Saturday, May 2, 2009

ကံ ကံ၏အကျိုး ( ၅၀ )

( မေတ္တာစွမ်းအား )

ကျွန်မသည် ဗုဒ္ဓဘာသာဝင်တဦး ဖြစ်ပါသည်။ ဘုရားရှိခိုးခြင်း၊ ပုတီးစိပ်ခြင်း၊ သီလစောင့်ခြင်း၊ မင်းကွန်းဆရာတော် ဘုရားကြီး၏ မေတ္တာပို့နည်းအတိုင်း မေတ္တာပို့ခြင်းတို့ကို ၀တ္တရားမပျက် ပြုပါသည်။ သို့သော် မေတ္တာပို့ခြင်းကို စိတ်အာရုံစိုက်မှု နည်းပါးစွာဖြင့် ပို့ခဲ့ပါသည်။

မေတ္တာပို့ခြင်း၏ အကျိုးထိရောက်မှုကို ယုံကြည်မှု အားနည်းခဲ့ပါသည်။ ကျွန်မကိုယ်တွေ့ ကြုံလာသောအခါမှ မေတ္တာပို့ခြင်း၊ မေတ္တာ၏စွမ်းအား အကျိုးတရားကို အတိုင်းအဆမရှိ ယုံကြည်လာမိပါသည်။

ဆေးရုံတခုတွင် ကျွန်မ တာဝန်ထမ်းဆောင်စဉ်က ဖြစ်ပါသည်။ ထိုစဉ်က ငွေကိုင်စာရေးကြီးနှင့် စာရေး(၁)တို့ မတည့်ကြပါ။ စာရေး(၁)နှင့် ကျွန်မမှာ အရွယ်ချင်းကလည်း မကွာ၊ ရာထူးချင်းကလည်း တူသဖြင့် သွားအတူ၊ လာအတူ၊ စားအတူ ဖြစ်ခဲ့ပါသည်။ ငွေကိုင်စာရေးကြီးနှင့် စာရေး(၁)မှာ ခွန်းကြီးခွန်းငယ် စကားမများကြသော်လည်း မတည့်ကြ။ အခေါ်အပြော မလုပ်ကြပါ။ ထို့အတွက် ကျွန်မက စာရေး(၁)ကို မေးကြည့်ပါသည်။ ငွေကိုင်စာရေးကြီးက သူ့ကွယ်ရာတွင် သူ့မကောင်းစကား ပြောကြောင်း၊ သူပြောသောစကားများကို ကြားသိသူက သူ့အား ပြန်ပြောကြောင်း၊ စာရေးကြီးက သူ့အား မခေါ်မပြောဘဲ နေကြောင်း၊ သူကလည်း စာရေးကြီးအား ကြည့်မရကြောင်းတို့ကို ပြောပြပါသည်။

သူတို့နှစ်ဦးကြားတွင် ကျွန်မ မြေစာပင်ဖြစ်ရသည်။ စာရေးကြီးနှင့် ကျွန်မမှာ လုပ်ငန်းဆက်စပ်မှု ရှိနေသော်လည်း မတည့်သူနှင့်တွဲမိသော ကျွန်မကိုပါ စာရေးကြီးက ရန်သူကဲ့သို့ ဆက်ဆံလာသည်။ လုပ်ငန်းကိစ္စကို ကြားလူနှင့် ပြောခိုင်းပါသည်။ သူကိုယ်တိုင် ပြောဆိုသောအခါတွင်လည်း မကျေနပ်သောအသံဖြင့် ပြောဆိုပါသည်။ စာရေးကြီး ထိုသို့ပြုမူလာသောအခါ ကျွန်မ အလွန်ပင် စိတ်ညစ်ရပါသည်။ ထို့ကြောင့် တောင်တန်းသာသနာပြု ဆရာတော်ကြီး ဦးဥတ္တမသာရ-၏ မုန်းသူကို ချစ်အောင်လုပ်နည်း အတိုင်း သူ့အား မေတ္တာပို့ရပါတော့သည်။

မေတ္တာပို့၍ သုံးရက်ခန့်အကြာတွင် သူကပြုံးရွှင်ရယ်မောလျက် ကျွန်မကို နှုတ်ဆက်ပါသည်။ အခေါ်အပြော ပြုလုပ်လာပါသည်။ ကျွန်မ အလွန်ပင် အံ့သြမိပါသည်။

မေတ္တာစွမ်းအား၏ လက်တွေ့အကျိုးကား ကျွန်မအတွက် အံ့သြခြင်းများစွာ ဖြစ်ရသည်။ သူက ခေါ်ပြောဆက်ဆံလာသော်လည်း သူ့အား မေတ္တာ ပို့ခြင်းအလုပ်ကို ဆက်၍ ပြုနေခဲ့ပါသည်။ ဌာနသစ်သို့ ကျွန်မ ပြောင်းသည့်အချိန်အထိ သူနှင့်ကျွန်မ ပြေလည်စွာ ဆက်ဆံခဲ့ရပါသည်။

ဌာနသစ်သို့ရောက်သောအခါတွင်လည်း ရန်လိုတတ်သူ တဦးကို မတော်တဆ ၀င်တိုက်မိပါသည်။ ကျွန်မက အတန်တန် တောင်းပန်သော်လည်း ထိုသူက မကျေမနပ်ပြောဆိုပါသည်။ ရိုင်းစိုင်းစွာပင် ဆဲရေးတိုင်းထွာသည်အထိ ဖြစ်ပါသည်။

နောက်ဆုံးတွင် ဆဲရေးသူကို မေတ္တာပို့ရပါတော့သည်။ ခုနစ်ရက်ခန့် အကြာတွင် ဆဲရေးသူက ဆဲရေးခြင်းမပြုတော့ကြောင်း ကြားသိရသည်။ သို့သော်လည်း မေတ္တာပို့ခြင်းကို ရပ်နားခြင်းမပြု၊ ဆက်၍သာ မေတ္တာပို့နေခဲ့ပါသည်။ နောက် ခုနစ်ရက်ခန့်အကြာတွင် ဆဲရေးသူက ကျွန်မအား နှုတ်ဆက်ပြောဆိုခြင်း၊ ကူညီခြင်း ပြုလာသည်ကို တွေ့ရပါသည်။

မေတ္တာစွမ်းအား၏ လက်တွေ့အကျိုးများပုံကို ပို၍ပို၍ ယုံကြည်လာမိပါတော့သည်။
ကျွန်မကြုံတွေ့ရသော အဖြစ်မျိုးနှင့် ကြုံတွေ့ရပါမူ မေတ္တာပို့ကြပါဟု တိုက်တွန်းလိုပါသည်။
မေတ္တာပို့ရာတွင် မိမိအပေါ် မလိုမုန်းထား ရှိနေသူ၏ ရုပ်ပုံကို မိမိအာရုံတွင် ထင်လာအောင် အာရုံစူးစိုက်ပြီး ထိုသူ့အပေါ်တွင် ဒေါသစိတ် မထားရပါ။ မိမိ၏စိတ်သည် ပကတိဖြူစင်နေရပါမည်။

( ခင်ပန်းနွယ် )
********************************************************************************

( ထမင်းတနှပ် အလှူ )

ကျွန်မ၏ခင်ပွန်းဖြစ်သူသည် မြောင်းမြမြို့ ပြည်သူ့ဆေးရုံတွင် တက်ရောက်၍ ဆေးကုသခံယူနေစဉ်က ဖြစ်ပါသည်။ ခင်ပွန်းဖြစ်သူ၏ ရောဂါမှာ သွေးဝမ်းသွားသော ရောဂါဖြစ်ပါသည်။ အိမ်နီးနားချင်းတဦးက သွေးဝမ်းသွားလျှင် ငါးရှဥ့်ဟင်း ချက်ကျွေးရသည်ဟု ပြောပါသည်။ ကျွန်မ ငါးရှဥ့်ဝယ်ချက်ပြီး ဆေးရုံသို့ ထမင်းသွားပို့ပါသည်။ ထမင်းပို့ချိန် အနည်းငယ် နောက်ကျသွားသဖြင့် ဆေးရုံရောက်လျှင် ရောက်ချင်း စားသောက်ရန် ပြင်ဆင်ပေးလိုက်ပါသည်။ ခင်ပွန်းဖြစ်သူ ထမင်းစားနေစဉ် ခေတ္တအနားယူရန် ထိုင်ခုံရှည်လေး တခု၌ ကျွန်မ ထိုင်ချလိုက်ပါသည်။

ထိုအခါတွင် ကျွန်မထိုင်နေရာမှ ၃-ကုဋင်အကွာလောက်ရှိ လူတဦးသည် ဆဲဆို ရေရွတ်နေသည်ကို သတိထားမိလိုက်ပါသည်။ ကျွန်မ၏ ခင်ပွန်းကို မေးကြည့်သောအခါ သူ့အိမ်က ထမင်းလာမပို့လို့ ဆဲဆိုနေတာလေ၊ တော်တော် မိုက်ရိုင်းတဲ့လူ-ဟု ပြောပါသည်။

ကျွန်မ၏ ခင်ပွန်းသည် ရုန့်ရင်းကြမ်းတမ်းစွာ စကားပြောဆိုလျှင် မကြိုက်ပါ။ ထိုလူကြီး ပြောသောစကားကို ကျွန်မအသေအချာ နားထောင်ကြည့်သောအခါ မနေ့ ညနေကလဲ ထမင်းလာမပို့၊ မနက်ကလဲ လာမပို့၊ သူ့မှာ ပိုက်ဆံတပြားမှ မရှိမှန်းလဲ သိရက်သားနဲ့ လာမပို့ရကောင်းလား-ဟု ပြောဆိုနေပါသည်။ ထို့နောက် အမေက အသက်ကြီး၍ မလာနိုင်လျှင် ညီမတွေက ဘာဖြစ်နေသလဲ၊ သေနေပြီလား မသိဘူး-စသည်ဖြင့် ကြမ်းတမ်းစွာ ပြောဆိုနေပါသည်။ ပြီးတော့ တီဘီဆေးတွေ ထိုးနေ၊ သောက်နေရသဖြင့် ၀မ်းထဲက အစာမရှိသောကြောင့် နားထဲက လေထွက်ပြီး ခေါင်းတွေ မူးနေတာပဲ-ဟု ပြောဆိုနေခြင်း ဖြစ်ပါသည်။

ကျွန်မ စိတ်မကောင်း ဖြစ်သွားပါသည်။ ဆာလွန်းသဖြင့် ဒေါသထွက်ပြီး ကြမ်းတမ်းသောစကားများ ပြောမိတာ နေမှာပါ-ဟုတွေးမိပါသည်။ ကျွန်မခင်ပွန်း ထမင်းစားပြီးသောအခါ ငါးရှဥ့်ဟင်း တော်တော်များများ ကျန်ပါသေးသည်။ ထိုလူကြီးအား ငါးရှဥ့်ဟင်း စားပါသလား-ဟု သွားမေးသောအခါ ဟုတ်ကဲ့ ကျွန်တော်ဆာလွန်းလို့ အခုနေခါ စားစရာဆိုလျှင် ဘာဖြစ်ဖြစ် ကျွန်တော် စားပါ့မယ်-ဟု ပြောပါသည်။ ကျွန်မ ဆေးရုံအောက်သို့ ဆင်းပြီး ထမင်းဖြူနှစ်ထုပ်ဝယ်၍ ပန်းကန်ထဲထည့်ပြီး ငါးရှဥ့်ဟင်းနှင့် ပေးလိုက်ပါသည်။ ဆာလွန်း၍ ထင်ပါသည်။ ထမင်းနှစ်ပန်းကန်စာနှင့် ဟင်းများ ခဏကလေးနှင့် ကုန်သွားပါသည်။ စားသောက်ပြီး ပန်းကန်များ ဆေး၍ ကျွန်မအား လက်နှစ်ဖက်နှင့် ရိုသေစွာ လာပေးပါသည်။ သူ့မျက်နှာ၌ ကျေးဇူးတင်လွန်းခြင်းနှင့် အားနာခြင်းတို့ ရောယှက်နေပါသည်။

ကျွန်မရင်၌ ရုတ်တရက်ပေါ်ပေါက်လာသော သဒ္ဓါစိတ်ဖြင့် လှူခဲ့ရသော ထိုထမင်းတနှပ်သည် ကျွန်မရင်ကို များစွာ ပီတိဖြစ်ရပါသည်။ လွန်စွာစိတ်ချမ်းမြေ့ခဲ့ရပါသည်။ ထို့ကြောင့် ဆာလောင်မွတ်သိပ်နေသော သူများ၊ သတ္တ၀ါများကို တွေ့ရှိပါက ကျွန်မသည် ကျွေးမွေးလှူဒါန်းနိုင်သည့်ကိုယ် ဖြစ်ရပါလို၏-ဟု အမြဲ ဆုတောင်းနေမိပါတော့သည်။

( မဆွေ )
*********************************************************************************

( မှားမိဝန်တာ )

၁၉၉၄-ခုနှစ် မတ်လဆန်းတွင် ဇနီးသည်က ထားဝယ်မြို့၌ တာဝန်ထမ်းဆောင်နေသော သားထံသို့ သွားရောက်လည်ပတ်ပါသည်။ ၁၀-ရက်ခန့် နေပြီး ပုလောမြို့သို့ စက်လှေငယ်ဖြင့် ပြန်လာရာ ထားဝယ်ဆိပ်မှ လှေထွက်လာပြီး မကြာမီ စက်ပျက်သွားပါသည်။ စက်လှေမှာ အနီးရှိ မင်းရပ်ကူးတို့ဆိပ်သို့ ကပ်ပါသည်။ လှေရှင်က ချို့ယွင်းသွားသော စက်ကို ပြင်ရမည်ဖြစ်၍ နောက်တနေ့မှ လှေထွက်မည်။ ခရီးသည်များ အိမ်သို့ပြန်လိုက ပြန်ကြရန်-ပြောသည်။ ဇနီးက သား၏အိမ်သို့ ပြန်ရန် စိတ်ကူးပြီး ပစ္စည်းများယူ၍ ကမ်းပေါ်သို့တက်သည်။ အဆင်သင့်ပင် ထားဝယ်မြို့သွားရန် မြင်းလှည်းတွေ့၍ အခြားခရီးသည် ယောက်ျား သုံးဦးနှင့်အတူ ငှါးရမ်းသွားကြပါသည်။

မိနစ်အနည်းငယ်သွား၍ မကြာမီ သွားရာလမ်းခရီးတွင် သက်တော် ၇၀-ကျော်ခန့် ရဟန်းနှစ်ပါးက လက်တားပါသည်။ မြင်းလှည်းမောင်းသူက ရပ်ပေးရန် အရှိန်သတ်လိုက်ပါသည်။ ထိုအခါ အတူစီးလာသူ ခရီးသည် ယောက်ျားသုံးဦးက မိမိတို့ အလျင်လိုနေ၍ ရပ်မပေးနဲ့၊ ဆက်မောင်းပါ-ဟု ပြောလေသည်။ ထိုအခါ မြင်းလှည်းဆရာက ဟာဗျာ-အသက်အရွယ်တွေက ကြီးလှတဲ့ ဘုန်းကြီးတွေပဲ၊ ခဏလေး ရပ်ပေးမယ်ဗျာ၊ မြင်းလှည်းပေါ်တက်တာ အချိန်မကြာပါဘူး၊ ခရီးသည်တွေလဲ အချောင်သားပဲ-ဟု ချိုချိုသာသာပင် တောင်းပန်ပြောဆိုပါ၏။

ထိုအခါ အဆိုပါ ခရီးသည် ၃-ဦးက မြင်းလှည်းမောင်းသူအား လောဘကြီးကြောင်း။ အမျိုးမျိုး မကြားဝံ့မနာသာ ဆဲဆိုကြိမ်းမောင်းပြီး သံဃာတော်တွေကိုလည်း နေရာတိုင်း ရှုပ်တဲ့ဘုန်းကြီးတွေ-ဟု ပြောဆိုသည်။ ချက်ချင်းပင် မလှမ်းမကမ်းမှ မောင်းလာသော အခြားမြင်းလှည်းကို တားပြီး ထိုလူသုံးဦး ပြောင်းလိုက်သွားပါသည်။

ဇနီးသည်နှင့် မြင်းလှည်းဆရာက ထိုအသက်အရွယ်ကြီးလှသော သံဃာတော်နှစ်ပါးကို များစွာအားနာသဖြင့် တောင်းပန်ပြီး ရိုရိုသေသေပင် မြင်းလှည်းပေါ်သို့ တင်ကာ ခရီးဆက်သွားကြပါသည်။

မကြာပါ၊ မြန်ဆန်လှပါ၏၊ အရှေ့မှ ဒုန်းစိုင်းမောင်းသွာေးသာ မြင်းလှည်းသည် မည်သို့မည်ပုံ ဖြစ်မှန်းမသိပါ၊ ဘီးနှစ်ခုစလုံးမှ ပဒေါင်းများ ပြုတ်ထွက်နေပြီး မြင်းကြီးမှာလည်း ပက်လက်လန်နေပါသည်။ မြင်းလှည်းမှာ တစစီ ပြုတ်ထွက်နေသည်။ မြင်းလှည်းမောင်းသူနှင့် ခရီးသည်များမှာ ကျွမ်းထိုးမှောက်ခုံ ဖြစ်နေသည်ကို အံ့သြထိတ်လန့်ဖွယ် တွေ့ရပါတော့သည်။

သံဃာတော်၂-ပါးက မည်သို့မျှ မိန့်ကြားခြင်းမရှိဘဲ ယပ်တောင်ကိုယ်စီ ကွယ်ပြီး မျက်နှာလွှဲတော်မူကြပါသည်။ ထးဝယ်မြို့ထဲရောက်၍ ကျောင်းတကျောင်းရှေ့ ရောက်သည့်အခါ ရပ်ပေးလိုက်ပါသည်။

ဇနီးက ထိုသံဃာ ၂-ပါးအတွက် မြင်းလှည်းခကို ပေးသည့်အခါ မြင်းလှည်းဆရာက မယူပါ၊ ကုသိုလ်ဖြစ် တင်ဆောင်လာကြောင်း ပြောပါသည်။ သံဃာတော် မထေရ်ကြီး ၂-ပါးက သာဓုခေါ်ပြီး ကျန်းမာ ချမ်းသာကြပါစေ၊ လိုရာဆန္ဒ ပြည့်ဝကြပါစေ-ဟု ဆုများပေးကာ တည်ငြိမ်သော အမူအရာဖြင့် ကျောင်းတိုက်တွင်းသို့ ကြွမြန်းတော်မူသွားကြပါသည်။

( ပုလော-ဖိုးအေး )

( မြတ်မင်္ဂလာ ၁၉၉၅-ခု ဒီဇင်ဘာလ )

No comments: