Saturday, April 4, 2009

အချိန်ရှိခိုက် လုံ့လစိုက်

မြန်မာပြည် အရပ်ရပ်တွင် ကမ္မဋ္ဌာန်းရိပ်သာ အများအပြားရှိသည်၊ တတ်သိကျွမ်းကျင်ပြီး အတွေ့အကြုံရင့်ကျက်သော ဆရာကောင်းများက နည်းနာကောင်းများကို သင်ကြားပြသပေးလျက် ရှိသည်၊ မိမိကြိုက်နှစ်သက်သော နည်းနာကိုယူ၍ ကမ္မဋ္ဌာန်းဘာဝနာ ပွားများရန် အလွန်အခွင့်သာလှပေသည်၊
အချို့ပုဂ္ဂိုလ်တို့သည် အချိန်တိုအတွင်းမှာ သိသာထင်ရှားသော အောင်မြင်မှုများ ရရှိကြသည်ဟု ကြားသိရ၏။
အချို့ပုဂ္ဂိုလ်တို့မှာ အကြိမ်ကြိမ် ကြိုးစားအားထုတ်သော်လည်း ထူးထူးခြားခြား မတွေ့မကြုံ မသိသာဟု ကြားသိရပါသည်၊ သို့သော် ဤအတွက် အားယုတ်အားလျော့ပြီး လုံ့လ၀ီရိယကို လျှော့ပေါ့ရန် မသင့်ပေ။

ဘ၀ပေါင်းများစွာ ပေါ့လျော့လာခြင်းကြောင့် ဘုရားအဆူဆူနှင့် လွဲချော်လာခဲ့ရသည် မဟုတ်ပါလော၊
ယခု မြတ်ဗုဒ္ဓ၏ သံသရာလွတ်မြောက်ရေး၊ နိဗ္ဗာန်ချမ်းသာရရေး၊ တရားတော်များ တောက်ပြောင်စည်ကား နေသောအချိန်တွင် မမေ့မလျော့သောဇွဲဖြင့် ၀ိပဿနာဘာဝနာကို စွဲစွဲမြဲမြဲ အားထုတ်ရန် သင့်ပေသည်၊
ထူးထူးခြားခြား တရားမတွေ့သေးသည့်တိုင် ပါရမီရင့်သန်ပြီး နောက်ဘ၀များတွင် အကျိုးခံစားရမည်မှာ သေချာပါသည်။

အင်္ဂုတ္တိုရ် စတုက္ကနိပါတ် မဟာဝဂ်တွင် ၀ိပဿနာအကျိုး ကြီးမြတ်ပုံကို မြတ်ဗုဒ္ဓ ဟောတော်မူခဲ့သည်ကား-
အကယ်၍ ပါရမီမလုံလောက် အကြောင်းမညီညွတ်သဖြင့် ဤဘ၀တွင် ၀ိပဿနာတရား အားထုတ်၍ အရိယာမဖြစ်ခဲ့သော် မိမိအားထုတ်သော ၀ိပဿနာတရားကား အလကားဖြစ်၍မသွား။ အဟောသိကံ ဖြစ်၍မသွား၊ ထိုဝိပဿနာဉာဏ်မျိုးစေ့နှင့်တကွ သေလွန်သွားသော် ဒုတိယဘ၀ နတ်ပြည်၌ ချမ်းသာစွာဖြစ်၍ မဂ်ဉာဏ်၊ ဖိုလ်ဉာဏ်၊ နိဗ္ဗာန်တည်းဟူသော လောကုတ္တရာချမ်းသာမြတ်ကို လွယ်လွယ်ကူကူ ပေါက်ရောက်နိုင်လိမ့်မည်၊ လူဖြစ်စဉ်အခါက လေ့လာအားထုတ်ခဲ့သော ၀ိပဿနာတရားစုတို့သည် မိမိအလိုအလျောက် ထိုသူ၏ဉာဏ်ဝမှာ လျင်မြန်စွာ မဂ်ဉာဏ် ဖိုလ်ဉာဏ် ပေါ်ပေါက်လာလိမ့်မည်။

သို့မဟုတ်လျှင်လည်း လောကီအဘိညာဉ် တန်ခိုးဣဒ္ဓိပါဒ်နှင့် ပြည့်စုံသော ဈာနလာဘီ ဓမ္မကထိက ရဟန်းတော်သည် နတ်ပြည်သို့ ကြွတော်မူ၍ တရားဓမ္မကို ဟောပြသောအခါ မဂ်ဉာဏ် ဖိုလ်ဉာဏ်ကို လွယ်လွယ်ကူကူနှင့် ရနိုင်ကြကုန်လတံ့။

သို့မဟုတ်လျှင်လည်း တလလျှင် ရှစ်ကြိမ် သုဓမ္မာဇရပ် နတ်သဘင်အစည်းအဝေးကြီး၌ ဓမ္မကထိက ဗြဟ္မာမင်း၊ သိကြားမင်း၊ နတ်မင်းတို့သည် တရားဓမ္မကို ဟောပြကုန်လတံ့၊ ထိုအခါ လူ့ပြည်က အားထုတ်ခဲ့သော ယောဂီနတ်သား အသစ်စက်စက်သည် မဂ်ဉာဏ် ဖိုလ်ဉာဏ်ကို လျင်မြန်စွာ ရလတံ့၊

သို့မဟုတ်လျှင်လည်း အတူနေ အရိယာ နတ်တို့က ဆုံးမတိုက်တွန်း၍ သတိပေးကြကုန်လတံ့၊ ထိုအခါ မဂ်ဉာဏ် ဖိုလ်ဉာဏ်ကို မပင်မပန်း ချမ်းသာလွယ်ကူစွာ ရယူနိုင်ကုန်လတံ့။

ဤသို့လျှင် မဂ်ဉာဏ် ဖိုလ်ဉာဏ်ကို ချမ်းသာလွယ်ကူစွာ ရယူနိုင်သော လေးဌာနကို ဟောညွန်ပြတော်မူခဲ့ရာ အားကိုးဖွယ်ရာ အလွန်ကောင်းသော အကျိုးကို သိရှိကြရပေသည်။ ဤမျှအကျိုးကြီးသော ၀ိပဿနာဘာဝနာ တရားကို လက်မလွတ်တမ်း၊ မဆုတ်တမ်း၊ မနစ်တမ်း၊ အရအမိဖမ်း၍ ကြိုးစားအားထုတ်ပွားများနိုင်ကြပါစေ။

No comments: