Tuesday, April 7, 2009

အသက်ရယ်တဲ့ ရှည်စေလို မန်းတောင်ရိပ်ခို

( အသက်ရယ်တဲ့ ရှည်စေလို မန်းတောင်ရပ်ခို )

ဆရာတော်ဘုရားကြီးသည် အသက်ရှည်ရှည် နေလိုကြလျှင် မန်းတောင်ရိပ်ကို ခိုကြပါ-ဟု ပြောဆိုဆုံးမလေ့ရှိသည်၊
မန်းတောင်ရိပ်-ဟူသည် မန္တလေး တောင်ခြေကို ဆိုလိုသည်မဟုတ်၊
မန်းတောင်ရိပ် ဟူသော ဆရာတော်၏ ဟောပြောချက်မှာ-

၁။ မန်းသည် မ-အက္ခရာ ကြာသပတေးနံ ဖြစ်သည်၊
ကြာသပတေးနံသည် ၅-ဂဏန်းဖြစ်သည်။
၅-ပါးသီလ မြဲရမည်။

၂။ တောင်သည် တ-အက္ခရာ စနေနံ ဖြစ်သည်၊
စနေနံသည် ၇-ဂဏန်းဖြစ်သည်၊
သဒ္ဓါ, သီလ, သုတ, စာဂ, ပညာ, ဟိရီ, သြတ္တပ္ပ ဟူသော သူတော်ကောင်းတရား ၇-ပါးနှင့် ပြည့်စုံရမည်။

၃။ ရိပ်သည် ရ-အက္ခရာ ဗုဒ္ဓဟူးနံ ဖြစ်သည်၊
ဗုဒ္ဓဟူးနံသည် ၄-ဂဏန်း ဖြစ်သည်၊
မေတ္တာ, ဂရုဏာ, မုဒိတာ, ဥပေက္ခာ ဟူသော ဗြဟ္မစိုရ်တရား ၄-ပါးနှင့် ပြည့်စုံရမည်။

၎။ ခိုသည် ခ-အက္ခရာ တနင်္လာနံ ဖြစ်သည်၊
တနင်္လာနံသည် ၂-ဂဏန်းဖြစ်သည်၊
ဟိရီ, သြတ္တပ္ပ ဟူသော လောကပါလတရား ၂-ပါးနှင့် ပြည့်စုံရမည်။

ထို့ကြောင့် အသက်ရှည်စွာ နေလိုကြသည့်ပုဂ္ဂိုလ်များသည် -
ငါးပါးသီလ မြဲရခြင်း
သူတော်ကောင်းတရာ ၇-ပါးနှင့် ပြည့်စုံရခြင်း
ဗြဟ္မစိုရ်တရား ၄-ပါးနှင့် ပြည့်စုံရခြင်း
လောကပါလတရား ၂-ပါးနှင့် ပြည့်စုံရခြင်း ဟူသော အင်္ဂါရပ်များနှင့် ပြည့်စုံရန် လိုအပ်သည်ဟု ဆရာတော်က ဟောကြားဆုံးမတော်မူသည်။

( မဲဘောင် ဆရာတော်ကြီး )

No comments: