူခဲ့ဖူးပါသည်။
တပည့်တော်မသည် တမာရွက်တဆုပ် လှူခဲ့ဖူးသည့် အကျိုးဆက်ပါ-ဟု စသည်ဖြေကြသည်။

ဇေတ၀န်ကျောင်းတော်သို့ ပြန်ရောက်သောအခါ မြတ်စွာဘုရားအား-
အရှင်ဘုရား မဖြစ်စလောက် သေးငယ်လှသော ကုသိုလ်မှုကြောင့် ကြီးကျယ်သော နတ်စည်းစိမ်ကို ရနိုင်ကောင်းပါသလော-ဟု မေးလျှောက်ရာ
ဘုရားရှင်က သင်ကိုယ်တိုင် တွေ့ခဲ့ရပြီ မဟုတ်လော-ဟု မိန့်ကြားတော်မူကာ အောက်ပါဂါထာကို ဟောတော်မူလေသည်။

( ပါဠိဂါထာ )
သစ္စံ ဘဏေ န ကုဇ္ဈေယျ ၊ ဒဇ္ဇာ အပ္ပမ္ပိ ယာစိတော ။
ဧတေဟိ တီဟိ ဌာနေဟိ ၊ ဂစ္ဆေ ဒေ၀ါန သန္တိကေ ။

( မြန်မာပြန် )
မှန်သောစကားကို ပြောဆိုရာ၏။
အမျက်မထွက်ရာ။
သူတပါး တောင်းလာသည်ရှိသော် ပစ္စည်းဝတ္ထု အနည်းငယ်မျှကိုသော်လည်း ပေးလှူရာ၏။
ဤသုံးပါးသော အကြောင်းတို့ဖြင့် နတ်ပြည်သို့ သွားရ၏။

( ဆောင်ပုဒ် )
မှန်စကားကို၊ အမြဲဆိုလော့၊ ထဲသိုအမျက်၊ ပြင်မထွက်နဲ့၊
လက်ဖြန့်တောင်းလာ၊ သူတကာအား၊ နည်းစွာဖြစ်စေ၊ ပေးကမ်းဝေလော့။
သုံးထွေဤမှု၊ ကျင့်သုံးပြုသော်၊ သုဂတိဘုံ၊ ရောက်ရကုန်၏။

( ကောဓ၀ဂ်၊ မဟာမောဂ္ဂလ္လာနတ္ထေရပဥှာဝတ္ထု )

No comments: