Wednesday, April 1, 2009

သံဃာသင်းခွဲ ထူထောင်လိုသော ရှင်ဒေ၀ဒတ်

ဝေဠုဝန်ကျောင်းတော်၌ မြတ်ဗုဒ္ဓ သီတင်းသုံးတော်မူစဉ် အရှင်ဒေ၀ဒတ် ကြွရောက်လာ၍ ကြံပေးလျှောက်ထား၏၊
အရှင်ဘုရားသည် အိုမင်းမစွမ်း ဖြစ်လာပါပြီ၊ ဤသံဃာအဖွဲ့အစည်းကို တပည့်တော်အား လွှဲအပ်ပြီး အုပ်ချုပ်စေရန် သင့်ပါပြီ-ဟု အဆိုပြုရာ ဘုရားရှင်က ချက်ချင်းငြင်းဆိုတော်မူပြီး
( သင်သည် တံတွေးကိုမျိုသောသူနှင့် တူနေပြီ ) ဟု ကြိမ်းမောင်းတော်မူလိုက်သည်၊
ရှင်ဒေ၀ဒတ်သည် အလွန်စိတ်ဆိုးသွားပြီး ရန်ငြိုးပို၍ ကြီးသွားလေသည်၊။
ဘုရားရှင်အား အသေသတ်ရန် သုံးကြိမ်တိုင်တိုင် ကြိုးစား၏၊ မအောင်မြင်သည့်အဆုံး၌ အကြံအစည်တမျိုး ထွင်ပြန်ကာ ဘုရားရှင်ထံလာ၍ လျှောက်ထားပြန်၏။

အရှင်ဘုရား၏ သံဃာတော်များ ပိုမိုကြည်ညိုဖွယ်ဖြစ်ရန် အချက်ငါးချက်ကို သတ်မှတ်ပညတ်သင့်ပါသည်။
ယင်းတို့မှာ-
၁။ တော၌သာ နေရန်။
၂။ အိမ်စဉ်လှည့်လည်၍ရသော ဆွမ်းကိုသာ စားရန်။
၃။ ပံ့သကူသင်္ကန်းကိုသာ ၀တ်ရုံရန်။
၎။ သစ်ပင်အောက်၌သာ နေရန်။
၅။ အသားငါးများ မစားရန်-ဟူ၍ အဆိုပြုပြန်ရာ
ဘုရားရှင်က ဤအချက်များကို မကန့်ကွက်လို၊ သို့သော် ပညတ်ရန်မသင့်-ဟု မိန့်တော်မူကာ ငြင်းပယ်လိုက်၏။

ရှင်ဒေ၀ဒတ်သည် ငါသည် ဗုဒ္ဓနှင့်ခွဲပြီး ဂိုဏ်းတဂိုဏ်း ခွဲထောင်တော့မည်-ဟု ပြောဆိုကာ ရဟန်းငါးရာတို့အား ဟောပြောသွေးဆောင်ပြီး ခေါ်ဆောင်သွားလေသည်၊ ဘုရားရှင်က သံဃာအား ဂိုဏ်းခွဲသောအပြစ်သည် အလွန်ကြီးလေးလှသည်ဟု ဟောသော်လည်း မနာယူလေ၊

လိုက်ပါသွားသော ရဟန်းများအား အရှင်သာရိပုတ္တရာနှင့် အရှင်မောဂ္ဂလာန်တို့ သွားတွေ့ပြီး ဟောပြောသောအခါ အများအားဖြင့် ဘုရားရှင်ထံ ပြန်ရောက်လာကြသည်၊ ဤကိစ္စနှင့်ပတ်သက်၍ မြတ်ဗုဒ္ဓက ဒေ၀ဒတ်သည် အ၀ီစိသွားမည့်အလုပ်ကို လုပ်နေပြီ၊ ကောင်းသောအမှုကို ပြုလုပ်ရန် မလွယ်၊ အစီးအပွားမဲ့အလုပ်ကိုကား ပြုလွယ်၏-ဟု အောက်ပါဂါထာကို ဟောတော်မူလေသည်။

( ပါဠိဂါထာ )
သုကရာနိ အသာဓူနိ ၊ အတ္တနော အဟိတာနိ စ ။
ယံ ဝေ ဟိတဉ္စ သာဓုဉ္စ ၊ တံ ဝေ ပရမဒုက္ကရံ ။

( မြန်မာပြန် )
အပြစ်ရှိ၍ မိမိအကျိုးစီးပွား မရှိကုန်သော အမှုတို့ကို ပြုလွယ်ကုန်၏။
အပြစ်ကင်း၍ အကျိုးစီးပွားရှိသော အမှုကို အလွန်ပြုနိုင်ခဲ၏။

( ဆောင်ပုဒ် )
အပါယ်လားကြောင်း၊ မကောင်းဆိုးဝါး၊ အလုပ်များနှင့်၊
စီးပွားယုတ်စေ၊ အလုပ်တွေကို၊ အရှည်မကြည့်၊ ပြုလွယ်ဘိ၏၊
ရရှိစီးပွား၊ အကျိုးများရန်၊ တကယ်မှန်သည့်၊ ကောင်းမွန်အလုပ်၊
ကြိုးအားထုတ်၍၊ ပြုလုပ်ရန်မှာ၊ ခဲယဉ်းပါ၏။

( အတ္တ၀ဂ်-သံဃဘေဒ ပရိသက္ကန၀တ္ထု )

No comments: