Saturday, April 18, 2009

ကျောင်းဆောက်လှူ၍ နူနာပျောက်ကင်းသော ရောဟိနီ မင်းသမီး

ကပိလ၀တ္ထုမြို့ နိဂြောဓာရုံ ကျောင်းတော်တွင် မြတ်စွာဘုရား သီတင်းသုံးနေတော်မူစဉ် ဖြစ်၏၊ အရှင်အနုရုဒ္ဓါ မထေရ်သည် ကပိလ၀တ္ထုမြို့သို့ ရောက်လာရာ ဆွေတော်မျိုးတော်များ လာရောက်၍ ဖူးမြော်ကန်တော့ကြ၏၊ နှမတော် ရောဟိနီမင်းသမီးကား ကိုယ်ရေပြားရောဂါ ကပ်ရောက်လျက် ရုပ်ပျက်ဆင်းပျက် ဖြစ်နေရာ ရောက်မလာပေ၊ အရှင်အနုရုဒ္ဓါက နှမတော်အား လာရောက်စေလျက် နှမတော် ၀တ်ဆင်သည့် အ၀တ်အထည် များနှင့် ရတနာပစ္စည်းများကို ရောင်ချပြီး ရဟန်းသံဃာတော်များအတွက် ဆွမ်းစားကျောင်း ဆောက်လုပ် လှူဒါန်းရန် ဟောပြောအကြံပေး၏။

ကျောင်းဆောက်လုပ်နေစဉ်အတွင်းတွင်လည်း တံမြက်စည်းလှည်းခြင်း၊ သောက်ရေ၊ သုံးရေတည်ခြင်း၊ စသော သေနာသန ၀တ်များကို နေ့စဉ် ပြုလုပ်စေ၏၊ မင်းသမီးလည်း အကြံပေးချက်အတိုင်း ကောင်းစွာပြု၏၊ ထိုအခါ လက်ငင်းအကျိုး နူနာရောဂါ သက်သာသွားသည်၊ ဆွမ်းစားကျောင်းပြီးသောအခါ မြတ်စွာဘုရားနှင့် သံဃာတော်များအား ဆွမ်းဘောဇဉ် ဆက်ကပ်၏၊ နူနာလုံးဝ မပျောက်ကင်းသေးသဖြင့် ရှက်သောကြောင့် ရောဟိနီ မင်းသမီး ထွက်မလာဘဲနေရာ ဘုရားရှင်က ရှေ့တော်သို့ခေါ်ယူ၍
ရောဟိနီ၊ သင် ဤနူနာ စွဲကပ်ရခြင်းမှာ ရှေးဗာရာဏသီမင်း၏ မိဖုရားကြီးဖြစ်စဉ်က ကချေသည် မောင်းမငယ်တဦးအား မနာလိုဝန်တို စိတ်ဖြင့် အိပ်ရာ၊ ပ၀ါ၊ အခင်းစသည်တို့ကို ခွေးလှေးယားသီးမှုန့်ဖြင့် ပက်ဖြူးပြီး အဖုအပိမ့်များ ဖြစ်စေကာ ယားယံ နာကျင်စေသော မကောင်းမှုကံ၏ အကျိုးဆက်ကြောင့် ဖြစ်သည်-ဟု အတိတ်ကို ဆောင်တော်မူကာ ယခုဘ၀တွင် အမျက်ဒေါသ မရှိရန်၊ ငြူစူခြင်း မပြုရန်၊ မေတ္တာတရားထားရန် ဟောတော်မူ၏၊ ဒေသနာအဆုံး၌ ရောဟိနီမင်းသမီးသည် သောတာပန် ဖြစ်သွား၏၊ နူနာရောဂါလည်း ပျောက်ကင်း၍ ချောမောလှပသော ရုပ်ဆင်းအင်္ဂါ ရရှိလာလေသည်။ ဘုရားရှင်က အောက်ပါ ဂါထာကို ဆက်လက် ဟောကြားလေသည်။

( ပါဠိဂါထာ )
ကောဓံ ဇဟေ ၀ိပ္ပဇဟေယျ မာနံ ၊ သံယောဇနံ သဗ္ဗမတိက္ကမေယျ ။
တံ နာမရူပသ္မိမသဇ္ဇမာနံ ၊ အကိဉ္စနံ နာနုပတန္တိ ဒုက္ခာ ။

( မြန်မာပြန် )
အမျက်ဒေါသကို စွန့်ရာ၏၊
မာနကို ပယ်ရာ၏၊
သံယောဇဉ် အနှောင်အဖွဲ့အားလုံးကို လွန်မြောက်ရာ၏၊
နာမ်ရုပ်၌ ငါ၏ ကိုယ်ဟူ၍ မငြိမတွယ် မကြောင့်ကြသောသူ့ထံသို့ ဆင်းရဲဒုက္ခတို့သည် မလာကုန်။

( ဆောင်ပုဒ် )
အမျက်ဒေါသ၊ မာန်မာနကို၊ စွန့်ချပယ်ခွါ၊ ပြုကြရာ၏။
ဝဋ်မှာ စပ်ယှဉ်၊ သံယောဇဉ်ကို၊ ကုန်စင်ပယ်ခွါ၊ လွန်မြောက်ရာ၏။
နှစ်ဖြာကွဲပြန်၊ ရုပ်နှင့်နာမ်ဝယ်၊ ငါ့နာမ် ငါ့ရုပ်၊ အစွဲဖြုတ်လျက်၊ ပယ်နုတ်ကြောင့်ကြ၊ လုံးဝဖျက်ဖြို၊ ထိုပုဂ္ဂိုလ်အား၊ ငြိုငြင်ဒုက္ခ၊ မရောက်ရတည့်။

( ကောဓ၀ဂ်၊ ရောဟိနီ ခတ္တိယကညာ ၀တ္ထု )

No comments: