Saturday, April 4, 2009

ကံ ကံ၏အကျိုး ( ၃၉ )

( မပြည့်အိုးကို ဖြည့်ခဲ့ခြင်း )

ကျွန်တော် မြန်မာမီးရထားတွင် တာဝန်ထမ်းဆောင်နေစဉ်က ဖြစ်ပါသည်၊ လွန်ခဲ့သည့် ၁၅-နှစ်ကျော်ကျော်က ကျွန်တော်စီးလားသောရထား မန္တလေးဘူတာ အမှတ် ၂-စင်္ကြံသို့ ဆိုက်ကပ်ပါသည်၊ ကျွန်တော်၏ နားနေတွဲမှာ မကြာမီ သက်ဆိုင်ရာ လမ်းပိုင်းသို့ ဆွဲယူသွားမည်ဖြစ်၍ စောင့်ဆိုင်းနေစဉ် တွဲအနီး ပလက်ဖောင်းပေါ်တွင် ဆင်းရဲနွမ်းပါးဟန် ရှိသည့် မိသားစု တစုကို စိတ်မချမ်းမွေ့ဖွယ် မြင်နေ တွေ့နေရပါသည်။

ခန့်မှန်းခြေ အသက် ၃၀-ခန့်ရှိ အမျိုးသမီးတဦးသည် နှစ်ခါလည်အရွယ်၊ လေးငါးနှစ်အရွယ်၊ ခုနစ်နှစ်အရွယ် ကလေးငယ် သုံးယောက်နှင့်အတူ တစုံတယောက်ကို မျှော်နေပုံရသည်၊ တဆက်တည်း အနီးရှိ အဆက်မပြတ်ငိုနေကြသော ကလေးငယ်နှစ်ယောက်ကို ချော့၍တဖုံ၊ ခြောက်၍တမျိုး အငိုတိတ်အောင် ပြုနေပါသည်၊ ကလေးငယ်များမှာ ၀မ်းပန်းတနည်း ငိုနေသဖြင့် ကျွန်တော်မေးမြန်းကြည့်မိပါသည်။

အမျိုးသမီးက-၄င်းတို့မှာ တောမှဖြစ်ပြီး မြို့မှာ အလုပ်ရှာမရ၍ နေရပ်ပြန်ရန် ရထားစောင့်နေကြောင်း၊ ယောက်ျားလုပ်သူမှာ လက်ထဲတွင် ငွေမရှိသဖြင့် ၄င်း၏အင်္ကျီကို လှည့်လည်ရောင်းချ ငွေရှာရန် ထွက်သွားကြောင်း၊ ယခု သူပြန်အလာစောင့်နေကြောင်း ကလေးငယ်များမှာ အိပ်ယာထချိန်မှ ယခုတိုင် ဘာမျှမစားရသဖြင့် ငိုနေကြကြောင်း-ပြောပါသည်။

အချိန်မှာ နေ့လည် ၂-နာရီကျော် ၃-နာရီခန့်ရှိနေပြီဖြစ်၍ ကျွန်တော်တို့ နံနက်စာ ထမင်းဟင်း မကျန်တော့ပါ၊ သို့ပါ၍ ကျွန်တော်နှင့် ကျွန်တော့ဇနီး တိုင်ပင်ပြီး ၄င်းတို့ မိသားစုအားလုံးအတွက် ထမင်းနှင့်ဟင်းကို ချက်ချင်း ချက်ကျွေးမည်၊ ကျက်သည်အထိ ခေတ္တစောင့်ကြပါ၊ တွဲအခြား တနေရာ ဆွဲသွားခဲ့သော် မူလနေရာတွင် စောင့်နေပါ၊ လာ၍ ထမင်း -ဟင်း ပေးမည့်အကြောင်း ပြောထားပါသည်၊ ကလေးများကို အဆာပြေ မုန့်ဝယ်ကျွေးထားပါသည်၊ သူ့အမျိုးသား ပြန်လာသောအခါ အင်္ကျီ မရောင်းရကြောင်းသိရပါသည်။

မကြာမီ ကျွန်တော့တွဲ တခြားလမ်းသို့ ဆွဲသွားပါသည်၊ တွဲဆွဲရာသို့ မိသားစု ငေးကြည့်နေကြစဉ် မြင်ကွင်းမှာ သနားစရာအတိဖြစ်နေသည်၊ ကျွန်တော်တို့ ထမင်းဟင်း ကျက်သောအခါ ၄င်းတို့အားခေါ်ပြီး ထမင်းအိုး-ဟင်းအိုးပါ ပေးအပ်လိုက်ပါသည်၊ စားပြီးမှ အိုးများ ပြန်ပေးရန် မှာလိုက်ရာ၊ စားပြီးသောအခါ သစ္စာရှိစွာ ပြန်ပို့ပါသည်၊ ယခုကဲ့သို့ တကယ့်စေတနာ မေတ္တာဖြင့် ကျွေးခဲ့ရသော ဒါနကုသိုလ်အတွက် ထိုစဉ်ကလည်း ၀မ်းသာပီတိ ဖြာခဲ့ရသလို ယခုအချိန်တိုင် တွေးမိတိုင်း ၀မ်းသာကြည်နူး ပီတိအကြိမ်ကြိမ် ဖြာခဲ့ရပါကြောင်း၊

အမှန်လိုအပ်သူကို အမှန်ဖြည့်ဆည်း ကူညီမှု ပေးနိုင်ကြပါစေ။

( သိန်းမောင်-ပြည် )

( မြတ်မင်္ဂလာ ၁၉၉၄-ခု အောက်တိုဘာလ )

No comments: