Friday, April 10, 2009

ဘာသာရေး ပြဿနာ ( ၁ )

( လယ်တီဆရာတော် အရှင်ဉာဏဓဇ ဖြေသည် )

( မေး ) ( ကံ ကမ္မ )
၁။ သားသမီးတို့၏ ကံ ကမ္မသည် ၄င်းမိဘတို့၏ ကံ ကမ္မနှင့် တူ-မတူ ၊
၂။ မိဘက နူသည်ဖြစ်စေ၊ ရောဂါဆိုး ကပ်သည်ဖြစ်စေ၊ ရူးသည်ဖြစ်စေ ထိုသူတို့မှ ပေါက်ဖွားသော သား သမီးတို့မှာ ဆေးကျမ်းပညာအရ ကူးတတ်သည်၊ ရူးတတ်သည်၊ ဆိုကြသည်၊ ကံ ကမ္မချင်း မတူကြလျှင် မည်သည့်အတွက်ကြောင့် နူနိုင် ရူးနိုင် ကူးနိုင်ကြပါသနည်း။
( ပြင်သစ် ပညာရှိများ )

( ဖြေ )
၁။ သား သမီးတို့၏ ကံ ကမ္မသည် ၄င်းမိဘတို့၏ ကံ ကမ္မ နှင့် တူသည်လည်း ရှိ၏၊ မတူသည်လည်း ရှိ၏၊
တူ မတူဆိုသည်ကား အားရှိ အားမဲ့ချင်း တူ-မတူကို ဆိုလိုသည်။
ငါတို့ဘုရားလောင်း သိဒ္ဓတ္ထမင်းသား၏ ကံ ကမ္မနှင့် အမိ မယ်တော်မာယာ၊ အဖ သုဒ္ဓေါဒနမင်းကြီးတို့၏ ကံ ကမ္မသည် မတူကြ။
သိဒ္ဓတ္ထမင်းသား၏ ကံ ကမ္မသည် အလွန်ကြီး၏၊ အလွန်အားရှိ၏၊ ၄င်းသိဒ္ဓတ္ထမင်းသား၏ ကံ ကမ္မနှင့် နှိုင်းယှဉ်သော် မယ်တော် ခမည်းတော်တို့၏ ကံ ကမ္မသည် အလွန်ငယ်၏၊ အလွန်အားမဲ့၏၊ ဤကား မတူရာ သက်သေတည်း။

တူရာ၌ သက်သေမူကား -
လောက၌ မြော်မြင်ဖွယ် အလွန်ပေါများလေပြီ၊ မျက်မြင်ဘ၀၌ အကျိုးပေးကြပုံချင်း တူ-မတူကို ထောက်မြော်၍ ကံ ကမ္မချင်း တူ-မတူကို ဆိုနိုင်ခွင့် ရှိလေသည်။

၂။ အမိ၏ ဥတုအတွက်၊ အဖ၏ ဥတုအတွက်ကြောင့် သားသမီးတို့မှာ နူနိုင်၊ ရူးနိုင်၊ ကူးနိုင်လေသည်။
ဤအရာ၌ ပန်းပင်ငယ် ဥပမာကို ထောက်ရှုရာ၏၊
အလွန်မြေသြဇာ၊ ရေသြဇာ ညံ့ဖျင်းလှသော မြေအရပ်တခု၊
အလွန်မြေသြဇာ၊ ရေသြဇာ ကောင်းမွန်လှသော မြေအရပ်တခု ရှိသည်ဆိုအံ့၊
တခုသော ပန်းမျိုးစေ့ကို ရရှိ၍ ညံ့ဖျင်းလှသော မြေအရပ်၌ စိုက်ပျိုးခဲ့ပါမူ တထွာခန့်မျှ ရှိလျှင် နာ၍၊ နူ၍ နေတတ်၏၊
ထိုမျိုးစေ့ကိုပင် ကောင်းမွန်သော မြေအရပ်၌ စိုက်ပျိုးခဲ့ပါမူ တတောင်ခန့်မျှ ကြီးပွား၍ နာမှု၊ နူမှု ကင်းရှင်းလျက် အလွန် လန်းရွှင်တတ်၏၊

မျိုးစေ့တခုတည်းဖြစ်ပါလျက် အဘယ့်ကြောင့် ပန်းပင်ချင်းမတူကြလေသနည်း၊ မြေအတွက် ရေအတွက်ကြောင့် ပန်းပင်ချင်း မတူ ရှိကြလေသည်။
အလားတူပင် ရှေးကံဟောင်းသည် ပန်းမျိုးစေ့နှင့်တူ၏၊
အမိ၏ အသွေးအသားစုသည် ပန်းမျိုးစေ့ စိုက်ပျိုးရာ မြေအရပ်နှင့်တူ၏၊
အဖ၏ သွေးသားစုသည် ထိုမြေအရပ်၌ ကျရောက်သော ရေနှင့်တူ၏၊
ပန်းမျိုးစေ့၏ အဖို့သည် ပန်းပင်ငယ်မှာ ၁၀-ဖို့တွင် ၁-ဖို့ခန့် ပါဝင်၏။
မြေ၏အဖို့သည် ပန်းပင်ငယ်မှာ ၁၀-ဖို့တွင် ၆-ဖို့ ပါဝင်၏။
ရေ၏အဖို့သည် ပန်းပင်ငယ်မှာ ၁၀-ဖို့တွင် ၃-ဖို့ခန့် ပါဝင်၏။
မြေအဖို့ ရေအဖို့ ဆိုသည်ကား ပန်းပင်ငယ်တို့၌ မြေ ရေ တို့မှ လိုက်ပါကြသော အဆင်း သဏ္ဍာန် ရသ သြဇာတို့၏ ကောင်းခြင်း-မကောင်းခြင်းတို့ ဖြစ်သည်၊ ကံ နှင့် မိဘ သားသမီးတို့မှာလည်း ထိုနည်းအတူ မှတ်ပါ။

မိဘတို့၏အဖို့ ဆိုသည်ကား မိဘတို့သည် လူဖြစ်ကုန်အံ့၊ သားသမီးတို့သည် လူသဏ္ဍာန် ဖြစ်ကြရကုန်၏။
မိဘတို့သည် နွားဖြစ်ကြကုန်အံ့၊ သားသမီးတို့သည် နွားသဏ္ဍာန် ဖြစ်ကြရကုန်၏။
လူတို့တွင်လည်း မိဘတို့တွင် တရုတ်လူမျိုးဖြစ်ကုန်အံ့၊ သားသမီးတို့သည် တရုတ်လူမျိုးသဏ္ဍာန် ဖြစ်ကြရကုန်၏၊
မိဘတို့သည် ကုလားလူမျိုး ဖြစ်ကြကုန်အံ့၊ သားသမီးတို့သည် ကုလားလူမျိုးသဏ္ဍာန် ဖြစ်ကြရကုန်၏။
အနာရောဂါတို့သည်လည်း ထိုမိဘအဖို့တွင် ပါဝင်လျက်ရှိကုန်၏။

ထို့ကြောင့် မိဘတို့၏ကံနှင့် သားသမီးတို့၏ ကံသည် မတူကြကုန်သော်လည်း အတန်ငယ်မျှ ကြီးမြတ်ကြကုန် ငြားသော်လည်း မိဘတို့၏အဖို့ကို မလွန်ဆန်နိုင်၊ မခုခံနိုင်။
မိဘနူလျှင် သားသမီး နူတတ်၏၊
မိဘရောဂါသည် ဖြစ်ခဲ့လျှင် သားသမီးလည်း ကြီးလျှင် ရောဂါသည် ဖြစ်တတ်၏။
မိဘရူးလျှင် သားသမီးလည်း ကြီးလျှင် ရူးတတ်၏။
မိဘတို့၏ကံထက် အလွန်အားကြီးသော ကံ ရှိမှသာလျှင် သားသမီးသဏ္ဍာန်၌ မိဘတို့မှ လိုက်ပါသော ဓာတ်ဆိုး ဓာတ်ဝါးတို့၏ ပွားစည်းခြင်းကို လွန်ဆန်နိုင်၏။ ခုခံနိုင်၏၊
ဆေးကောင်းဝါးကောင်းတို့ဖြင့် ကိုယ်သဏ္ဍာန်၌ ဓာတ်ကောင်းဓာတ်မွန်တို့ကို ပွားစည်းလေအောင် တည်ထောင်ပြုစုနိုင်ခဲ့ပါမူကား မိဘနူသော်လည်း မနူရအောင် တတ်နိုင်လေသည်။

အမိဝမ်း၌ ပဋိသန္ဓေကိန်းရသော သတ္တ၀ါတို့မှာ မျိုးစေ့ ၃-ပါးနှင့် ဖြစ်ပွားရကုန်၏။
ရှေးကံဟောင်းလည်း မျိုးစေ့ ၁-ပါး၊
အမိ၏ ရသဓာတ်လည်း မျိုးစေ့ ၁-ပါး၊
အဖ၏ ရသဓာန်လည်း မျိုးစေ့ ၁-ပါး ၏၊
ထိုတွင် အမိဓာတ်၊ အဖဓာတ် ၂-ပါးတို့သည်လည်း အားရှိ အားမဲ့ချင်း တူ-မတူ ၂-ပါးရှိပြန်၏။
မိဘ ၂-ပါးစုံ ကျန်းမာမှု၊ ဆူဖြိုးမှု တူကြလျှင် ရသဓာတ်၂-ပါး အားရှိချင်း တူကြ၏။

ထိုအခါ ပဋိသန္ဓေတည်နေသော သားသမီးတို့မှာ အဆင်းသဏ္ဍာန်စသည် နှစ်ဖက် မျှတလျက် ရှိတတ်ကြ၏၊ မိဘတို့မှာ ရသဓာတ်တဖက်က အားရှိ၍ တဖက်က အားနည်းသောအခါ ပဋိသန္ဓေတည်နေသော သားသမီးတို့မှာ အဆင်းသဏ္ဍာန်စသည် တဖက်ဖက်က သာလွန်တတ်ကြ၏။

( မြတ်မင်္ဂလာ ၁၉၉၅-ခု ဇူလိုင်လ )

No comments: