Sunday, April 5, 2009

ကံ ကံ၏အကျိုး ( ၄၄ )

( လက်တွေ့ မေတ္တာအကျိုး )

ကျွန်မသည် ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် ပန်းပင်ကုန်းရပ်တွင် နေထိုင်ပြီး မိသားစုလေးယောက် ရှိပါသည်၊
ထို့ပြင် ကျွန်မ၏ ခဲအိုထံမှ တောင်းယူမွေးစားထားသော သားတယောက်လည်း ရှိပါသေးသည်၊ မွေးစားသားဟု ဆိုသော်လည်း သားသမီးအရင်းနှင့်အတူ ချစ်ရပါသည်၊ လူရှေ့ သူရှေ့တွင် သားအရင်းဟုပြောမှ ကြိုက်ပါသည်၊ ဒါက ကျွန်မ မွေးစားသားဟု ပြောလျှင် မျက်နှာမကောင်း ဖြစ်သွားသောသားကို သနားမိပါသည်၊ ထို့ကြောင့် ပို၍ပို၍လည်း ချစ်မြတ်နိုးမိပါသည်။ မွေးစားသားမှာ ကျွန်မတို့မိသားစုနှင့်အတူ ဆယ်တန်းအထိသာ အတူနေခဲ့ပြီး မန္တလေးတွင် အိမ်ထောင်ကျသွားခဲ့ပါသည်။

မန္တလေးမှာ သူမင်္ဂလာဆောင်စဉ်က ကျွန်မလိုက်သွားပြီး မင်္ဂလာပွဲ ပြီးသည်အထိ နေခဲ့ရပါသေးသည်၊ ထို့နောက်တွင် ကျွန်မနှင့် အဆက်အသွယ် ပြတ်သွားခဲ့ပါသည်၊ ကျွန်မမှာ လူကြုံနှင့်တမျိုး စာဖြင့်တဖုံ မျိုးစုံအောင် ဆက်သွယ်ပါသော်လည်း သားထံမှ သတင်းအစအနကိုမျှ မရခဲ့ပါ၊ ကျွန်မသည် ခဲတံဖြင့်သာ စာရေးတတ်၍ ခဲတံဖြင့် စာရေးလိုက်၊ အမှားဖျက်လိုက်၊ မျက်ရည်ကျလိုက်ဖြင့် ဖြစ်နေခဲ့ရပါသည်၊ ငိုခဲ့ရသော မျက်ရည်များနှင့် စိတ်မကောင်းဖြစ်ခဲ့ရသော ရက်များကလည်း ဒုနဲ့ဒေးပင် ရှိခဲ့ချေပြီ။

သို့နှင့် ကျွန်မသည် မိမိကိုးကွယ်ထားသော ဦးပဉ္ဇင်း ဦးပညာသာမိ-အား အကြောင်းစုံလျှောက်ထားပြီး သားနှင့်ပြန်လည် ဆက်သွယ်ဖြစ်အောင် ပြုလုပ်ပေးပါရန် အကူအညီတောင်း၍ တောင်းပန်လျှောက်ထားခဲ့ ပါသည်၊ ဦးပဉ္ဇင်းက စိတ်ကြည်ကြည်လင်လင်ထားပြီး ကြီးမားသောမေတ္တာစိတ်ကို ဖြစ်စေလျက်-
ငါ့သား-ဘေးရန် ကင်းကွာ၊ ကိုယ်စိတ်နှစ်ဖြာ၊ ကျန်းမာချမ်းသာပါစေ-ဟု သားမျက်နှာကို မြင်အောင်ကြည့်ပြီး မေတ္တာပို့ပေးရန် အမိန့်ရှိပါသည်၊ ထူးခြားစွာ အကျိုးခံစားရလိမ့်မည်ဖြစ်ကြောင်းနှင့် ယုံကြည်စွာ ပြုလုပ်ပါရန် မိန့်ကြားခဲ့ပါသည်။

ကျွန်မလည်း ဦးပဉ္ဇင်းညွန်ကြားချက်အတိုင်း နေ့စဉ် ဘုရားဝတ်ပြုပြီးလျှင် သားအား မေတ္တာပို့လွှတ်ပေးခဲ့ပါသည်၊ ဤသို့ ယုံယုံကြည်ကြည် ပြုလုပ်ပေးခဲ့ရာ တပတ်ပြည့်သောအခါ ကျွန်မထံ မန္တလေးက သားတို့မိသားစု လေးယောက် ရောက်ရှိလာကြပါသည်။ ကျွန်မမှာ အလွန်အကြူး ၀မ်းသာကြည်နူးမှု ဖြစ်ခဲ့ရပါသည်၊ ကျွန်မ ခံစားနေရသော သောကပရိဒေ၀များသည် သားမျက်နှာကို မြင်လိုက်ရသည်နှင့် လွင့်စဉ် ပပျောက်သွားခဲ့ပါသည်။

နောက်တနေ့တွင် ကျွန်မသည် သား မိသားစုနှင့်အတူ ဦးပဉ္ဖင်း ဦးပညာသာမိ သီတင်းသုံးရာ ကမ္ဘာအေး သာသနာ့တက္ကသိုလ်သို့ သွားရောက်ကြပါသည်၊ သားပါလာသော မန္တလေးထိုးမုန့်နှင့် ၀တ္ထုငွေ ၄၅-ကျပ်ကို ဦးပဉ္ဇင်းအား လှူဒါန်းခဲ့ပါသည်၊

မေတ္တာတရား၏ လက်တွေ့အကျိုး ခံစားရပုံကိုလည်း ၀မ်းသာစွာဖြင့် ဦးပဉ္ဖင်းအား လျှောက်ထားခဲ့ပါသည်၊ ဦးပဉ္ဇင်းမှာ ပြုံးနေ၍ ကျွန်မကဲ့သို့ ၀မ်းသာကြည်နူးနေသည်ဟု ထင်ပါသည်၊ ဦးပဉ္ဇင်းက မိန့်ကြားလိုက်သည်မှာ မေတ္တာသည် နီးစပ်ခြင်းသဘောရှိ၍ ဒေါသမှာ ဝေးကွာခြင်းသဘောရှိကြောင်း တဦးနှင့်တဦး နီးစပ်လိုလျှင် စစ်မှန်သော မေတ္တာတရားကို ပွားများရမည်ဖြစ်ကြောင်း ဗဟုဟုတဖြစ်ဖွယ် မိန့်ကြားလိုက်ပါသည်။
ကျွန်မတို့တတွေလည်း ဦးပဉ္ဇင်းနှင့် စကားပြောပြီးသောအခါ ဦးသုံးကြိမ်ချ၍ ပြန်လာခဲ့ကြပါသည်။

( ဖိုးစန္ဒာ )
*********************************************************************************

( ဗုဒ္ဓရှင်အား ပြစ်မှားသူ )

ကျွန်မ လူမှန်းသိစ ၆-နှစ်သမီး အရွယ်ကဖြစ်ပါသည်၊ အိမ်၌ ကြောင်အညိုကျားကြီးတကောင် မွေးထားပါသည်၊ ကျွန်မ၏ဖခင်မှာ ၀န်ထမ်းတဦးဖြစ်၍ ၂-ခန်းတွဲ အိမ်တအိမ်တွင် ကျွန်မတို့မိသားတစုနှင့် အခြားမိသားတစုတို့ တွဲဖက်နေရပါသည်၊ အခန်းချင်းကပ် အိမ်ထောင်စုမှာ မိသားစု ၄-ဦး ရှိပါသည်၊ ဇနီးမောင်နှံနှစ်ယောက်နှင့် သမီးနှစ်ယောက် ဖြစ်ပါသည်၊ တနေ့ ကျွန်မတို့မိသားစု ထမင်းစားနေခိုက် အိမ်မှကြောင်က ထိုမိသားစု မွေးထားသော ကြက်မကြီး၏ ကြက်ပေါက်ကလေးတကောင်ကို ချီလာပါသည်၊ ကျွန်မတို့လည်း ထိတ်ထိတ်ပျာပျာနှင့် အတင်းဆွဲလာသော်လည်း ကြက်ပေါက်စလေးမှာ သေသွားပါသည်။

အခန်းနီးချင်း အမျိုးသမီးက ကြောင်ကိုထိန်းမထားရကောင်းလား ဟု အမျိုးမျိုးစောင်းမြောင်း ပြောဆိုသည်၊ ကျွန်မတို့လည်း ကိုယ့်အဖြစ်နှင့်ကိုယ်မို့ ဘာမျှပြန်မပြောကြပါ၊ ကြောင်ကလည်း နောက်နေ့တွင် ကြက်ပေါက်ကလေးများကို ထပ်ဆွဲပြန်ပါသည်၊ ကျွန်မဖေဖေက နောက်တခါ ပြဿနာမဖြစ်လို၍ ကြောင်ကြီးကို တခြားသို့ ပို့လိုက်ပါသည်။

ထိုသို့ပို့လိုက်သော်လည်း အမျိုးသမီးက စိတ်ထားမမှန်ပါ၊ ကျွန်မတို့ကို မလိုတမျိုး လိုတမျိုး ပြောပြောနေတတ်ပါသည်၊ အကြောင်းအမျိုး ရမယ်ရှာပြီး ကျွန်မမေမေနှင့်စကားများပါတော့သည်၊ သူမက ပြောချင်ရာကိုလည်း မဆင်မခြင်ပြောပါသည်၊

အဆိုးဆုံးမှာ သူမလည်း ဗုဒ္ဓဘာသာဝင် ဖြစ်ပါလျက် ကျွန်မမေမေအား လက်ညှိုးထိုး၍ ( အသက်မရှိတဲ့ ကျောက်ဆင်းတုရှေ့မှာ ဘုရားရှိခိုး ဆုတောင်းလို့ ဘာအကျိုးရှိမှာလည်း ) ဟု မေမေဘုရားရှိခိုးခြင်းကို ပြစ်တင်ပြောဆိုပါသည်၊ ထိုသို့ပြောဆိုပြီး မကြာမီ သူမ ကားတိုက်ခံရပါသည်၊ ကျွန်မမေမေအား လက်ညှိုးထိုး၍ ပြောခဲ့သောလက်မှာ လက်မောင်းရင်းမှ ဖြတ်ပစ်လိုက်ရပါသည်။

မေမေတို့ ဆေးရုံသွား၍ သတင်းမေးသောအခါ မျက်ရည်လယ်ရွဲဖြင့် တောင်းပန်စကားဆိုပါသည်၊ မေမေက စိတ်ကို တည်ငြိမ်စွာထားပြီး စိတ်အားမငယ်ရန် သမ္ဗုဒ္ဓေဂါထာ ရွတ်ဆိုဖို့ ပြောသောအခါ ထိုဂါထာကို မရကြောင်း ပြန်ပြောပါသည်။

ထိုအမျိုးသမီးသည် ဘုရား တရားကို လျစ်လျူရှုခဲ့သည့်အပြင် မြတ်စွာဘုရားရှင်အား ၀စီကံဖြင့် ပြစ်မှားမှုကြောင့် ဆိုးကျိုးခံစားရသည်ဟု ယူဆမိပါသည်။

( တဦးတည်းသော သမီး )
********************************************************************************

( မေး ) ( စေတနာ ကံအကျိုး )

ကျွန်တော်သည် ၀န်ထမ်းတဦးဖြစ်ပါသည်၊ ကျွန်တော်၏လစာသည် ဟိုဖြတ် သည်ဖြတ်နှင့် တထောင်ကျပ်ခန့်သာ ရရှိပါသည်၊ မိသားစုအတွက် မလုံလောက်ပါ၊ ထို့ကြောင့် ညပိုင်းမှာ ၁၀-နာရီ ၁၁-နာရီအထိ သူငယ်ချင်းဆိုက်ကားကို နှစ်ဆယ်ကျပ်ဖြင့် ငှါးနင်းပါသည်၊ နက်ဖြန်ဆို သင်္ကြန်အကြိုနေ့ဖြစ်၍ ရုံးပိတ်ပါတော့မည်၊ ဒီနေ့တော့ ခါတိုင်းထက် ပိုရှာရမည်၊ သင်္ကြန်အခါတွင် ဆိုက်ကားစီးသူ မရှိသလောက် ဖြစ်သည်။

ညနေ ၆-နာရီခန့်တွင် တောင်ဥက္ကလာပမြို့ သေနတ်ပစ်ကွင်း လမ်းထိပ်တွင် ဆိုက်ကားရပ်ပြီး စီးမည့်သူကို စောင့်နေပါသည်၊ မကြာပါ အဒေါ်ကြီးတယောက် ရောက်ရှိလာသည်၊
ငါ့တူ၊ ချော်တွင်းကုန်း လမ်းဆုံကို ဘယ်လောက်ပေးရမလဲ၊
၃၀-ကျပ် ကျပါတယ် အဒေါ်၊
မများဘူးလားကွယ်။ ၂၀-ကျပ်ထားပါ၊
အဒေါ်ရယ်၊ ထုံးစံအတိုင်း ယူတာပါ၊ ပိုမယူပါဘူး၊ အဒေါ့်ကို ၂၅-ကျပ်နဲ့ လိုက်ပို့ပါ့မယ်၊
ကဲကဲ-ပို့ပေးကွယ်၊

ယင်းသို့ ဈေးတဲ့သွားသဖြင့် အဒေါ်ကြီး၏အိပ်ရာလိပ်နဲ့ ဆွဲခြင်းကို ကြိုးဖြင့်သေချာအောင် ချည်ပြီး ဆိုက်ကားနင်းထွက်ခဲ့ပါသည်၊ အဒေါ်ကြီးပါးစပ်မှ ဘုရားစာများ ရွတ်ဖတ်နေသည်ကို ကြားရပါသည်၊ ချော်တွင်းကုန်းလမ်းဆုံရောက်သောအခါ ငါ့တူရယ် အဒေါ့်ကို ဟိုနားက ချမ်းမြေ့ဆရာတော်ကျောင်းအထိ ပို့ပေးပါကွယ်၊ ကားလမ်းကူးရမှာ မလွယ်လို့ပါ၊ အဒေါ်က အခါတွင်း ရိပ်သာလာဝင်တာပါ-

ဒီတော့မှ ကျွန်တော်လည်း အဒေါ်ကြီးလာရင်းအကြောင်းကို သိရသဖြင့် ချမ်းမြေ့ရိပ်ကျောင်းထဲအထိ ၀င်ပို့ပေးပါသည်၊ အဒေါ်ရယ် ကျွန်တော်ကိုယ်တိုင် ရိပ်သာမ၀င်နိုင်ပေမယ့် ကုသိုလ်ပါပါရစေ။ ဆိုက်ကားခ မယူတော့ပါဘူး၊ အေးကွယ် သာဓု သာဓု မောင့်ရင်အတွက်ပါ အဒေါ်ဆုတောင်းပေးပါမယ်။

အဒေါ်ကြီးအားပို့ပြီး ဆိုက်ကားပြန်နင်းခဲ့သည်၊ ပါရမီလမ်းသို့ ချိုးကွေ့ဝင်လိုက်သောအခါ ယာဉ်ထိန်းရဲက လက်တားသဖြင့်ကျွန်တော်လည်း ရင်ဖိုသွားပါသည်၊ ယာဉ်ထိန်းရဲက ဆိုက်ကားဆရာ-ဟိုမှာ ခင်ဗျားအထုပ်ကျနေတယ်-ဟု ပြောပြီး လက်ညှိုးထိုးပြပါသည်။

ကျွန်တော်လည်း ဘာဖြစ်မှန်းမသိ ဟုတ်ကဲ့-ဟု ပြောပြီး ကောက်ယူခဲ့ပါသည်၊ ဆိုက်ကားကို ဆက်လက်နင်းခဲ့ရာ အမှတ် ၅-၄၉ ကားဂိတ်မှတ်တိုင်သို့ ရောက်လာသည်၊ ထိုစဉ် နန္ဒ၀န်သွားမည့် ခရီးသည်ရ၍ ၂၀-ကျပ်ဖြင့်ပို့ပြီး ပြန်လာခဲ့ပါသည်၊ မြင်သာဈေးအနီး မိုးကျော်-လ္ဘက်ရည်ဆိုင်တွင် အပန်းဖြေ လ္ဘက်ရည်တခွက် မှာသောက်ရင်း အထုပ်ကိုဖြေကြည့်သည်၊ တရုပ်ပြည်လုပ် ကလေးစပို့ရှပ် ဘောင်းဘီသုံးစုံနှင့် ငွေရှစ်ရာကျပ် တွေ့ရှိရပါသည်။

ပြန်ပေးရန် ပိုင်ရှင်ကိုလည်း ကျွန်တော်မသိပါ၊ လိပ်စာလည်း မပါပါ၊ သို့အတွက် ဆိုက်ကားသိမ်းပြီး ၀မ်းသာအားရ အိမ်သို့ပြန်ခဲ့ပါတော့သည်၊ စေတနာအကျိုး ခံစားရသည်ဟု ထင်ပါသည်။

( သန်းထွဏ်း )

( မြတ်မင်္ဂလာ ၁၉၉၅-ခု ဧပြီလ )

No comments: