Wednesday, April 8, 2009

ရတနာ ဟူသည်

ရတနာသုံးပါး ဦးထိပ်ထား၍ မာတာမိခင် ဖွားသန့်စင်သည် အမည်သညာ ခေါ်စရာကား .......... စသည်ဖြင့် မွေးစကလေးအတွက် ရက်ချုပ် ဇာတာပြုလုပ်ရာတွင် ရတနာသုံးပါးကို အစအဦးဆုံး ဖော်ကျူး မှတ်တမ်းတင်ကြသည်မှာ မြန်မာတို့၏ ဘိုးဘွားအစဉ်အလာ ဖြစ်ပေသည်။

အများအားဖြင့် ရတနာဆိုလျှင် အပေါ်ယံနားလည်ကြသည်မှာ ရွှေ၊ ငွေ၊ စိန်၊ ကျောက်၊ ပတ္တမြား စသည်ဖြစ်၏၊ မြန်မာတို့၏ မွေးဖွားချိန်မှ စတင်၍ ဦးထိပ်ရွက်ခဲ့သည်မှာ ထိုလောကီရတနာများထက် အဆရာထောင်မက ထိုက်တန်သော ဗုဒ္ဓရတနာဖြစ်၏၊ ဗုဒ္ဓရတနာဟူသည် အဘယ်နည်း-ဟု စိစစ်ရာ၌ ရှေးပညာရှိကြီးများက ရတနာ၏အနက် ငါးပါးကို ဖွင့်ဆိုခဲ့သည်။ ယင်းတို့မှာ-

၁။ စိတ်၌စွဲကပ်၍ အလေးအမြတ် ပြုအပ်သောကြောင့် ရတနာမည်၏။
လောက၌ နှစ်သက်မြတ်နိုးအပ်သော သက်ရှိသက်မဲ့ အရာအမျိုးမျိုး ရှိကြရာ ဘုရားတည်းဟူသော ရတနာကား လူသတ္တ၀ါသာမက နတ်များ၊ ဗြဟ္မာများကပင် လေးစား ပူဇော်ကြရသည်။

၂။ အဖိုးများစွာ ထိုက်တန်၏။
ဗုဒ္ဓလက်ထက်တော်အခါက ဇောတိက ဇဋိလ စသော ကုဋေကုဋာကြွယ်ဝသော သူဋ္ဌေးကြီးများ၌ အဖိုးမဖြတ်နိုင်သော လောကီရတနာ အမျိုးမျိုး ရှိကြ၏၊ ထိုရတနာများကို ဖယ်ခွါ၍ ဘုရားရှင်ထံ လာရောက်ဆည်းကပ်ကြရသည်မှာ ဘုရားရှင်၏ တန်ဖိုးအနဂ္ဃကို သိရှိကြ၍ ဖြစ်၏။

၃။ အတုမရှိသောဂုဏ် ရှိ၏။
ဘုရားရှင်၌ ဘ၀ပေါင်းမရေမတွက်နိုင်အောင် သူတကာတို့ထက်ပို၍ ကုသိုလ်ပါရမီများ ဆည်းပူးခဲ့ရ၊ သူမတူအောင် ဖြည့်ခဲ့ရ၍ အကျိုးဂုဏ်အင်လည်း သူတပါးထက် သာလွန် များပြားလှပေသည်၊ အရာရာတွင် ယှဉ်ပြိုင်နိုင်သူ မရှိ၍ အနုတ္တရပုဂ္ဂိုလ်ထူး ဖြစ်လေသည်။

၎။ မြင်တွေ့ရခဲသည်။
မြတ်ဗုဒ္ဓကဲ့သို့သော ပုဂ္ဂိုလ်ထူးသည် ကမ္ဘာများစွာကြာမှ တခါတရံ ပေါ်ပေါက်သဖြင့် မြင်ရခဲသည်၊ တခါလွဲချော်သွားလျှင် ဘ၀ပေါင်းများစွာ အတောမသတ် မျောကြရပေလိမ့်မည်။

၅။ သူမြတ်တို့သာ သုံးဆောင်ရာ ဖြစ်၏။
သုံးဆောင်သည်ဆိုရာ၌ မှီဝဲဆည်းကပ်ခြင်း၊ အဆုံးအမကို နာယူခြင်း၊ ဆုံးမချက်အတိုင်း လိုက်နာ ကျင့်ကြံခြင်းဖြင့် မဂ်ဖိုလ်ကို ရယူခြင်းများကို ဆိုလိုသည်၊ လောကီရတနာများကို လူသာမန်များပင် သုံးဆောင်နိုင်ကြသည်ကို အထင်အရှား တွေ့မြင်ရ၏၊
ဘုရားရတနာကား ရှေးကောင်းမှု ရှိကြသောသူ၊ ဘုန်းကံရှိသူ လူမွန်လူမြတ်များသာ သုံးဆောင်ရာ ဖြစ်၏။

ဤအဓိပ္ပါယ်ကို ပညာရှိကြီးများက လင်္ကာဖြင့် ဖော်ပြခဲ့သည်မှာ-
လေးစားမြတ်နိုး၊ အဖိုးထိုက်တန်၊ တုမဲ့ဟန်နှင့်၊ မြင်ရန်ခဲကတ်၊
သူမြတ်တို့သာ၊ သုံးဆောင်ရာသည်၊ မှတ်ပါ ရတနာအနက်တည်း။ဟူ၍ ဖြစ်၏။

မွေးကတည်းက ဦးထိပ်ပန်ဆင်ခဲ့သော ရတနာအစစ် ရှင်တော်ဗုဒ္ဓအား ကြည်ညိုဆည်းကပ်ခြင်းဖြင့် ဘ၀သံသရာ လွတ်မြောက်ရေးကို မမေ့မလျော့ ကြိုးစားနိုင်ကြပါစေ။

No comments: