ညောင်လေးပင်မြို့ တောရကျောင်းတိုက် မဟာနာယက ဆရာတော်ကြီး အဂ္ဂမဟာပဏ္ဍိတ ဦးအရိယ အရှင်သူမြတ်သည် ၁၂၄၈-ခု၊ ပြာသိုလ်လဆန်း ၂-ရက် တနင်္ဂနွေနေ့ (၂၆-၁၂-၁၈၈၆) တွင် ဖွားမြင်တော်မူခဲ့ပါသည်။ ကျောင်းဆရာကြီး ဆရာခေါင်၊ ဒေါ်ဒေါ်ခက်တို့၏ ရင်သွေးရတနာဖြစ်သည်။ ညောင်လေးပင်မြို့နှင့် ၄-မိုင်ခန့်ဝေးသော ပုဇွန်မြောင်းရွာ ဇာတိဖြစ်သည်။
အသက် ၁၂-နှစ်အရွယ်တွင် ရှင်သာမဏေပြု၍ အသက် ၂၀-အရွယ် (၉-၂-၁၉၀၆)တွင် ရဟန်းဘ၀သို့ ရောက်သည်။ ဥပဇ္ဈာယ်ဆရာတော်ကား ဘုန်းတော်ကြီးဦးသီလ ထေရ်အရှင်မြတ်ဖြစ်သည်။ ဆရာတော်ဦးအရိယသည် မဟာဝိသုဒ္ဓါရုံ ဆရာတော်ဘုရားကြီးထံတွင် ပရိယတ္တိစာပေများ သင်ကြားဆည်းပူး ခဲ့သည်။ ၁၄-၀ါမြောက်တွင် ညောင်လေးပင်တောရတိုက်ကြီး၏ ဦးစီးနာယကဆရာတော်အဖြစ် တာဝန်ယူ ဆောင်ရွယ်တော်မူသည်။
ဆရာတော်ကြီးသည် စာပေများကို ပို့ချရင်း ၀ိသုဒ္ဓိမဂ်အရသာ, ဘာဝနာအရသာ, အလင်္ကာအရသာ စသော ကျမ်းပေါင်းများစွာလည်း ပြုစုခဲ့သည်။ ကမ္မဋ္ဌာန်းတရားကိုလည်း ကျနစွာကျင့်ကြံအားထုတ်တော်မူခဲ့သည်။
ဆရာတော်ကြီးသည် နိုင်ငံတော်အစိုးရ၏ အဂ္ဂမဟာပဏ္ဍိတဘွဲ့ တံဆိပ်တော်နှင့် မန္တလေးမြို့ ပရိယတ္တိ သာသနဟိတ သကျသီဟအသင်းကြီး၏ သကျသီဟ မူလဓမ္မာစရိယဘွဲ့ တံဆိပ်တော်များကို ဆက်ကပ်ခြင်းခံရသည်။
ဆရာတော်ကြီးသည် သက်တော် ၆၇-နှစ် ( ၄-၈-၁၉၅၂)တွင် လေငန်းရောဂါဖြင့် ပျံလွန်တော်မူခဲ့သည်။ ရောဂါကြောင့် အင်အားကုန်ခန်းနေသဖြင့် ဆရာဝန်ကြီးများနှင့် ဒကာ ဒကာမများက ညနေစောင်းအခါတွင် လက်ဖက်ရည်၊ ကောဖီ၊ ဆန်ပြုတ် ဘုဉ်းပေးတော်မူရန် လျှောက်ထားသည်ကို လက်မခံ၊ ၀ိနည်းတော် အပျက်မခံဘဲ အသက်စွန့်သွားတော်မူခဲ့သည်။
( စာရေးဆရာ ဒါရိုက်တာကြီး ဦးသုခ-၏ ရဟန်းမစားရသော ဆွမ်းတနပ် (သီလ၀ိသုဒ္ဓိ) ဗွီဒီယိုဇာတ်ကားတွင် ထိုဖြစ်ရပ်ကို တင်ပြခဲ့သည်။ )
Subscribe to:
Post Comments (Atom)
1 comment:
သင်္ဃဂုဏ်တော်အတိုင်းပေါ့ဗျာ။ ကြည်ညိုရပါတယ်။
Post a Comment