Thursday, May 7, 2009

ဗုဒ္ဓ၏ အစွမ်းထက်သော ဆေးကောင်း လက်နက်ကောင်းများ

ဗုဒ္ဓဘာသာ လူကြီးလူငယ်များသည် အိပ်ရာဝင် အိပ်ရာထတိုင်း အနန္တငါးပါးကို ရှိခိုးဝတ်ပြု၍ ဣတိပိသော စသော ဂုဏ်တော်များ၊ ရတနသုတ်၊ မေတ္တသုတ်၊ မောရသုတ် စသော ပရိတ်တရားတော်များကို ရွတ်ဆိုလေ့ ရှိကြသည်။ အလွန်မွန်မြတ်လှသော အလေ့အကျင့်ဖြစ်၏။ လောကီ လောကုတ္တရာ အကျိုးများ ဧကန်ရရှိမည့် အကျင့်ကောင်းများ ဖြစ်သည်။

ပရိတ်တော်များကို မြတ်ဗုဒ္ဓသည် အခါအခွင့်အားလျော်စွာ ဖြစ်ပေါ်သော အခြေအနေကိုလိုက်၍ ဘေးအန္တရာယ် ကင်းရှင်းစေခြင်း၊ ကျန်းမာချမ်းသာစေခြင်း၊ လူဆိုး၊ နတ်ဆိုးရန်များကို အောင်နိုင်စေခြင်း၊ လောကီလောကုတ္တရာ အကျိုးစီးပွား ပွားတိုးစေခြင်းငှါ ဟောကြားတော်မူခဲ့ခြင်းဖြစ်သည်။ ထိုထိုပရိတ်တော်များကို ဗုဒ္ဓဘာသာတိုင်း နားကြားဖူးကြသည်သာ ဖြစ်၏။ သံဃာတော်များ ရွတ်ဆိုသည်ကို နာကြားရုံမက ကိုယ်တိုင်လည်း ရွတ်ဆို၍ မိမိအကိျုး၊ သူတပါးအကျိုးကို ဖြစ်ထွန်းစေကြ၏။ မိဘ ဘိုးဘွား သားသမီး ဆွေမျိုးမိတ်ဆွေများအတွက် ကျန်းမာ ချမ်းသာ ရောဂါပျောက်ကင်းရန် ကောင်းကျိုးမင်္ဂလာ ပွားတိုးရန် အနီးအနားတွင် ရွတ်ဆိုပေးလေ့ရှိကြသည်။ ထိုသို့ပြုလုပ်ရာတွင် ရသင့်သောအကျိုးကို ပြီးမြောက်အောင် ရွတ်ဆိုသူအင်္ဂါ ၃-ပါး (သို့မဟုတ် ၄-ပါး)။
နာယူသူ၏အင်္ဂါ ၃-ပါး၊ (သို့မဟုတ် ၄-ပါး) ကို ကောင်းစွာဂရုစိုက်၍ ပြည့်စုံအောင် ကြိုးစားရန် လိုပေသည်။ ယင်းလိုအပ်ချက် အင်္ဂါများကို ဖော်ပြရသော် နာယူသူသည်-

၁။ ပဉ္စာနန္တရိယကံ ငါးပါးတည်းဟူသော ကမ္မန္တရာယ် မရှိခြင်း
၂။ နိယတမိစ္ဆာဒိဋ္ဌိ ဟူသော ကိလေသန္တရာယ် မရှိခြင်း
၃။ ပရိတ်တော်၏ အာနိသင်ကို ယုံကြည်သော သဒ္ဓါတရားနှင့် ပြည့်စုံခြင်း
၎။ တည်ကြည်သော သမာဓိ သက္ကစ္စဂါရ၀ဖြင့် နာယူခြင်းတို့ ဖြစ်သည်။
ထိုအချက်များတွင် (၁)(၂)သည် ကင်းလွတ်ပြီး ဖြစ်ကြ၏။ (၃)(၄)ကို စိတ်ဖြင့် ပြုပြင်ပေးနိုင်ကြပါ၏။

ရွတ်ဆိုသူ၏ အင်္ဂါများမှာ-
၁။ ပါဠိတော်၏ ပုဒ် ပါဌ် အက္ခရာကို ကျနမှန်ကန်စွာ ရွတ်ဆိုခြင်း
၂။ ပရိတ်ပါဠိတော်၏ ဆိုလိုရင်း အနက်အဓိပ္ပါယ်ကို သိခြင်း
၃။ မေတ္တာ ကရုဏာ ရှေ့သွားရှိသော စင်ကြယ်သောစိတ်ဖြင့် ရွတ်ခြင်း
၎။ လာဘ်၊ ပူဇော်သက္ကာရကို မငဲ့ကွက်ခြင်း-ဟူ၍လည်းဖြစ်သည်။
ထိုအချက်များတွင် (၃)(၄)ကို စိတ်ကောင်းထား၍ ပြုပြင်နိုင်ကြပါ၏။
(၁)အချက်ကို ဆရာကောင်းများထံတွင် နည်းခံသင်ယူ၍ အက္ခရာကို ပီသစွာ ရွတ်ဆို၊ ဖြတ်သင့်သောနေရာ ဖြတ်၊ ဆက်သင့်သောနေရာ ဆက်စပ်၍ မှန်ကန်စွာ ရွတ်ဆိုနိုင်ရန် လေ့ကျက်ဖို့ လိုအပ်ပါသည်။
(၂)အချက်ကိုလည်း ဆရာကောင်းထံ ချဉ်းကပ်၍သော်၎င်း၊ အကျယ်ညွှန်ကြားပြသသော ကျမ်းစာအုပ်များကို လေ့လာ၍သော်၎င်း၊ ရွတ်ဆိုရင်း အဓိပ္ပါယ်ထင်လာအောင် သင်ယူရန် လိုအပ်လှပါသည်။ မြတ်ဗုဒ္ဓ၏ အစွမ်းထက်လှသော ဆေးကောင်း၊ လက်နက်ကောင်းကြီးများကို ကောင်းကျိုး အပြည့်အစုံရအောင် ကြိုးစားတော်မူနိုင်ကြပါစေ။

No comments: