Tuesday, May 5, 2009

ကံ ကံ၏အကျိုး ( ၅၀ )

( ကိုယ်တွေ့ သစ္စာတန်ခိုး )

ဗုဒ္ဓမြတ်စွာဘုရားသခင်၏ မေတ္တာတော်၊ ကရုဏာတော်၊ ဂုဏ်တော်၊ ကျေးဇူးတော်တို့သည် ယုံကြည်ကိုးကွယ် ကြသော ဝေနေယျသတ္တ၀ါတွေ အပေါ်မှာ အတိုင်းမသိ ကြီးမားလွန်းလှပါသည်။ တရားစောင့်သူကို တရားက ပြန်လည် စောင့်ရှောက်သည်ဟူသော ဘုရားရှင်၏ မုခပါဌ်တော်သည်လည်း အလွန်တရာ မှန်ကန်လှပါသည်။ ထို့နောက် ရတနာသုံးပါးနှင့် စပ်ဆိုင်သော စရဏကျင့်ဝတ်များကို နိဗဒ္ဓ ပြုကျင့် စွဲမြဲထားလျှင် အရေးကြုံ၍ သစ္စာဆိုသောအခါ ပိုမိုထိရောက် ထက်မြက်ကြောင်း တွေ့ရှိရ၏။

ထို့ကြောင့် ကျွန်တော်၏ သစ္စာဆိုမှုနှင့် ပတ်သက်သော ကိုယ်တွေ့ အဖြစ်အပျက်များကို စာရှုသူ ဓမ္မမိတ်ဆွေများအား တင်ပြပါရစေ။ ကျွန်တော် အသက် နှစ်ဆယ့်သုံးနှစ်အရွယ် ၁၉၇၆-ခုနှစ်က ဖြစ်သည်။ ရှင်အရဟံ ပုတီးစိပ်နည်းကို နှစ်လ၊ သုံးလ၊ စိပ်ခဲ့ဖူးပါသည်။ သို့သော် လူငယ်ပီပီ ၀ိတက်၊ ၀ိစာရတွေ ထွေပြားလွန်းသည့်အတွက် ကြိုးကြား ကြိုးကြားမျှသာ စိပ်ဖြစ်ခဲ့ပါတော့သည်။ ယခု တဖန် ပုတီးမှန်မှန် ပြန်စိပ်ဖြစ်သည်မှာ ၁၀-နှစ်ခန့် ရှိခဲ့ပါပြီ။

ကျွန်တော်သည် ထိုအခါက ပန်းတိမ်ပညာကို ဆည်းပူးနေစဉ် ဖြစ်၏။ တနေ့သောအခါ နံနက်စာကို ငါးဟင်းဖြင့် စားပါသည်။ အခန့်မသင့်၍ ငါးရိုးမျက်ခဲ့ပါ၏။ ကျွန်တော်၏ ငါးရိုးမျက်နေသော ဝေဒနာကို အမေသည် မကြည့်ရက်သဖြင့် လောကီ ဂါထာမန္တာန်များနှင့် ထမင်းဆုပ်ကို မန်းမှုတ်ပြီး ကျွန်တော့ကို စားမျိုစေပါသည်။ သို့သော် ငါးရိုးသည် ငြိပြီး မျက်မြဲမျက်နေပါ၏။ ကျ,မသွားပါချေ။ သို့နှင့် ငါးရိုးမျက် ဝေဒနာဖြင့် အလုပ်ခွင်သို့ ရောက်ခဲ့ပါသည်။

နေ့လည်အချိန်မှာ ရွှေကို နန်းဆွဲဖို့ ပေပေါ်မှာ ထုရိုက်နေဆဲ၊ ညက ပုတီးစိပ်ခဲ့သည်ကို ဖျတ်ခနဲ သတိရလိုက်၏။ ဤသို့ ပုတီးစိပ်ခဲ့သည်ကို အကြောင်းပြု၍ သစ္စာဆိုလိုက်ပါသည်။ ကျွန်ုပ်သည် ညစဉ် ညတိုင်း ရှင်အရဟံ ပုတီးစိပ်နည်းကို စိပ်ခဲ့ပါ၏။ ဤစကားသည် မှန်၏။ ဤသို့ မှန်ကန်သော သစ္စာစကားကြောင့် ကျွန်ုပ်၌ မျက်နေသော ငါးရိုးသည် လျှောကျပါစေသား-ဟူ၍ သစ္စာဆိုပြီး လည်ပင်းကို လက်ဖြင့် အောက်သို့သပ်ချလိုက် ပါသည်။ ထိုအခါ ငါးရိုးသည် အံ့သြစရာ ကောင်းလောက်အောင် လျှောကျသွားပါ၏။

ယင်းအပြင် ကိုယ်တွေ့ ထူးခြားသော ဖြစ်ရပ်တခုကို တင်ပြပါဦးမည်။ ပန်းတိမ်ပညာကို ၂-နှစ်မျှ သင်မိသောအခါ ငြီးငွေ့လှ၍ ထွက်လိုက်ပါသည်။ ကျွန်တော်သည် ပန်းတိမ်မှထွက်ပြီး ဖခင်ကြီးလုပ်ငန်းဖြစ်သော ကျောက်သွေး ကျောက်ဖြတ် လုပ်ငန်းကို သင်ကြားခဲ့၏။

မိုးရာသီ၏ နေ့တနေ့တွင် ဖြစ်သည်။ ကျောက်စိမ်း လုံးချောတလုံးကို သွေးပြီး ၀ါးပေါ်မှာ အရောင်တင်နေပါ၏။ ကျွန်တော်တို့အိမ်သည် နန့်ရင်းချောင်း ကမ်းစပ်နှင့် နီးသဖြင့် ရေကြီးလျှင် အိမ်အောက်ကို ရေ၀င်ပါသည်။ ရေအလွန်ကြီးလျှင် ငါးပေခန့် နက်၏။ ကျောက်အရောင်တင်နေချိန်တွင် ပေါင်လယ်မျှ ရေနက်ပါသည်။ အရောင်တင်နေဆဲမှာ ရွေးကြီးစေ့ သာသာခန့်ရှိ ကျောက်စိမ်း လုံးချောစေ့ကလေးသည် ချိတ်တံမှ ပြုတ်ထွက်သွားပြီး ကြမ်းပေါက်မှတဆင့် ရေထဲသို့ကျသွားပါသည်။ ကျွန်တော့စိတ် ကသိကအောက် ဖြစ်ရ၏။

ပေါင်လယ်မျှ နက်ပြီး လက်ဖက်ရည်ရောင်ကဲ့သို့ နောက်ကျိနေသော ရေထဲက မြက်ပင်နှင့် အမှိုက်သရိုက်တွေကြားထဲ ကျနေသော ကျောက်စေ့ကလေးကို မည်သို့ပြန်လည်ရနိုင်ပါမည်နည်း။ ကျွန်တော်သည် စိတ်မပျက်ဘဲ ကျောက်ကျသွားသော ကြမ်းပေါက်အောက်တည့်တည့်က ရေထဲသို့ဆင်းပြီး ကျွန်ုပ်သည် ညစဉ်ညတိုင်း ရှင်အရဟံ ပုတီးစိပ်နည်းကို စိပ်ခဲ့၏။ ဤမှန်ကန်သော သစ္စာစကားကြောင့် ဤကျောက်စေ့ကလေးကို ပြန်လည်ရရှိပါစေသား-ဟု သစ္စာဆိုကာ ကျသောနေရာတည့်တည့်ကို တခါတည်းနှိုက်လိုက်ပါသည်။ မြက်ပင်နှင့် အမှိုက်သရိုက်တွေကြားထဲက ကျောက်စေ့ကလေးကို ကိုင်မိလျက်သား ဖြစ်နေသည်။ သို့အတွက် အတိုင်းမသိ အံ့သြ၀မ်းသာရပါ၏။

ထို့ကြောင့် မိမိတို့ဘ၀တွင် ပြဿနာ အကျဉ်းအကျပ်များ တွေ့သည်ဆိုလျှင် မိမိတို့ ပြုလုပ်ခဲ့သော ကုသိုလ် စရဏတွေကို အားကိုးအားထားပြု၍ တိုင်တည်ပြီး သစ္စာဆိုပါက ထိုပြဿနာ အကျဉ်းအကျပ်များမှ လွတ်မြောက်ပြေလည်ကြမည်မှာ သေချာမလွဲပါ။

( တိက္ခကုမ္မာ-မိုးကောင်း )
*********************************************************************************

( ကိုယ်တွေ့ ဘုရားတန်ခိုး )

ယခုအခါ စာရေးသူသည် ပြည်ပ၌ ခေတ္တသွားရောက် အလုပ်လုပ်ကိုင်နေသူ ဖြစ်ပါသည်။ စာရေးသူ ပြည့်ပသို့ မထွက်ခွါရမီ အချိန်က ဖြစ်ပါသည်။ တပေါင်းလပြည့်နေ့၌ တောင်ငူမြို့၏ အရှေ့ဘက် ၇-မိုင် ကွာဝေးသော အရပ်တွင် နာမည်ကျော် တန်ခိုးကြီးဘုရားဖြစ်သော မြတ်စောညီနောင် ဘုရားပွဲတော်သို့ သူငယ်ချင်း သုံးယောက်နှင့် မိခင်ဖြစ်သူပါ ဘုရားဖူးသွားရောက်ကြပါသည်။ မြတ်စောညီနောင်ဘုရားသည် ညီတော် နောင်တော် စေတီနှစ်ဆူရှိ၍ ကုန်းမြင့်၌ နော်တော်စေတီ တည်ထား တည်ရှိပါသည်။ နောင်တော်စေတီတော်မှ အရှေ့ဘက်သို့ဆင်းပြီး ဆယ်မိနစ်ခန့် သွားပါက ညီတော်စေတီသို့ ရောက်ပါသည်။

စာရေးသူတို့သည် ဘုရားဖူးပြီးနောက် ယူဆောင်လာသော ထမင်းချိုင့်များနှင့် နေ့လယ်စာ စားသောက်ပြီး အနားယူနေကြပါသည်။ စာရေးသူက ညီတော်စေတီတော်၏ အရှေ့ဘက်တွင်ရှိသည့် သောက်ရေခပ်ချောင်းသို့ သွားရောက်လိုကြောင်း-ပြောရာ မိခင်ဖြစ်သူက အနားယူလိုသေးသဖြင့် သးငယ်ချင်းများနှင့် သွားလိုကသွား-ဟု ခွင့်ပေးပါသည်။ လိုက်လိုသော သူငယ်ချင်း ညီအမနှစ်ဦးနှင့်အတူ သောက်ရေခပ်ချောင်းသို့ သွားကြပါသည်။ သောက်ရေခပ်ချောင်းတွင် ဘုရားဖူးများ စည်ကားစွာ ရေချိုးနေကြပါသည်။ သူတို့ကို အားကျပြီး ရေမချိုးနိုင် သော်လည်း ချောင်းတွင်းဆင်းကြည့်ကြပါသည်။ သုံးယောက်စလုံးပင် ရေမကူးတတ်ကြပါ။ ပေါင်ရင်းခန့် ဆင်းကြည့်သော်လည်း အန္တရာယ်မရှိနိုင်ဟု ယူဆကြသည်။ ထို့ကြောင့် ရေစပ်သို့ ဆင်းကြသည်။ မမျှော်လင့်ဘဲ အလွန်ရေစီးသန်သော နေရာဖြစ်၍ ရေနက်ရာသို့ လျင်မြန်စွာ ရောက်ရှိသွားကြပါတော့သည်။

စာရေးသူတို့သုံးဦးသည် လျင်မြန်လှသော ရေစီးနှင့် မျောပါ၍ နစ်မြုပ်ကြမည့် အခြေအနေ ဖြစ်နေပါသည်။ ချောင်းအတွင်း ရေချိုးနေသူတို့က စိုးရိမ်စွာ ၀ိုင်းကြည့် အော်ဟစ်နေကြပြီ။ စာရေးသူသည် စိတ်ကို တည်ငြိမ်အောင် ကြိုးစားလျက် သူငယ်ချင်းများအား ကြောက်လန့်တကြားဖြစ်လျှင် ပိုဆိုးမည်ဖြစ်၍ စိတ်ကို ထည်ငြိမ်စွာထားရန်၊ ရတနာသုံးပါးကို တိုင်တည်အာရုံပြု၍ သမ္ဗုဒ္ဓေဂါထာကို အဆက်မပြတ် ရွတ်ဖတ်ရန်၊ ခြေဖျားထောက်၍ မှီသလောက်နှင့် ကမ်းသို့ ယက်ကန်သွားရန် ပြောကြားပြီး တပြိုင်နက် ဆောင်ရွက်ကြရာ မယုံကြည်နိုင်လောက်အောင်ပင် ခဏအတွင်း ကမ်းစပ်သို့ ရောက်ရှိသွားကြပါသည်။

ချောင်းအတွင်း ရေချိုးနေကြသူများအနေဖြင့် စာရေးသူတို့ သုံးဦးသည် မုချရေနစ်ကြတော့မည်-ဟု ထင်မြင်နေကြရာမှ ရုတ်တရက် ကမ်းစပ်သို့ ရောက်ရှိသွားကြသည်မှာ အံ့အားသင့်စရာ ဖြစ်သွားပါသည်။

ထို့ကြောင့် ကျေးဇူးတော်ရှင် ဗုဒ္ဓမြတ်စွာဘုရားသခင်၏ သွန်သင်ညွှန်ပြ သြ၀ါဒပေးခဲ့သော တရားတော်များကို စာရေးသူတို့လို တတ်အားသရွေ့ လိုက်နာကျင့်သုံးကြလျှင် အကျိုးကျေးဇူးများ မုချ ခံစားရမည်ဟု ယုံကြည်မိပါသည်။

( ခင်နီလာဝင်း )

( မြတ်မင်္ဂလာ ၁၉၉၆-ခု ဇန်န၀ါရီလ )

No comments: