Saturday, April 4, 2009

အကုသိုလ်ကို မဂ်ဖိုလ်အစွမ်းက ဖုံးလွှမ်းသွားသည်

သာဝတ္ထိပြည် ပေဿနဒီကောသလမင်းကြီး လက်ထက်တွင် တခုသောပုဏ္ဏားမျိုး၌ အဟိံသကမည်သော သားတယောက် မွေးဖွား၏၊ အရွယ်ရောက်သော် တက္ကသိုလ်ပြည်တွင် သွား၍ ပညာသင်ရာ အလွန်ကျိုးနွမ်လိမ္မာသော တပည့်ဖြစ်၍ ဆရာကြီးနှင့် ဆရာကြီးကတော် နှစ်ဦးစလုံးက ချစ်ခင်ကြ၏၊ အခြားတပည့်များက မနာလိုဖြစ်ပြီး ဆရာကတော်နှင့် ရိုးစွပ်ကြသည်၊ ပြောဖန်များသောအခါ ဆရာကြီးက ယုံမှားလာ၍ အဟိံသကအား သေစေရန် ရည်ရွယ်ကာ သင့်အား ထူးခြားသောအတတ်ပညာ ပေးမည်၊ အဖိုးအခ အနေနှင့် လူတထောင်ကိုသတ်၍ လက်ညှိုးများကို ယူခဲ့လေ-ဟု ညွှန်ကြား၏၊

ပညာလိုလားသော အဟိံသကသည် အရပ်တကာလှည့်၍ လူများကိုသတ်ကာ လက်ညှိုးများကို ကြိုးဖြင့်သီ၍ လည်ပင်းတွင် ဆွဲထားလေသည်၊ ယင်းကို အကြောင်းပြု၍ အဟိံသကသည် အင်္ဂုလိမာလ ( လက်ညှိုးပန်းကုံး စွပ်သူ ) ဟု အမည်တွင်လာလေသည်၊ တတိုင်းတပြည်လုံး တုန်လှုပ်ချောက်ချားလာသောအခါ ဘုရင်ကိုယ်တိုင် ဦးစီး၍ ဖမ်းဆီးရန် စီစဉ်၏၊

ထိုအချိန်၌ အင်္ဂုလိမာလတွင် လက်ညှိုးတထောင်ပြည့်ရန် တချောင်းသာလိုတော့၏၊ ထိုနေ့တွင် တွေ့သောလူ မည်သူ့ကိုမဆို ဖမ်းသတ်၍ လက်ညှိုးယူရန် စိတ်ကူးထား၏၊ မိခင်ဖြစ်သူသည် ဘုရင်ဖမ်းမိလျှင် သူ့သားအသတ်ခံရမည်ကို စိုးရိမ်ကြီးစွာဖြင့် သားကိုသတိပေးရန် တောထဲသို့ လိုက်သွား၏၊

မြတ်စွာဘုရားသည် ထိုနေ့တွင် ကျွတ်ထိုက်သည့်ပုဂ္ဂိုလ်ကို ကြည့်ရာ အင်္ဂုလိမာလကို မြင်တော်မူသည်၊ မိခင်ကြီးအား သတ်သောကံကြီးမှ လွတ်မြောက်ရန် အချိန်မီ တောထဲသို့ ကြွသွားတော်မူသည်၊ အင်္ဂုလိမာလသည် ဘုရားရှင်ကိုမြင်တွေ့သောအခါ သတ်ရန်ပြေး၍လိုက်သည်၊ ဘုရားရှင်က တရားဟောဆုံးမ၍ အကျွတ်တရားရကာ ရဟန်းပြုသည်၊ မကြာမီ ရဟန္တာဖြစ်သွားလေသည်။

ရဟန်းဖြစ်ပြီးနောက် ရပ်ရွာထဲလှည့်၍ ဆွမ်းခံသည်၊ အသတ်ခံရသောသူများ၏ အဆွေအမျိုးတို့က ၀ိုင်းဝန်းပစ်ခတ်ကြသည်၊ ထိုအခါ ဘုရားရှင်က သစ္စာဂါထာကို သင်ပေးပြီး ကိုယ်ဝန်ဆောင်မိန်းမများကို ကယ်တင်စေရာ ရန်ပြေငြိမ်းသွားလေသည်၊ ထိုသစ္စာဂါထာသည် ယခုတိုင်အစွမ်းထက်သော အင်္ဂုလိမာလ ပရိတ်တော်အဖြစ် ထင်ရှားလေသည်၊ ထိုအင်္ဂုလိမာလ မထေရ် ကွယ်လွန်သောအခါ ရဟန်းများက- အဘယ်အရပ် ရောက်နေသနည်း-ဟု မေးလျှောက်ရာ ဘုရားရှင်က ပရိနိဗ္ဗာန်ပြုသွားသည်-ဟု ဖြေကြား၏၊

ဤမျှ လူတွေကို သတ်သူသည် နိဗ္ဗာန် မဂ်ဖိုလ်ကို ရနိုင်ပါမည်လား-ဟု လျှောက်ထားကြရာ ဘုရားရှင်က အင်္ဂုလိမာလသည် ရဟန်းဖြစ်ပြီးနောက် ၀ိပဿနာဘာဝနာကို စူးစိုက်စွဲမြဲစွာ ကြိုးစားအားထုတ်သဖြင့် အားကြီးသော ကုသိုလ်တရားက အပြစ်များကို ဖုံးလွှမ်းသွားသည်-ဟု ဖြေကြားကာ အောက်ပါဂါထာကို ဟောတော်မူလေသည်။

( ပါဠိဂါထာ )
ယဿ ပါပံ ကတံ ကမ္မံ ၊ ကုသလေန ပိဓီယတိ ။
သော,မံ လောကံ ပဘာသေတိ ၊ အဗ္ဘာ မုတ္တောဝ စန္ဒိမာ ။

( မြန်မာပြန် )
မိမိပြုခဲ့သော မကောင်းမှု အကုသိုလ်ကံကို (အရဟတ္တမဂ်) ကုသိုလ်ဖြင့် ဖုံးအုပ်သူသည်
တိမ်တိုက်မှ လွတ်သော လ-ကဲ့သို့ (အရဟတ္တမဂ် ဉာဏ်ရောင်ဖြင့် ) ထွန်းလင်းတောက်ပစေ၏။

( ဆောင်ပုဒ် )
အကုသိုလ်စု၊ မကောင်းမှုကို၊ ပြုခဲ့စေကာ၊ မဂ်ဉာဏ်လွှာဖြင့်၊ ပယ်ခွါဆုံးသတ်၊ ဖုံးအုပ်လတ်သော်၊ တိမ်တိုက်မှခွါ၊ လစန္ဒာသို့၊ ထိန်ဝါ၀င်းဝင်း၊ ထွန်းတောက်လင်း၏။

( လောက၀ဂ်၊ အင်္ဂုလိမာလတ္ထေရ၀တ္ထု )

No comments: