Saturday, April 4, 2009

အလှပိုင်ရှင် သီရိမာ

ရာဇဂြိုဟ်မြို့တော်တွင် အလွန်အဆင်းလှပသော ပြည့်တန်းဆာမ သီရိမာရှိ၏၊ သူမသည် ပုဏ္ဏသူဋ္ဌေးသမီး ဥတ္တရာကို ကိုထိလက်ရောက် စော်ကားပြီးမှ အပြစ်ကိုနောင်တရပြီး ကျေအေးအောင် တောင်းပန်ရသည်၊ ဥတ္တရာက ဘုရားရှင်တရားကို နာယူစေသဖြင့် သောတာပန် ဖြစ်လာခဲ့သည်၊ ထိုနေ့မှစ၍ သံဃာတော် ၈-ပါးအား အလှည့်ကျအိမ်သို့ပင့်ကာ ဆွမ်းလုပ်ကျွေးလေသည်၊ တောရွာကျောင်းမှ ရဟန်းတပါးသည် သီရိမာ၏ စေတနာကောင်းပုံ ချောမောလှပပုံတို့ကို သတင်းကြားပြီး မမြင်ရဘဲ စိတ်ကူးဖြင့် စွဲလမ်းနေသည်၊ ထိုရဟန်းသည် ရာဇဂြိုဟ်မြို့သို့ ရောက်လာပြီး အလှည့်ကျသံဃာများနှင့်အတူ သီရိမာအိမ်သို့ ဆွမ်းစားရန် လိုက်ပါသွား၏၊

ထိုနေ့တွင်မှ ရုတ်တရက် ရောဂါစွဲကပ်လာသောသီရိမာသည် သူကိုယ်တိုင် ဆွမ်းမပြုစုနိုင်ဘဲ ထိုင်နေလျက်သာ တုန်တုန်ယင်ယင်ဖြင့် ရှိခိုးကန်တော့နေ၏၊ တောရဟန်းသည် ရောဂါဖိစီးနေသော သီရိမာကို တစိမ့်စိမ့်ကြည်ပြီး မကျန်းမာနေလျက်ပင် မဖီးမလိမ်းနှင့် ဤမျှချောမောလှပပေသည်-ဟု စိတ်တွင်းမှ ချီးကျူး၏၊ ရင်တွင်းတွင် ကိန်းအောင်းနေသော ကိလေသာများ ထကြွလှုပ်ရှားလာလေ၏၊ ကျောင်းပြန်ရောက်သောအခါ ဆွမ်းနှင့်တကွသော သပိတ်ကိုချထားပြီးလျှင် မအီမသာလဲလျောင်းနေလေသည်။

သီတင်းသုံးဖော်ရဟန်းများက ဆွမ်းစားရန် ဖျောင်းဖျသော်လည်း နားမ၀င်နိုင်ဘဲ သီရိမာကိုသာ တရေးရေးတွေးမြင်လျက် ဆွေးနေတော့၏၊ သီရိမာသည် ထိုညမှာပင် ရောဂါပြင်းထန်လာပြီး ကွယ်လွန်သွားလေသည်။ ဇေတ၀န်ကျောင်းတော်ရှိ မြတ်စွာဘုရား ကြားသိရာ ဗိမ္ဗိသာရမင်းကြီးအား သီရိမာ အလောင်းကို မီးသဂြိုဟ်ခြင်းမပြုဘဲ လေးရက်ထားစေရန် မိန့်တော်မူသည်၊ လေးရက်မြောက်သောနေ့၌ သီရိမာအလောင်းကောင်သည် ဖူးရောင်ပုပ်ပွကာ ဒွါရကိုးပေါက်မှ ပိုးလောက်များ တဖွားဖွား ကျကုန်၏၊ ဘုရားရှင်သည် သုသာန်သို့ ရဟန်းများနှင့်တကွ ကြွတော်မူသည်၊ အိပ်ရာတွင်လဲနေသော တောရဟန်းလည်း အတူလိုက်ပါလာ၏၊

သုသာန်တွင် ဗိမ္ဗိသာရမင်းကြီးနှင့် လူပရိသတ်များစွာ ရောက်နေကြသည်၊ ဘုရားရှင်က အသက်ရှင်စဉ်က တညလျှင် တထောင်ပေးရသော သီရိမာကို ယခုတထောင်ပေး၍ ယူနိုင်ကြောင်း မင်းကြီးအား ကြေညာစေ၏၊ ယူမည့်သူ မပေါ်ပေါက်ပေ၊ ကိုးရာ ရှစ်ရာ စသည်ဖြင့် တဖြည်းဖြည်း လျှော့ချလာရာ ဘုရားရှင်သည် ရုပ်သဘော၏ ပျက်စီးယိုယွင်းတတ်ခြင်းကို ဟောတော်မူရာ ပရိသတ်အများ တရားရကြပြီး တောရဟန်းလည်း သောတာပန်တည်သွားလေသည်။

( ပါဠိဂါထာ )
ပဿ စိတ္တကတံ ဗိမ္ဗံ ၊ အရုကာယံ သမုဿိတံ ။
အာတုရံ ဗဟုသင်္ကပ္ပံ ၊ ယဿ နတ္ထိ ဓုဝံ ဌိတိ ။

( မြန်မာပြန် )
အဆန်းတကြယ် ပြုလုပ်အပ်သော အရုပ်နှင့်တူသော၊
အရိုးစုသုံးရာတို့ဖြင့် ထောက်ထားအပ်သော၊ နာကျင်တတ်သော၊
များစွာသောသူတို့ ကြံစည်အပ်သော၊ ကိုးပေါက်ဒွါရ အမာဝရှိသော ကိုယ်ကို ကြည့်လော့။
ယင်းကိုယ်၏ အမြဲအရှည်တည်ခြင်းသည် မရှိချေတကား။

( ဇရာဝဂ်-သီရိမာဝတ္ထု )

No comments: