Friday, May 1, 2009

မြန်မာသမိုင်းတွင် ခေတ်အလိုက် ထင်ရှားခဲ့သော ဓမ္မစာဆိုကြီးများ အကြောင်း

( ပုဂံခေတ် အနန္တသူရိယအမတ်ကြီး )
အနန္တသူရိယ အမတ်ကြီးသည် ရဲရင့်တည်ကြည်ပြီး စိတ်နှလုံးထက်မြက်သည့် ပုဂံခေတ် စာဆိုတော်ကြီးတဦး ဖြစ်သည်။ နရပတိစည်သူမင်း လက်ထက်တွင် သူသတ်ကုန်းသို့ ရောက်ရရှာသော အမတ်ကြီးသည် တရားဓမ္မနှင့်စပ်သော သံဝေဂကဗျာကို ရေးစပ်ပြီး ဘုရင်ကြီးထံ ဆက်သရန် မှာကြားကာ ရဲရဲဝံ့ဝံ့ အသတ်ခံသွားပါသည်။ ဘုရင်နရပတိသည် ဤကဗျာကို ဖတ်ရပြီး နောင်တကြီးစွာ ရရှိကာ အသိဉာဏ် ၀င်စားလာရပါသည်။ အမတ်ကြီး၏ နှလုံးသွေးနှင့် ရေးသွားသည့် တရားစာပေများမှာ ယနေ့တိုင် ရှင်သန်ဆဲ၊ ပြည်သူကို အကျိုးပြုဆဲ ဖြစ်ပါသည်။

( ပင်းယခေတ် စတုရင်္ဂဗလ အမတ်ကြီး )
ပြည်မြို့ဖွားဇာတိဖြစ်သော အမတ်ကြီးသည် ပညာဂုဏ်ကြောင့် ပင်းယနေပြည်တော်တွင် ထင်ပေါ်ကျော်ကြားခဲ့ ပါသည်။ ဘာသာစုံ တတ်ကျွမ်းပြီး စာပေကျမ်းဂန်များစွာကို ပြုစုခဲ့ရာ လောကနီတိကျမ်းမှာ လူသုံးအများဆုံး ဖြစ်ပါသည်။ အမတ်ကြီး ကွယ်လွန်ခဲ့သည်မှာ နှစ်ပေါင်း ၃၀၀-ခန့် ရှိပြီဖြစ်သော်လည်း သူ၏ စာပေများမှာ ယနေ့တိုင် အသုံးဝင် အကျိုးများလျက် ရှိနေပါသည်။

( အင်းဝခေတ် ရှင်မဟာသီလ၀ံသ )
ရှင်မဟာသီလ၀ံသမှာ မြန်မာစာပေနယ်တွင် ပေလေးပင် ရှင်လေးပါးအဖြစ် ဂုဏ်ပြုခေါ်ဆိုခြင်း ခံရသည့် အင်းဝခေတ် စာဆိုပုဂ္ဂိုလ်ကြီး လေးပါးအနက် တပါးအပါအ၀င် ဖြစ်ပါသည်။ ဆရာတော်သည် တောင်တွင်းကြီးဒေသ မြို့လုလင်ဇာတိ ဖြစ်သည်။ ငယ်စဉ်ကတည်းက ဉာဏ်ပညာထူးချွန်ပြီး ပျို့လင်္ကာများကို ရေးစပ်နိုင်ခဲ့သည်။ ရဟန်းဘ၀တွင် ရေးစပ်သော ပါရမီတော်ခန်း ပျို့မှာ မြန်မာစာပေနယ်တွင် စံထားရသော ပျို့အဖြစ် ထင်ရှားသည်။ ရဟန်း ရှင် လူတို့ အကျိုးများစေရန် ဆုံးမစာ၊ မော်ကွန်း၊ ပျို့၊ လင်္ကာ၊ ရာဇ၀င်နှင့် ၀တ္ထုများကို ရေးသားခဲ့သည်။ မြန်မာစကားပြေတွင် အစောဆုံးသော ပါရာယန၀တ္ထုနှင့် မြန်မာရာဇ၀င်တွင် အစောဆုံးသော ရာဇ၀င်ကျော်များကို ရေးသားပြီး စာပေမျက်လုံးကို ဖွင့်ပေးခဲ့သည်။

( အင်းဝခေတ် ရှင်မဟာရဋ္ဌသာရ )
ဆရာတော်သည် အင်းဝနေပြည်တော်တွင် မွေးဖွားပြီး နန်းတော်ထဲတွင် ကြီးပြင်းခဲ့ရသည့် မင်းဆွေမင်းမျိုးတဦး ဖြစ်ပါသည်။ အသက် ၁၀-နှစ်အရွယ်ကပင် အင်းဝ ဒုတိယမင်းခေါင်ဘုရင်၏ သမီးတော် ၃-ပါး၏ ဂုဏ်ရည်အလှကို စာဖွဲ့နိုင်သူ ဖြစ်ပါသည်။ အင်းဝ ဒုတိယမင်းခေါင်၊ ရွှေနန်းကြော့ရှင် ဘုရင် နရပတိ၊ ပြည်ဘုရင် သီဟသူနှင့် သားတော်ဘုရင်ထွေးတို့၏ အပူဇော်ခံ ဆရာတပါးဖြစ်ပါသည်။ ပျို့၊ ကဗျာ၊ လင်္ကာ၊ မော်ကွန်း၊ ရတု စသည့် အဖွဲ့များကို ဂုဏ်ရသမြောက်အောင် စပ်ဆိုထားခဲ့သည်။ ဆရာတော် ငယ်စဉ်က စပ်ဆိုထားခဲ့သည့် အဖွဲ့အနွဲ့များသည် နုလွန်း၊ လှလွန်း၊ ယဉ်လွန်း၍ လူငယ်များ အလွန်နှစ်သက် ခုံမင်ကြရသည်။ ဟတ္ထိပါလ ပျို့ခေါ်၊ စတုဓမ္မသာရပျို့ခေါ် ကိုးခန်းပျို့သည် မြန်မာစာပေတွင် စံတင်ရသောပျို့ ဖြစ်သည်။ ယင်းကို ဖတ်ရှုရုံဖြင့် ဆရာတော်၏ စာပေအရည်အချင်းကို သိနိုင်သည်။

( အင်းဝခေတ် တောင်ဖီလာ ဆရာတော် )
တောင်ဖီလာဆရာတော်သည် စလင်းမြို့ဖွား ဇာတိဖြစ်သော်လည်း ပြည်မြို့တွင် စာပေသင်ကြား တတ်မြောက်၍ ပြည်ပဉ္ဇင်းကျော် အဖြစ် ထင်ရှားသည်။ ဆရာတော်သည် သူငယ်ဘ၀ သာမဏေဘ၀ ပဉ္ဇင်းဘ၀ မထေရ်ဘ၀ တို့တွင် ကျော်စောခဲ့သည်။ အင်းဝနေပြည်တော်သို့ ပင့်ဆောင်ကိုးကွယ်ခြင်း ခံရပြီး အနောက်ဘက်လွန်မင်းနှင့် သာလွန်မင်းတို့ လက်ထက်တွင် ရှင်တဆူ၊ လူတယောက်ဟု ပြောစမှတ်ပြုလောက်အောင် ကျော်ကြားခဲ့သည်။ ဘွဲ့အမည်ရင်းမှာ အရှင်မုနိန္ဒဃောသ ဖြစ်သော်လည်း စစ်ကိုင်းတောင်ရိုး တောင်ဖီလာတွင် သီတင်းသုံးသောကြောင့် တောင်ဖီလာဆရာတော်အဖြစ် လူသိများသည်။ ၀ိနည်းငါးကျမ်းနှင့် အဘိဓမ္မာ လေးကျမ်းကို နိဿယ ပြန်ဆိုခဲ့သည်။ ၀ိနယာလင်္ကာရဋီကာ ကျမ်းသည် သာသနာတော်အတွက် ကျေးဇူးများလှသည်။ ပျို့၊ ကဗျာ၊ ၀တ္ထု၊ မေတ္တာစာ၊ ဆုံးမစာအမျိုးမျိုးကို ရေးသားခဲ့ပြီး ယခု သီလခံယူသည့်အခါ ရွတ်ဆိုနေကြသည့် အဟံ ဘန္တေ သီလတောင်းမှာ ဆရာတော်ရေးသားချီးမြှင့်ခဲ့ခြင်း ဖြစ်သည်။

( ကုန်းဘောင်ခေတ် ဆရာတော် ဦးဗုဓ် )
ဆရာတော်သည် သီလ သမာဓိ ပညာ ဂုဏ်ရည်ကြောင့် အင်းဝနှင့် အမရပူရ နေပြည်တော်တွင် ဘုရင်အကိုးကွယ်ခံ ရာဇဂုရု ဆရာတော်ကြီး ဖြစ်ခဲ့သည်။ ဘကြီးတော်နှင့် သာယာဝတီမင်း လက်ထက်တွင် အထူးထင်ပေါ်ခဲ့သည်။ စစ်ကိုင်းတိုင်း၊ အလုံမြို့နယ်၊ ညောင်ကန်ရွာ ဇာတိဖြစ်သည်။ ဗုဓ်စ, ဗုဓ်လယ်, ဗုဓ်ဆုံး ဟူ၍ ဆိုရိုးတွင်သည်အထိ စာပေအရာတွင် တတ်သိလှသည်။ ပါဠိ၊ နိဿယ၊ စကားပြေ၊ ကဗျာ၊ သတ်ပုံ၊ အမွှန်းဂါထာစုံ၊ စာမျိုးစုံ ပြုစုခဲ့သည်။ ရဟန်း ရှင် လူ အားလုံး လေးစားကြည်ညိုကြရသည့် ဆရာတော်သည် ပေစာကို လက်တွင်ကိုင်ရင်း ၀ိညာဉ်ချုပ်သွားသည်အထိ စာပေတာဝန် ထမ်းရွက်ခဲ့သည်။

( ကုန်းဘောင်ခေတ် သင်္ဂဇာ ဆရာတော် )
သင်္ဂဇာဆရာတော်သည် တဖက်သား နားဝင်အောင် ပုံတိုပတ်စကလေးများ၊ ဥပမာ ဥပမေယျများဖြင့် ပြောဟောဆုံးမလေ့ရှိသည်။ အလွန်စကားပြောကောင်းပြီး ဟာသဉာဏ်၊ ဇ၀နဉာဏ် ကောင်းသူလည်း ဖြစ်သည်။ မြင်းခြံခရိုင် တလုပ်မြို့ ပေါက်ချောင်းရွာဇာတိ ဖြစ်သည်။ ပုဂံမင်း မင်းတုန်းမင်းနှင့် သီပေါမင်းတို့ လက်ထက်တွင် ထင်ရှားပြီး မန္တလေးမြို့သစ် သင်္ဂဇာချောင်း အနီးတွင် မင်းတုန်းဘုရင်က ကျောင်းဆောက် ကိုးကွယ်ခဲ့သည့်အတွက် သင်္ဂဇာဆရာတော်-ဟု ထင်ရှားသည်။ ဘွဲ့တော်မှာ အရှင်အဂ္ဂဓမ္မ ဖြစ်ပြီး ရာဇာဓိရာဇဂုရုဘွဲ့တံဆိပ်တော် ကပ်လှူခြင်းခံရသည်။ ဆရာတော်ပြုစုခဲ့သည့် သိင်္ဂါလောဝါဒ ဆုံးမစာမှာ တပည့်ကျင့်ဝတ်၊ ဆရာ့ကျင့်ဝတ် စသည်တို့ကို ကဗျာလေးများဖြင့် ရေးသားထား၍ ကျက်မှတ်ရ လွယ်ကူလှပါသည်။

( ဗြိတိသျှခေတ် မန်လည်ဆရာတော် )
ဆရာတော်သည် သာယာဝတီမင်း လက်ထက် စစ်ကိုင်းတိုင်း အင်းတော်မြို့နယ် မန်လည်မြို့ဇာတိ ဖြစ်သည်။ ပိဋကတ်စာပေ ကျန်းစာများကို ငယ်စဉ်ကပင် ဆရာနည်းကျကျ သင်ယူခဲ့ပြီး ဘင်္ဂါလီ၊ နာဂရီ၊ သီဟိုဠ်၊ သက္ကတ၊ မာဂဓ စသည့် ဘာသာမျိုးစုံကို ပါရဂူမြောက် လေ့လာတတ်ကျွမ်းသည်။ အရေး၊ အဟော၊ အကျင့် ဘက်စုံ ထူးချွန်တော်မူသည်။ ကျမ်းစာပေါင်း ၆၀-ကျော်၊ ဘုရားရှိခိုး ၁၁-မျိုး၊ မောင်းထောင်းတေး၊ အံတော်သီချင်း၊ ဒွေးချိုး၊ လေးချိုး၊ တေးထပ်၊ ရတု၊ သံချို၊ ဘုန်းကြီးပျံ ငိုချင်းမှအစ ကဗျာမျိုးစုံ၊ စာမျိုးစုံ ရေးဖွဲ့ခဲ့သည်။ မဟာသုတကာရီ မဃဒေ၀လင်္ကာ ကျမ်းမှာ ဗဟုသုတ ဘဏ်ကြီးသဖွယ် စာပေ၀ါသနာပါသူတိုင်း လက်ကိုင်ထားရသည်။ အဂ္ဂမဟာပဏ္ဍိတဘွဲ့ ဆက်ကပ်ခံရသည်။ ဆရာတော်သည် သက်တော် ၇၉-ခုနှစ်တွင် ပျံလွန်တော်မူပါသည်။ ဆရာတော်၏ သီလတန်ခိုးကြောင့် မပုပ်မသိုး၊ ပကတိအတိုင်း တည်ရှိနေသည့် ရုပ်ကလာပ်တော်ကို ယနေ့တိုင် ဖူးတွေ့နိုင်ပါသည်။

( ဗြိတိသျှခေတ် လယ်တီဆရာတော် )
သာသနာတော်အတွက် ထူးခြားစွာ စွမ်းစွမ်းတမံ ဆောင်ရွက်လမ်းညွှန်ခဲ့သည့် လယ်တီဆရာတော် ဘုရားသည် စစ်ကိုင်းတိုင်း ရွှေဘိုခရိုင် ဒီပဲရင်းမြို့ စိုင်ပြင်ကြီးရွာ ဇာတိဖြစ်သည်။ ဆရာတော်သည် အရေး၊ အဟော၊ အကျင့် ကောင်းပြီး စာပေ အလွန်တတ်သည့် ပိဋကတ်ပါရဂူကြီး ဖြစ်သည်။ မြန်မာတနိုင်ငံလုံး နွားသားရှောင်ကြဉ်ရေးကို လှုံ့ဆော်ဟောကြားသွားခဲ့သည်။ သံခိပ်အသင်းများ တည်ထောင်ပြီး အဘိဓမ္မာသာသနာ ပြန့်ပွားအောင်လည်း ဆောင်ရွက်တော်မူခဲ့ပါသည်။ ဒီပနီကျမ်းစာ၊ ကဗျာများ၊ မေတ္တာစာ၊ ဆုံးမစာအမျိုးမျိုးကို ရေးသားပြုစုသွားသည့် ပရဟိတ လမ်းညွှန်ပုဂ္ဂိုလ်ကြီးလည်း ဖြစ်သည်။

( လွတ်လပ်ရေးခေတ် ဂန္ဓာရုံ ဆရာတော် )
ဆရာတော်ကြီးသည် ဗုဒ္ဓဘာသာ သာသနာတော်နှင့် ပတ်သက်၍ အကာကိုပစ် အနှစ်ကို ယူတတ်အောင် ပြုပြင်လမ်းညွှန်ပေးလေ့ရှိပါသည်။ စာသင်တိုက်ကြီးကိုလည်း ဘုရားအလိုတော်ကျ စည်းကမ်း အကောင်းဆုံးဖြစ်အောင် ထူထောင်ခဲ့ပါသည်။ အလှူဒါနပြုရာတွင် သဘာဝထက် လွန်ကဲပြီး ပကာသနမစွက်ရန် ဆုံးမညွှန်ကြားခဲ့သည်။ အနာဂတ် သာသနာရေး၊ ဘာသာသွေး၊ ရတနာ့ဂုဏ်ရည်၊ ကိုယ်ကျင့်အဘိဓမ္မာ စသည့် ကျမ်းစာအုပ်ပေါင်းများစွာကို ရေးသားကာ သာသနာတော်ကို အခြေခံမှစပြီး မြှင့်တင်လမ်းညွှန်ခဲ့သည်။ ပျံလွန်တော်မူသည့်နေ့အထိ စာချပြီး သာသနာ့တာဝန်ကို ထမ်းဆောင်သွားသည်။

( လွတ်လပ်ရေးခေတ် တိပိဋကဓရ ဆရာတော် )
တိပိဋကဓရ ဆရာတော် ဦးဝိစိတ္တသာရ အရှင်မြတ်၏ သီလ သမာဓိ ပညာနှင့် ဇွဲလုံ့လတို့မှာ အံ့ချီးမကုန်နိုင်အောင် ကြီးမားလှပါသည်။ ကမ္ဘာပေါ်တွင် အမြင့်ဆုံးစာမေးပွဲဖြစ်သည့် ပိဋကတ်သုံးပုံ စာမေးပွဲကို စာမျက်နှာ စုစုပေါင်း ၈၀၂၇-မျက်နှာရှိ ၀ိနည်း၊ သုတ္တန်၊ အဘိဓမ္မာ ပိဋကတ်တော်များကို သဘောရေးဖြေနှင့်တကွ နှုတ်ရအာဂုံပြန်ဆိုကာ အောင်မြင်တော်မူခဲ့ပါသည်။ စာမျက်နှာပေါင်း ၅၅၁၆-မျက်နှာရှိသည့် မဟာဗုဒ္ဓ၀င် ကျမ်းကြီးကိုလည်း ပြုစုတော်မူခဲ့ပါသည်။ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ အကျိုးတော်ဆောင်ချုပ် တာဝန်ကို ယူကာ မန္တလေးနှင့် ရန်ကုန်မြို့တို့တွင် နိုင်ငံတော် ပရိယတ္တိတက္ကသိုလ်ကြီးများ ဖွင့်လှစ်နိုင်ရန် စွမ်းဆောင်ပေးတော်မူခဲ့ပါသည်။

မြန်မာ့ရိုးရာ ဆယ့်နှစ်လအနက် နတ်တော်လနှင့်ဆိုင်သည့် ပွဲတော်မှာ ရှေးခေတ်က နတ်ပွဲဖြစ်ပြီး ယခုခေတ်မှာ စာဆိုတော်ဂုဏ်ပြုပွဲများ ဖြစ်သည်။ နတ်တော်ရောက်တိုင်း အကျိုးပြုစာပေများကို ရေးသားခဲ့သည့် စာဆိုတော်ကြီးများကို ဂုဏ်ပြုသည့် စာဆိုတော်ပွဲများကို ကျင်းပကြသည်။ နတ်တော်လကိုလည်း စာဆိုတော်လအဖြစ် အသိအမှတ်ပြုထားကြရာ ဓမ္မစာဆိုတော်ကြီးများ၏ ဂုဏ်ရည်ကို မှတ်သားဖွယ် တင်ပြလိုက်ရပါသည်။

( မာဂဓီ ( သာစည် )

No comments: